နိုင်ငံတကာ ပညာသင်ဆုလမ်းညွှန်

ဒီနေ့ခေတ် လူငယ်ကျောင်းသားတွေ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုက နိုင်ငံတကာပညာသင်ဆုများ လျှောက်ထားရယူချင်တာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ်ပေါ့။ နိုင်ငံတကာပညာသင်ဆုတွေ လျှောက်ထားချင်တယ်၊ နိုင်ငံရပ်ခြားမှာ ကျောင်းတွေတက်ချင်တယ်ဆိုရင် သာမန်အားဖြင့် ကျောင်းသားတွေရဲ့ စိတ်ထဲမှာ အင်္ဂလိပ်စာကောင်းရမယ်၊ စာတော်ရမယ်ဆိုတာမျိုးလောက်ပဲ ရှိတတ်ကြတယ်။ ဒီတော့ အင်္ဂလိပ်စာသင်တန်းတွေ တက်တယ်၊ စာကြိုးစားကြတယ်ပေါ့။ သို့သော် အပြင်ဗဟုသုတတွေမှာ အားနည်းတတ်ကြတယ်။ ဒီနေ့ခေတ်ဟာ ဘယ်ကဏ္ဍမဆို အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် ပညာရေးဆိုရင် နိုင်ငံခြားဘာသာစကား၊ သက်ဆိုင်ရာ ဘာသာရပ်တွေမှာ ကျွမ်းဝင်နှံ့စပ်တာမျိုးလောက်တင်မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပဗဟုသုတရှိဖို့ဆိုတာ လိုအပ်လာတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုနိုင်ငံမျိုးက ကျောင်းသား၊ ကျောင်းသူတွေဟာ နိုင်ငံရေးဆိုတာကို စိတ်မဝင်စားသည့်တိုင် နိုင်ငံရေးဆိုတာနဲ့ ကင်းကွာလို့မရပါဘူး။

မြန်မာဆိုတာနဲ့ ရခိုင်ကိစ္စက ပါလာပြီ။ မည်သည့်မေးခွန်းမျိုးမဆို သင့်တင့်တဲ့ တုံ့ပြန်မှုမျိုး ပြုတတ်ရမယ်။ ပညာသင်ဆုမပြောနဲ့ နိုင်ငံတကာမယ်ရွေးပွဲလို ပြိုင်ပွဲတွေမှာတောင်မှ အထွေထွေဗဟုသုတဆိုတာ အရေးကြီးတယ်။ ကိုယ်က သဘာဝပတ်ဝန်းကျင်ပဲ စိတ်ဝင်စားတယ်၊ စီးပွားရေးပဲ စိတ်ဝင်စားတယ်ဆိုပေမယ့် ဒီနေ့ခေတ်ကာလမှာ အရာအားလုံးသည် နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးတွေနဲ့ ချိတ်ဆက်နေတယ်။ ကမ္ဘာ့ဖြစ်စဉ်၊ မြန်မာ့ဖြစ်စဉ်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံးမှာ ရောနွှယ်ပတ်သက်နေတဲ့ အတွက် ဘာသိဘာသာနေလို့ကိုမရဘူး။ ပညာသင်ဆုဆိုတာ တော်ပြီးသား ကျောင်သားတွေ၊ ကြိုတင်ပြင်ဆင်ပြီးသားကျောင်း သားတွေကို ပေးအပ်ချီးမြှင့်တာဖြစ်တယ်။ ဒါဆို မေးခွန်းက ကိုယ်ရော တော်နိုင်သလား၊ ကိုယ်ရော ကြိုတင်ပြင်ဆင်နိုင်သလားဆိုတာဖြစ်တယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ ရန်ကုန်သားပဲ ဖြစ်ဖြစ်၊ ရန်ကုန်ပြင်ပ နယ်ဒေသကသူတွေပဲဖြစ်ဖြစ် ၁၀ တန်း အောင်တယ်၊ ဘွဲ့ရတယ်ဆိုရင် ဘယ်သူမဆို တော်နိုင်တယ်။ ဘယ်သူမဆို ကြိုတင်ပြင်ဆင် အားထုတ်နိုင်တယ်။ လူအပေါ်မှာပဲ မူတည်တယ်။ စိတ်ပေါ့။ စိတ်သည် အရာအားလုံးကို ဆောင်သည်တဲ့။ လူတစ်ယောက်ကို အမြင့်ကို ဆွဲတင်တာလည်း ဒီစိတ်ပဲ။ အောက်ကိုဆွဲချတာလည်း ဒီစိတ်ပဲ။

တကယ်တော့ နိုင်ငံခြားပညာသင်ဆု လျှောက်ထားတယ်ဆိုတာ ဘ၀မှာ အရေးကြီးတဲ့တိုက်ပွဲတစ်ခုပဲ။ လိုအပ်တဲ့လက်နက်ရိက္ခာ ရှိရမယ်၊ ကြိုတင်ပြင်ဆင်မှု ရှိရမယ်၊ ကြိုးစားအားထုတ်မှု ရှိရမယ်၊ စဉ်းစားတွေးခေါ်မှု ရှိရမယ်၊ မဟာဗျူဟာ အချိန်ကာလကန့်သတ်ချက်ရှိရမယ်။ တိုးသင့်တန် တိုးရမယ်။ ဆုတ်သင့်တန် ဆုတ်ရမယ်။ ပိတ်ဆို့မှုတွေရှိရင် ဖောက်ထွက်နိုင်ရမယ်။ ရချင်၊ လိုချင်၊ ရောက်ချင်တဲ့ ပစ်မှတ်ကို အသွင်အမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်ရယူတတ်ရမယ်။ ပညာသင်ဆု လျှောက်တယ်ဆိုတာ ပညာသင်ဆုရယူဖို့တင် မဟုတ်ဘူး။ ပညာသင်ဆုလျှောက်ထားရရှိလို့ ပြည်ပမှာ ပညာသင်ကြားစဉ်ကာလမှာလည်း ကြိုးစားအားထုတ်မှုကို နှစ်ဆမြှင့်တင်ရမယ်။ ပိုပြီး မဟာဗျူဟာမြောက် တွေးခေါ်နိုင်ရမယ်။ ဆိုချင်တာ ဝန်းကျင်က ပြောင်းသွားပြီ။ ပညာသင်တဲ့နိုင်ငံရဲ့ ဝန်းကျင်ဆိုတာ ကိုယ့်မြန်မာနိုင်ငံထက် အဆပေါင်းများစွာ သာလွန်တတ်တယ်။ ဆိုချင်တာ ရေ၊ မီး၊ အင်တာနက်၊ အများပြည်သူသုံး ဘတ်စ်ကား၊ ရထားစနစ်တွေလို အခြေခံအဆောက်အဦတွေက ပြည့်စုံကောင်းမွန်တယ်။ အဲဒီ ရင်းမြစ်တွေကို ရယူပြီး ကိုယ်သင်ကြား၊ သင်ယူရတဲ့ ဘာသာရပ်ကိုသာမက ကျောင်းပြီးရင် ချိတ်ဆက်လုပ်ကိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို တင်ကြိုစဉ်းစားရမယ်။

ဒီဆောင်းပါးဟာ နိုင်ငံတကာပညာသင်ဆု လျှောက်ထားလိုသူ သာမန်ပညာရေးအခြေအနေရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်တယ်။ ပညာသင်ဆုလျှောက်ရင် ဖြစ်ပါ့မလား၊ ရနိုင်ပါ့မလား စသဖြင့် တွေဝေနေသူများကို ရည်ရွယ်တယ်။ ပညာသင်ဆုလျှောက်ဖို့ ပြင်ဆင်ဆောင်ရွက်တယ်ဆိုတာ အပြင်းလည်းပါတယ်၊ အပျော့လည်းပါတယ်။ အရေးကြီးတာ ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဖို့၊ အထင်မသေးဖို့ ဖြစ်တယ်။ ကိုယ့်ရဲ့ အကြီးမားဆုံးရန်သူက တွေဝေမှုပဲ။ မဝံ့ရဲမှုပဲ။ နောက်ပြန်ဆုတ်မှုပဲ။ ဆောင်းပါးမှာ အင်္ဂလိပ်စာ ဘယ်လို လေ့လာရမယ်၊ အင်တာဗျူး ဘယ်လိုဖြေရမယ်၊ ဘယ်လိုဘာသာရပ်တွေ လေ့လာရမယ်ဆိုတာ ဆွေးနွေးမှာမဟုတ်ဘဲ ပညာသင်ဆို ရှာဖွေလျှောက်ထားစဉ်မှာ ထားသင့်ထားထိုက်၊ ရှိသင့်ရှိထိုက်တဲ့ အခြေအနေအချို့ကို စာရေးသူကိုယ်တွေ့ အတွေ့အကြုံအချို့နဲ့ မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပြင်ဆင်ပြောင်းလဲပါ

တစ်စုံတစ်ခုကို ရချင်ပြီ၊ လိုချင်ပြီ၊ ဖြစ်ချင်ပြီဆိုရင် ပြင်ဆင်ပြောင်းလဲတတ်ရတယ်။ ပြင်ဆင်ပြောင်းလဲတယ်ဆိုတာ ကိုယ်ကိုယ်ကိုယ်သိမြင်တာပေါ့။ ကိုယ့်အားနည်းချက်၊ အားသာချက်တွေကိုသိတာ ဖြစ်တယ်။ ဆိုပါစို့။ နိုင်ငံတကာပညာသင်ဆု လျှောက်ချင်တယ်။ လွယ်သလား။ ခက်သလား။ ခက်တာပေါ့။ အနည်းဆုံး တစ်နှစ်လောက် နိုင်ငံခြားမှာသွားနေပြီး ဟိုက ကိုယ့်အတွက် နေစရိတ်၊ စားစရိတ် အပြည့်အဝအကုန်အကျခံတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်တာပဲ။ ဒီလိုအခွင့်အရေးမျိုးရဖို့ဆိုရင် ကိုယ့်ဘက်က အင်မတန် ကြိုးစားအားထုတ်ဖို့ လိုတယ်။ ပညာသင်ဆုပေးတယ်ဆိုတာ အရည်အချင်းရှိပြီးသားသူတွေကို ပေးတာ ဖြစ်တယ်။ ပညာသင်ဆု လျှောက်ထားဖို့ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေ ပြည့်မီရမယ်။ ဟိုရောက်မှ ကြိုးစားမယ်ဆိုတာမျိုး မရဘူး။ ခပ်တိမ်တိမ်တွေးလို့ မရဘူး။ ဆိုချင်တာ တကယ်ပညာသင်ဆုလိုချင်ပြီဆိုရင် ကာလအတိုင်းအတာတစ်ခုသတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရမယ်။ မနက်စောစောထသင့် ထရမယ်။ ညအိပ်ရာနောက်ကျ ဝင်သင့်ဝင်ရမယ်။ အဲဒီကာလကို အနစ်နာခံပေးဆပ်တဲ့ကာလအဖြစ် သတ်မှတ်ရမယ်။ ၁၀ တန်းအောင်ဖို့ ကြိုးစားခဲ့သလိုမျိုး၊ အတန်းထဲမှာ အဆင့်၊ အမှတ်ကောင်းဖို့ ကြိုးစားခဲ့သလိုမျိုး ပြင်းပြင်းထန်ထန် အားထုတ်ကြိုးပမ်းမှုပြုရမယ်။ အားဖြစ်တဲ့စာတွေ ဖတ်ရမယ်၊ အားဖြစ်တဲ့ အစားအစာတွေ စားရမယ်၊ အားဖြစ်တဲ့ အတွေးတွေ တွေးတောတတ်ရမယ်။ စိတ်ရှုပ်ထွေးလာရင် တရားထိုင်၊ စိတ်ပင်ပန်းလာရင် ကိုယ်နှစ်သက်တဲ့ အပန်းဖြေမှုတွေနဲ့ အပန်းဖြေစိတ်လျှော့တတ်ရမယ်။ ကိုယ်လိုချင်တာ နိုင်ငံတကာပညာသင်ဆုနော်။ တစ်ကမ္ဘာလုံးက ကျောင်းသားတွေနဲ့ အပြိုင်လျှောက်ရမှာ ဖြစ်တယ်။ သူတို့ထက် သာလွန်ကြောင်းပြသနိုင်ဖို့ အင်္ဂလိပ်စာတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အထွေထွေဗဟုသုတ၊ အထွေထွေစီမံခန့်ခွဲမှု အားလုံး လိုတယ်။

စာရေးသူဆို ငယ်စဉ်ပညာသင်စဉ်ကာလမှာ စာဖတ်ပြီးရင်၊ စာမှတ်ပြီးရင် ခေါင်းထဲ မစွဲဘူး။ ဒီတော့ နှစ်ကြိမ်၊ သုံးကြိမ် ပြန်ဖတ်ရတယ်။ ဆိုချင်တာ သူများက တစ်ခေါက်၊ နှစ်ခေါက်ဖတ်ပြီး ပြေးလွှားဆော့ကစားနေချိန်မှာ ကိုယ်က လေး၊ ငါးခေါက် ဖတ်ရတယ်၊ မှတ်ရမယ်။ ဒီတော့ သူများထက် နှစ်ဆ၊ သုံးဆ ကြိုးစားအားထုတ်ခဲ့ရတယ်။ အချိန်ဆိုတာ ၂၄ နာရီပဲ ရှိတယ်။ လိုချင်လည်း ချဲ့ယူလို့မရဘူး။ ဒီတော့ မနက်ဆို ၅ နာရီလောက်ထ စာကြည့်ရတယ်။ ညဆို ၁၁ နာရီ၊ ၁၂ နာရီ လောက်အထိ စာကြည့်ရတယ်။ ဒီလို ကြည့်နိုင်ပါမှ သူများနဲ့ တန်းတူလောက် ဖြစ်မှာလေ။ ဆိုချင်တာ ကိုယ့်ရဲ့လူနေမှု ပုံစံကိုပြောင်းလိုက်ရတယ်။ အောင်မြင်ချင်တာကိုး။ ဒီလိုငယ်စဉ်ကကည်းက ကြိုးစားအားထုတ်မှု၊ ပြင်ဆင်ပြောင်းလဲမှုတွေက ဘ၀တစ်လျှောက် အလေ့အကျင့်ဖြစ်သွားပြီး အဲဒီလို အလေ့အကျင့်တွေနဲ့ အတိတ်ဘ၀ကံအကြောင်းတွေ တိုက်ဆိုင်ပေါင်းစပ်လိုက်တော့ ဘ၀မှာ အပြည့်အဝနိုင်ငံတကာပညာသင်ဆု သုံးကြိမ်မက ရရှိခဲ့တယ်။

ရလဒ် ထွက်ပါစေ

မြန်မာလူငယ်တွေမှာ အားနည်းချက်တစ်ခုက အလုပ်တော့လုပ်တယ်။ သို့သော် ရလဒ်ကောင်းမထွက်တာပဲ။ ဒီမှာဆိုချင်တဲ့ ရလဒ်ကောင်းဆိုတာ ဘ၀မြင့်မားစေဖို့ အထောက်အကူပြုရတယ်။ အလုပ်ဆိုတာ ဝင်ငွေရမှမဟုတ်ဘူး။ ဆိုပါစို့။ ကျောင်းသားပေါ့။ ကျောင်းသားရဲ့ အလုပ်က ဘာလဲ။ ကျောင်းတက်ဖို့၊ စာကြိုးစားဖို့ပေါ့။ သူ့ရဲ့ပန်းတိုင်က ဘွဲ့တစ်ခုခုရဖို့ပေါ့။ ဘွဲ့ရမှ လူရာဝင်တတ်တယ်။ အလုပ်အကိုင်မှာ ဘွဲ့ရခြင်း၊ မရခြင်းနဲ့ တိုင်းတာတယ်။ အလုပ်အကိုင်တင် မဟုတ်ဘူး။ ရှေ့ဆက် နိုင်ငံခြားမှာ ပညာသင်ချင်တယ်ဆိုလည်း ဘွဲ့တစ်ခုတော့ရထားမှ ရှေ့ဆက်လို့ရတယ်။ ကျောင်းသားတစ်ယောက် တက္ကသိုလ်တက်တယ်။ ဘွဲ့ရတယ်ဆိုတာ သာမန်ရလဒ်ပဲ။ မြန်မာနိုင်ငံက သာမန်ဘွဲ့လောက်နဲ့ အလုပ်အကိုင်ကောင်းရဖို့ဆိုတာ ခက်ခဲမှာပေါ့။ ခုခေတ်က တစ်ဘွဲ့မဟုတ်ဘူး။ နှစ်ဘွဲ့လောက် ရှိပါမှ။ ဘာသာစကားတစ်ခု မဟုတ်ဘူး။ ဘာသာစကားနှစ်ခု ရှိပါမှ။ အလုပ်အကိုင် တစ်နေရာတည်း မဟုတ်ဘူး။ နှစ်နေရာ၊ သုံးနေရာ လုပ်ဖူးပါမှ။ ဆိုချင်တာ ခုခေတ်က ယှဉ်ပြိုင်မှု ပြင်းထန်တယ်။ အလုပ်လုပ်ရင် ရလဒ်ကောင်းကောင်းထွက်ဖို့လိုတယ်။ အချို့ သင်တန်းတွေ တက်တယ်။ သင်တန်းဆိုတာ တက်တိုင်း တိုးတက်တာမဟုတ်ဘူး။ သင်တန်းဆိုတာ ပညာရေးမှာ လှေကားထစ် တစ်ထစ်ပဲ။ အဲဒီသင်တန်းက ဘယ်လောက် ရသလဲ၊ ဘယ်လို ချိတ်ဆက်အသုံး ပြုနိုင်သလဲ၊ ရလဒ်ပေါ့။ ရလဒ်တစ်ခုခုတော့ ရ, ရမယ်။ ရလဒ်စုစုပေါင်းရဲ့ ထွက်ကုန်ဟာ အောင်မြင်မှုပဲ။ အဲဒီလိုမဟုတ်ဘဲ သင်တန်းတွေတက်ပြီး တဝဲလည်လည်ဖြစ်၊ အင်္ဂလိပ်စာလည်း မတိုးတက်၊ ဗဟုသုတလည်း မတိုးပွား၊ ဖေ့စ်ဘုတ်လောက်ပွတ်ပြီး အတင်းပြောတဲ့ အဆင့်လောက်ဆို မနိပ်ဘူးပေါ့။ စာရေးသူဆို ရလဒ်အမြဲကြည့်တယ်။ ရလဒ်မထွက်ဘူးဆိုရင်လုပ်နေတဲ့အလုပ်ကို ပြန်ဆန်းစစ်တယ်။ အခုစာရေးတယ်ဆိုတာ ဖေ့စ်ဘုတ်ပေါ်မှာ အပျော်တင်နေတာမဟုတ်ဘူး။ သတင်းစာ၊ ဂျာနယ်တွေမှာ ရေးနေတာဖြစ်တယ်။ ကိုယ့်စာ၊ ကိုယ့်ဆောင်းပါး သတင်းစာ၊ ဂျာနယ်ထဲပါတယ်ဆိုတာ ရလဒ်ပဲ။ အဲဒီဆောင်းပါးတွေ စုလိုက်ရင် တစ်နှစ်ဆို ဆောင်းပါးများစုစည်းမှု စာအုပ်တစ်အုပ် ထွက်တယ်။ အဲဒါ ရလဒ်ပဲ။ ထင်သာမြင်သာရှိတဲ့ ရလဒ်ပဲ။ ပညာသင်ဆုလည်း ဒီလိုပဲ။ အချို့ဆို လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကလည်း ပညာသင်ဆု လျှောက်ဖို့ ကြိုးစားနေတယ်။ အခုလည်း ကြိုးစားနေတုန်းပဲ။ နောင်သုံးလေးနှစ်လည်း ဒီလိုပဲကြိုးစားနေဦးမယ့် သဘောရှိတယ်။ သူတို့ကို သေချာလေ့လာကြည့်။ ခပ်ပေါ့ပေါ့ပဲ ကြိုးစားအားထုတ်တယ်။ အဆင်မပြေရင် အကြာင်းတစ်ခုခုပြတယ်။ ဆိုချင်တာ ရလဒ်မထွက်ဘူး။ သူတို့ တစ်ခုခု မှားနေတယ်။ နောက်ဆုံး အသက်က ၃၅၊ ၄၀ကျော်သွားတယ်။ ဆရာရယ် … အများကြီး ကြိုးစားခဲ့ပါတယ်။ မရခဲ့ပါဆိုတဲ့သူတွေ တွေ့ဖူးတယ်။ ဒီမယ်ဗျာ။ ကြိုးစားရင် လောကမှာ မရဘူးဆိုတာမရှိဘူး။ ရကို ရရမယ်။ စိတ်ကျန်းမာရေးကောင်းတယ်၊ လူကျန်းမာရေးကောင်းတယ်၊ လုပ်သက်အတွေ့အကြုံ ရှိတယ်၊ လေ့လာရှာဖွေမှု ကောင်းတယ်၊ ငယ်တုံးမှာ စနစ်တကျ ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင် ဘ၀မှာ နိုင်ငံတကာပညာသင်ဆုရရှိခြင်းဆိုတာ ဖြစ်ကိုဖြစ်တယ်ဗျာ။

ကိုယ်လုပ်မှာကို နားလည်ပါ

အချို့က နိုင်ငံခြားပညာသင်ဆုတော့ လျှောက်ချင်တယ်။ ဘယ်ကစရမှန်း မသိဘူး။ ဘယ်လိုလေ့လာရမှန်းမသိဘူး။ ဘယ်ဘာသာရပ်ကို ယူရမလဲကအစ တိုင်ပင်တယ်။ အခြေခံက ကိုယ်ကိုယ်တိုင် လေ့လာဖို့က အဓိကပဲ။ သင်တန်းတို့၊ တွေ့ဆုံမေးမြန်းမှုတို့ဆိုတာ တစ်ခဏပဲ။ ကိုယ်ကိုယ်တိုင်က ကြိုးစားအားထုတ်ရှာဖွေဖို့ လိုတယ်။ သတင်းရင်းမြစ်တွေဆီ လိုက်ဖို့လိုတယ်။ စာဖတ်ဖို့တော့လိုတာပေါ့။ အပင်ပန်းတော့ ခံရမယ်။ အချို့က ကျောင်းပြီးတာတော့ ဘာသာရပ်တစ်ခုပေါ့။ မဟာတန်း တက်ချင်ရင်၊ မဟာတန်းပညာသင်ဆု လျှောက်ချင်ရင် အခြားဘာသာရပ်တစ်ခု ပြောင်းလို့ရ၊ မရပေါ့။ စာရေးသူ မြန်မာနိုင်ငံက မူလရတဲ့ဘွဲ့က အဝေးသင်ဘွဲ့ပါ။ ကိုရီးယားနိုင်ငံမှာ မဟာဘွဲ့ယူတော့ နိုင်ငံတကာဆက်ဆံရေးနဲ့ ရခဲ့တာပါ။ ကိုယ်နောက်ထပ်ယူမယ့် ဘာသာရပ်နဲ့အကျွမ်းတဝင်ရှိဖို့က အဓိကဖြစ်ပါတယ်။ ဒါကြောင့် မဟာဘွဲ့ပညာသင်ဆုပေးတယ်ဆိုတာ လုပ်ငန်းခွင်ထဲက လုပ်သက်ရှိပြီးသားသူတွေကို ပေးတာများပါတယ်။ လုပ်ငန်းခွင် အတွေ့အကြုံနဲ့ မဟာဘွဲ့သင်ခန်းစာတွေ ဆက်စပ်တာပေါ့။ ဒါကြောင့် ပညာသင်ဆုလျှောက်မယ်ဆိုရင် လုပ်သက်ရှိထားတာ ကောင်းပါတယ်။ ကောင်းတာ မဟုတ်ဘူး။ မဟာဘွဲ့ပညာသင်ဆုအများစုက လုပ်သက် လိုအပ်တာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းမှာ ကျောင်းတက်စဉ်ကာလမှာ အင်္ဂလိပ်စာကောင်းအောင် လေ့လာအားထုတ်ပါ။ ကျောင်းပြီးရင် NGO လို အဖွဲ့အစည်းတစ်ခုခုမှာ၊ သတင်းမီဒီယာလို အဖွဲ့အစည်းတစ်ခုခုမှာ၊ Research အဖွဲ့အစည်းတစ်ခုခုမှာ အလုပ်လုပ်ပါ။ အနည်းဆုံး ၂ နှစ် လောက် လုပ်ပါ။ အင်္ဂလိပ်စာ၊ လုပ်သက်၊ အထွေထွေဗဟုသုတ အထိုက်အလျောက် ပြည့်စုံလာပြီဆိုမှ နိုင်ငံတကာပညာသင်ဆု လျှောက်ထားရင် အခွင့်အလမ်းသာတာပေါ့။

စာရေးသူ ကိုရီးယားမှာ ကျောင်းတက်ဖို့ ရန်ကုန်မြို့က ကိုရီးယားသံရုံးမှာ တယ်လီဖုန်းအင်တာဗျူးတော့ ဟိုဘက်က ပါမောက္ခမေးတဲ့ မေးခွန်းတွေအပြင် သူတို့ကိုရီးယားတွေ စိတ်ဝင်စားမယ့် နိုင်ငံတကာအထွေထွေဗဟုသုတအချို့ (တောင်- မြောက်ကိုရီးယား ဆက်ဆံရေး၊ တရုတ်၊ ဂျပန်၊ အမေရိကန် ဆက်ဆံရေး) ကို ထည့်သွင်းဖြေဆိုတဲ့အခါ တစ်ဖက်က ကိုရီးယားပါမောက္ခက မကြာခဏ Excellence ဆိုပြီး တုံ့ပြန်တာ သတိပြုမိတယ်။ အဲဒီကတည်းက ကိုယ်ပါနိုင်တယ်ဆိုတာကို တွက်ဆမိတယ်။ အင်တာဗျူးအပေါ်အခြေခံတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ (အာရှ၊ အာဖရိက၊ တောင်အမေရိက) ပညာသင်ဆုရသူစာရင်းထုတ်ပြန်တော့ ပညာသင်ဆုရသူ အယောက် ၃၀ ကျော်မှာ စာရေးသူက အဆင့် ၂ ရပါတယ်။ အဲဒီတုန်းက ဆိုးလ်မြို့တော်ကိုရောက်လာတဲ့ ဘဏ္ဍာအခွန် ဒုတိယဝန်ကြီး (ယခု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကို တစ်ကမ္ဘာလုံးမှာ အဆင့် ၂ ရကြောင်းတင်ပြခဲ့တာ အမှတ်ရနေမိပါသေးတယ်။

စိတ်အေးစေခြင်း

မိဘဆိုတာ သားသမီးတွေကို အင်မတန်ဖြစ်စေချင်တယ်။ သူတို့သားသမီးတွေ လမ်းကြောင်းမှားမှာ စိုးရိမ်တယ်။ ခုခေတ်သတင်းတွေက အမျိုးမျိုး ဖြစ်နေတာဆိုတော့ ပိုဆိုးတာပေါ့။ မိဘတွေကို ပြန်ပြီးကျေးဇူးပြုချင်တယ်ဆိုရင် နိုင်ငံခြားပညာသင်ဆုတစ်ဆုရအောင် လျှောက်ထားကြည့်ပါ။ နိုင်ငံခြားပညာသင်ဆုရပါမှ မိဘကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ ပညာသင်ဆုရရှိဖို့ ကြိုးစားအားထုတ်စဉ်ကာလဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။ အဲဒီလိုကြိုးစားအားထုတ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှု၊ ပြောင်းလဲပြင်ဆင်မှုကို ဖော်ပြတာဖြစ်တယ်။ လူငယ်တစ်ယောက်ရဲ့ ခွန်အားတွေကို အမှန်အကန်အသုံးပြုတာဖြစ်တယ်။ ကိုယ်က ခပ်ညံ့ညံ့ဆိုရင်လည်း (ဘွဲ့တော့ရတယ်နော်) နိုင်ငံခြားပညာသင်ဆု လျှောက်မယ်လို့ဆိုရင် အများက အထင်မကြီးဘဲ လှောင်ပြုံး ပြုံးတာ ခံချင်ခံရမယ်။ မိသားစုထဲမှာ အဲဒီလိုခံရရင် ခံရခက်တယ်နော်။ မိသားစုဝင်တွေကို သူတို့ထင်မြင်ချက် မှားတယ်ဆိုတာပြသဖို့ အကောင်းဆုံး ကြိုးစားအားထုတ်တတ်ဖို့ပဲ လိုတယ်။ ကိုယ်တကယ် ပြင်ဆင်ပြောင်းလဲကြိုးစားတယ်ဆိုတာ သိမြင်လာရင် မိဘတွေဝမ်းသာလာပါလိမ့်မယ်။ စိတ်အေးချမ်းသာ ဖြစ်လာလိမ့်မယ်။ အဲဒါ ကိုယ်က မိဘကျေးဇူးဆပ်ခြင်းတစ်မျိုးပဲ။ စာရေးသူ အဖေမဆုံးခင် အဖေဟာ သူ့သား ကိုရီးယားနိုင်ငံမှာ မဟာဘွဲ့ပညာသင်ဆုရသွားတယ်ဆိုတာ သိသွားခဲ့တယ်။ သူအများကြီး ဂုဏ်ယူဝမ်းမြောက်တယ် ဆိုတာ သူ့မျက်နှာမှာ အထင်းသား ပေါ်လွင်နေခဲ့တယ်။ ကိုရီးယားမှာ ကျောင်းတက်နေတုန်း အဖေဆုံးပါတယ်။ နောက် ကိုရီးယားကနေ ကျောင်းပြီးလို့ မြန်မာနိုင်ငံပြန်ရောက်၊ သိပ်မကြာဘူး။ နောက်တစ်ခါ ပညာသင်ဆုရလို့ နောက်ထပ်မဟာဘွဲ့ယူဖို့ အမေရိကန်ပြည်ထောင်စုကို သွားရတယ်။ အဲဒီတုန်းက အဖေ့ကို သတိရလိုက်တာလေ။ သူ့သား အမေရိကန်နိုင်ငံမှာ ကျောင်းတက်ခွင့်ရတယ်ဆိုတာ သိခဲ့ရင်လေ …။

 

အောင်အောင် (IR)
(ရှေ့တစ်ပတ်ဆက်ရန်)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *