အမှတ်အသားသရုပ် (၅) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

(၂)

စိတ်ဝိညာဉ်၏ တတိယအစိတ်အပိုင်း

The third part of the soul

နိုင်ငံရေးသီအိုရီများမှာ လူ့အပြုအမူဆိုင်ရာ သီအိုရီများ၏ ထိပ်ပေါ်တွင် ထုံးစံအတိုင်း တည်ဆောက်ထားကြခြင်းဖြစ်သည်။ အဆိုပါ သီအိုရီများအနေနှင့် လူသားထုအပြုအမူများ၏ ပုံစံတကျဖြစ်မှုကို ကျွန်တော်တို့ဝန်းကျင်ရှိ ကမ္ဘာကြီးမှပေးလိုက်သော လက်တွေ့မျက်မြင် သတင်းအချက်အလက်များမှ ဆွဲထုတ်ကြည့်လေ့ရှိကြသည်။ ရည်ရွယ် ချက်မှာ အဆိုပါအပြုအမူများနှင့် မိမိတို့ကို ဝိုင်းရံနေသော ပတ်ဝန်းကျင်ကြား ကျိုးကြောင်းဆက်စပ်သော အဆက်အသွယ်များ ဆွဲထုတ်ယူနိုင်လေမည်လားဆိုသော မျှော်လင့်ချက်နှင့်ဖြစ်သည်။

သီအိုရီသဘောဆောင်သော ကောက်ချက်အဖြစ် ချမှတ်နိုင်စွမ်းမှာ လူသားမျိုးစိတ်၏ တစ်စစပြောင်းလဲတိုးတက်လာသော အောင်မြင်မှုနယ်ပယ်တွင် အရေးကြီးသောအချက်အလက်တစ်ခုဖြစ်ပေသည်။ သို့နှင့်တိုင် လက်တွေ့ကျသော လူတော်တော်များများမှာ သီအိုရီများနှင့် သီအိုရီသဘောဆောင်သော ကောက်ချက်များကို အထင်သေးတတ်ကြသည်။ သို့တစေ သူတို့ကိုယ်တိုင်သည်ကား သူတို့ကိုယ်တိုင် သိမှတ်လက်ခံခြင်းမရှိသော ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြောဆိုနိုင်သည့် သီအိုရီများအပေါ်တွင်သာ တစ်ချိန်လုံးအရေးယူဆောင်ရွက်လျက်ရှိနေကြသည်။

ခေတ်သစ်ဘောဂဗေဒပညာမှာ ဤသို့သော သီအိုရီတစ်ခုအပေါ် အခြေခံထားခြင်းဖြစ်သည်။ ‘လူသားထုသည် ဆင်ခြင်တုံတရားကို အခြေခံသော အသုံးဝင်မှုကို အမြင့်ဆုံးရရှိအောင် ဆောင်ရွက်သူဖြစ်သည်’ ဟု အဆိုပါသီအိုရီက ဖွင့်ဆိုကြသည်။ ‘သူတို့တစ်တွေသည် သူတို့၏ ခန့်ညားလောက်သော သိမြင်နိုင်စွမ်းကိုအသုံးချကာ သူတို့၏ ကိုယ်ကျိုးစီးပွားကို အကျိုးရှိစေသော ပုဂ္ဂလိကလူသားများဖြစ်ကြသည်’ ဟူ၍ လည်း ဆိုခဲ့ပါသီအိုရီက ရှင်းပြသည်။ ဤသီအိုတွင် စွဲခိုင်နေသော အကောက်အယူပေါင်း မြောက်မြားစွာရှိပါသည်။

ထိုအထဲမှ တစ်ခုမှာ ‘မိသားစုတစ်စု၊ မျိုးတူစု တစ်ခု၊ တိုင်းပြည်တစ်ပြည် သို့မဟုတ် အခြားလူမှုအုပ်စုတစ်ခုခုတို့နှင့် တစ်ဘာသာစီ၊ တခြားစီဖြစ်သော တစ်ဦးချင်းသဘောဆောင်သည့် ပုဂ္ဂလိကလူသား’ ဆိုသော အယူအဆကို ဟောသည်။ ဤအဓိပ္ပာယ်အရဆိုလျှင် လူတွေ တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းဆောင်ရွက်ကြသည်မှာ သူတို့တစ်ဦးချင်းဆောင်ရွက်ကြသည်ထက် ပူးပေါင်းဆောင်ရွက်မှုက သူတို့၏ပုဂ္ဂလိကအကျိုး စီးပွားကို ပို၍အကျိုးပြုနိုင်သည်ဟု တွက်ချက်ကြသောကြောင့် ဖြစ်ပါသည်။

ဒုတိယအကောက်အယူမှာ အသုံးဝင်မှု၏ သဘောသဘာဝနှင့် ဆိုင်သည်။ မော်တော်ကားတစ်စီးအတွက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အားရကျေနပ်မှုအတွက်ဖြစ်စေ၊ နှစ်လိုဖွယ်အားလပ်ရက်အတွက်ဖြစ်စေ ပုဂ္ဂလိကလူသားတစ်ဦး၏ ဦးစားပေးမှုကို ဘောဂဗေဒပညာရှင်များက ‘လူသားတစ်ဦး၏ အသုံးဝင်မှုလုပ်ဆောင်ချက်’ ဟု ခေါ်ပါသည်။ ဤ နေရာတွင် ဘောဂဗေဒပညာရှင် တော်တော်များများ တူညီစွာ ပြောဆိုလေ့ရှိကြသည်မှာ ‘လူသားထုရွေးချယ်လိုက်ကြသော အဆုံးစွန်ဦးစားပေးမှု သို့မဟုတ် အသုံးဝင်မှုမှာ ထိုသို့ရွေးချယ်လိုက်သော ပုဂ္ဂလိကလူသားအပေါ်တွင်သာ မူတည်သည်။ အခြားဘာမှမဟုတ်’ ဟူ၍ဖြစ်သည်။ အဆိုပါ ဦးစားပေးမှုကို ဆင်ခြင်တုံတရားရှိရှိနှင့် ရရှိအောင် မည်သို့ ဆောင်ရွက်ရမည်ဆိုသော နည်းလမ်းကိုသာ ဘောဂဗေဒပညာက ပြောပါသည်။

သို့ဖြင့် ‘အကာအရံ ရန်ပုံငွေ’ (Hedge Fund) မန်နေဂျာ တစ်ယောက်အနေနှင့် နောက်ထပ် ဒေါ်လာဘီလီယံနှင့်ချီ၍ရှာဖွေရန်၊ စစ်သားတစ်ယောက်အနေနှင့် သူ့အပေါင်းအသင်းများ၏ အသက်ကို ကာကွယ်ရန် လက်ပစ်ဗုံးပေါ်သို့ မှောက်လှဲချလိုက်ခြင်း … စသည်တို့မှာ သူတို့၏မတူသော ဦးစားပေးမှုများအတွက် အမြင့်ဆုံး စွန့်လွှတ်စွန့်စားလိုက်ခြင်းပင်ဖြစ်ပါသည်။ ကံမကောင်း အကြောင်းမလှစွာပင် အသေခံဗုံးခွဲရေးသမားများမှာလည်း ၂၁ ရာစု နိုင်ငံရေးမြင်ကွင်း၏ အစိတ်အပိုင်း တစ်ရပ်လိုဖြစ်လာနေပါသည်။ သူတို့တစ်တွေ အသေခံခဲ့ကြသည်မှာလည်း နောင်တစ်ချိန် ကောင်းကင်ဘုံတွင် တွေ့ဆုံကြရမည့် နတ်မိမယ်လေးများအတွက် အမြင့်ဆုံးစွန့်စားလိုက်ခြင်းဟု ယူဆရန် ရှိနေပါသည်။

ပြဿနာမှာ စီးပွားရေးသီအိုရီတွင် ရှေ့ပြေးနိမိတ်ပြတန်ဖိုးမရှိသလောက် နည်းပါးခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ဦးစားပေးမှုကို ဝင်ငွေ သို့မဟုတ် ဓနလို ရုပ်ပိုင်းကိုယ်ကျိုးစီးပွားနှင့် ကန့်သတ်မထားလျှင် ဤအတိုင်းဖြစ်တတ်ပါသည်။ အကယ်၍ အသုံးဝင်မှုအယူဆကို ကိုယ်ကျိုး ကြည့်လွန်းသော သို့မဟုတ် ကိုယ်ကျိုးမငဲ့သော အပြုအမူများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလိုက်လျှင် ဆိုခဲ့ပါ သီအိုရီများမှာ ရှေ့ပြေးနိမိတ်ပြတန်ဖိုးရှိပါသည်ဟု မလိုအပ်ဘဲ စကားဖွာလို့မရတော့ပါ။ လူသည် သူတို့စိတ်ဝင်စားသောအရာကိုသာ လိုက်လံရှာဖွေကြသည့် သဘောသာဖြစ်ပါသည်။ အချို့လူများက ငွေကြေးနှင့် လုံခြုံရေးနောက် လိုက်ကြသည်။ အချို့ကမူ အရေးတော်တစ်ခုခုအတွက် အသက်စွန့်ဖို့ ရွေးချယ်ကြသည်။ အခြားလူများကိုကူညီရန် အချိန်နှင့် ငွေကြေးကို စွန့်လွှတ်ကြသည်။ မာသာထရီဇာနှင့် ဝေါလမ်းမမှ အကာအရံရန်ဘုံငွေ မန်နေဂျာတစ်ယောက်တို့ သူတို့၏အသုံးဝင်မှုကို အမြင့်ဆုံးအသုံးချကြရာတွင် အရေးအကြီးဆုံးအချက်မှာ သူတို့စိတ်ပါဝင်စားမှု၏ အရင်းခံအကြောင်းဖြစ်ပါလိမ့်မည်။

တကယ့်လက်တွေ့တွင် ဘောဂဗေဒပညာရှင်အများစုမှာ ‘အသုံးဝင်မှုသည် အခြားသောစိတ်ဓာတ်လှုံ့ဆော်မှုများထက် သာလွန်သော ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံသည်’ ဟု ယူဆကြသည်။ ဤအမြင်သည်ပင် ယနေ့ခေတ်ပြိုင် လွတ်လပ်သော ဈေးကွက်ဘောဂဗေဒပညာရှင်များနှင့် စံတော်ဝင်မာက္ခ်ဝါဒီများ မျှဝေလက်ခံထားကြသော အမြင်ပင်ဖြစ်သည်။ မာက္ခ်ဝါဒီများက ‘လူ့သမိုင်းကို လူမှုလူတန်းစားများ၏ စီးပွားရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားရှာဖွေမှုများဖြင့် ပုံဖော်ထားသည်’ ဟု ခံယူကြသည်။ သည်လိုနှင့် ဘောဂဗေဒပညာမှာ ယနေ့ခေတ်၏ အလွှမ်းမိုးဆုံးနှင့် ဂုဏ်သတင်းအကြီးဆုံး လူမှုသိပ္ပံဘာသာရပ်ကြီး ဖြစ်လာရတော့သည်။ အကြောင်းမူ လူတို့သည် သူတို့၏ အချိန်အများစုကို ဘောဂဗေဒပညာရှင်များ ခင်းပေးသည့်လမ်းကြောင်းအတိုင်း ပြုမူဆောင်ရွက်နေသောကြောင့် ဖြစ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာမက်လုံးမှာ အရေးကြီးလှပါသည်။ ကွန်မြူနစ် တရုတ်ပြည်တွင် စုပေါင်းလယ်ယာများ၏ စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ် သတ္တိမှာ နိမ့်ပါးနေခဲ့ဖူးသည်။ ဤသို့ဖြစ်ရသည်မှာ လယ်သမားများကို သူတို့ထုတ်လုပ်လိုက်သော မည်သည့်အပိုအလျှံကိုမှ ထိန်းသိမ်းခွင့်ပေးမထားသောကြောင့်ဖြစ်ပါသည်။ သို့ဖြင့် လယ်သမားတွေမှာ အလုပ်ကြိုးစားဖို့ထက် ခိုဖို့ကပ်ဖို့ကိုသာ စိတ်ဝင်စားကြတော့သည်။ ယခင် ကွန်မြူနစ်ကမ္ဘာတွင် ဆိုရိုးစကားတစ်ခွန်းပင် ရှိခဲ့ဖူးသည်။ “သူတို့က ကျုပ်တို့ကို လုပ်ခပေးချင်ယောင်ဆောင်တယ်။ ကျုပ်တို့ကလည်း အလုပ်လုပ်ချင်ယောင်ဆောင်ကြတော့တာပေါ့” ဟူသတတ်။

သည်လိုနှင့် ၁၉၇၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းသို့ရောက်သောအခါ မက်လုံးများကို ပြောင်းလဲလိုက်ပြီး လယ်သမားများကို သူတို့၏ အပိုအလျှံများ ထိန်းသိမ်းခွင့်ပေးလိုက်သည်။ လေးနှစ်အတွင်း မြေယာဆိုင်ရာကုန်ထွက်မှာ နှစ်ဆတိုးသွားသည်။ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်း၏ အကြောင်းရင်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုဘဏ်သမားများကို ရေတိုအမြတ်အတွက် ဆုပေးခဲ့သော်လည်း သူတို့၏အန္တရာယ်များသော ရင်းနှီးမြှုပ်နှံမှုကြောင့် နှစ်အနည်းငယ်အတွင်း ပေါက်ကွဲသွားသည့်အတွက်မူ ဒဏ်မပေးခဲ့သောကြောင့်ဖြစ်သည်။ ဤသို့ အားနည်းချက်များကို ပြင်ဆင်နိုင်မှသာ မက်လုံးကိုပြုပြင်ပြောင်းလဲနိုင်ပါလိမ့်မည်။

စံတော်ဝင်ဘောဂဗေဒပုံစံများအနေနှင့် လူသားထု၏ အပြုအမူများကို ကောင်းကောင်းရှင်းပြနိုင်ခဲ့ကြပါသည်။ သို့တိုင် သူတို့၏ရှင်းလင်း ချက်များတွင် အားနည်းချက်များလည်း အမှန်ပင်ရှိခဲ့ပါသည်။ ပြီးခဲ့သော ဆယ်စုနှစ်ခုအတွင်း ‘ဒင်နီယာယ် ခါနီမန်’ လို ‘အမို့ထဗာစကီး’ လို အပြုအမူဘောဂဗေဒသမားများနှင့် စိတ်ပညာရှင်များက ဆိုခဲ့ပါပုံစံများအခြေခံထားသော အကောက်အယူများကို ဝေဖန်ထောက်ပြခဲ့ကြသည်။ လက်တွေ့တွင် လူတွေမှာ ဆင်ခြင်တုံတရားနှင့်အညီ ပြုမူကြသည်မဟုတ်။ အကောင်းဆုံး အသင့်ဆုံး မဟာဗျူဟာထက် အလေးအနက်စဉ်းစားဆင်ခြင်မှုမလုပ်ဘဲ မိမိပတ်ဝန်းကျင်မှလူများ ပြုမူဆောင်ရွက်သည့်အတိုင်း ပုံတူကူးချကြသည်ကများသည်ဟုဆိုပါသည်။

အပြုအမူဆိုင်ရာ ဘောဂဗေဒအနေနှင့် တည်ဆဲဆင်ခြင်တုံတရား အခြေခံရွေးချယ်မှုပါရာဒိုင်း၏ အားနည်းချက်များကို ထောက်ပြဝေဖန်နေသည့်တိုင် ၎င်းအနေနှင့် လူအပြုအမူဆိုင်ရာ ရှင်းလင်းသော အော်လထာနေးတစ်မိုဒယ်တစ်ခုကို ထုတ်ပြနိုင်စွမ်းတော့ မရှိသေးပါချေ။ အထူးသဖြင့် လူတို့၏ ငုတ်နေသော ဦးစားပေးမှုများ၏ သဘာဝနှင့်ပတ်သက်လျှင် များများစားစား ပြောစရာမရှိသေးပါ။ စီးပွားရေးသီအိုရီကမူ လက်ပစ်ဗုံးပေါ် မှောက်ချသော စစ်သားတစ်ယောက်အကြောင်းကို သော်လည်းကောင်း အသေခံဗုံးခွဲရေးသမားတစ်ယောက်အကြောင်း ကိုသော်လည်းကောင်း သို့တည်းမဟုတ် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျိုးစီးပွားထက် ကျော်လွန်သော ကိစ္စတစ်ခုခုအတွက်သော်လည်းကောင်း ကျေနပ်လောက်အောင် ရှင်းပြနိုင်စွမ်းမရှိသေးဟု ဆိုရမည်သာဖြစ်ပါသည်။

ကျွန်တော်တို့အနေနှင့် ဘဏ်တစ်ခုမှ ရိက္ခာနှင့် ငွေကြေးကို လိုချင်သလို နာကျင်ရသော အန္တရာယ်များသော တန်ဖိုးကြီးသော အရာတစ်ခုခုကို လိုလားသည်ဟု ပြောဖို့အတော်ခက်ပါသည်။ သို့ဖြင့် ကျွန်တော်တို့မှာ လူ့အပြုအမူ၏ အခြားသောဘက်များကို ကြည့်ဖို့လိုလာသည်။ ယနေ့ကာလတွင် အထူးလွှမ်းမိုးနေသော စီးပွားရေးသဘောကို ကျော်ကြည့်ဖို့လိုလာပါသည်။ ဤသို့သော ပိုမိုကျယ်ပြန့်သည့် နားလည်ချက်တစ်ခုမှာ အမြဲပင်ရှိနေသည်။ ပြဿနာမှာ တစ်ခါက ကျွန်တော်တို့သိပြီးသားအကြောင်းအရာကို ကျွန်တော်တို့ကိုယ်တိုင်က မေ့လျော့နေခြင်းပင်ဖြစ်ပါသည်။

လူ့အပြုအမူ၏ သီအိုရီများမှာ လူ့သဘာဝသီအိုရီများအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ လောကလုံးဆိုင်ရာ မျှဝေလက်ခံထားသော လူသားထု၏ ဇီဝဗေဒဖြစ်စဉ်မှ ပေါ်ထွက်လာသည့် ပုံစံကျအနေအထားလည်းဖြစ်ပါသည်။ ဤသည်တို့မှာ လူသားထုနေထိုင်ကြသော မတူသည့်အသိုင်းအဝိုင်းများရှိ နှုန်းစံများ၊ ဓလေ့ထုံးစံများတွင် အမြစ်တွယ်နေသည့်အပြုအမူများနှင့် တခြားစီပင်ဖြစ်သည်။ သဘာဝတရားနှင့် ပြုစုပျိုးထောင်မှုကြားရှိနေသော နယ်စပ်မျဉ်းလေးမှာ ယနေ့အခါတွင် အကြီးအကျယ်အငြင်းပွားနေကြရပါသည်။ သို့တစေ အဆိုပါဆန့်ကျင်ဘက်ကြားရှိနေသော အစွန်းနှစ်ဖက်၏ တည်ရှိမှုကိုမူ ငြင်းဆိုမည့်သူမရှိသလောက်ပင်ရှားပါသည်။ နောက်တစ်ခု ကံကောင်းသည် မှာ အဆိုပါနယ်စပ်မျဉ်းကို အတိအကျတည်ဆောက်မည့်သူ မရှိသေးခြင်းဖြစ်ပါသည်။ အကယ်၍များရှိခဲ့လျှင် ကျွန်တော်တို့အတွက် လူ့စိတ်ဓာတ်လှုံ့ဆော်မှု၏ အသုံးဝင်သော အတွင်းပိုင်းအမြင်ကိုပေးမည့် သီအိုရီတစ်ရပ် ပေါ်ထွက်ကောင်း ပေါ်ထွက်လာပါလိမ့်မည်။

ထောမတ်ဟော့ဖ်လို၊ ဂျွန်လော့ခ်လို၊ ယန်း-ယန်းကပ်စ်ရူးဆိုးလို အစောပိုင်းခေတ်သစ်တွေးခေါ်ရှင်များအနေနှင့် ‘သဘာဝ၏အခြင်းအရာ’ ဆိုသည်ကို ကမ္ဘာဦးမှ လူသားထုလူ့အဖွဲ့အစည်းပေါ်ပေါက်လာသည်အထိ အကျယ်အပြန့် သီအိုရီသဘော ဖော်ထုတ်ခဲ့ကြသည်။ ‘သဘာဝ၏ အခြင်းအရာ’ ဆိုသည်မှာ တစ်နည်းအားဖြင့် ‘လူ့သဘာဝ’ အတွက် ဥပစာသဘောတင်စားထားခြင်းသာဖြစ်သည်။ ဤသည်မှာ လူသားထု ၏ အခြေခံအကျဆုံး စရိုက်လက္ခဏာတစ်ရပ်ဖြစ်သလို လူတစ်ယောက် ၏ အခိုင်အမာ လူ့အဖွဲ့အစည်း သို့မဟုတ် ယဉ်ကျေးမှုဓလေ့တို့နှင့် သီးခြားလွတ်လပ်စွာ တည်ရှိနေခြင်းလည်းဖြစ်သည်။ အနောက်တိုင်းဒဿနအစဉ်အလာတွင်မူ လူ့သဘာဝနှင့် ပတ်သက်သော အလားတူ ဆွေးနွေးမှုမျိုးမှာ ပို၍ပင်စောပါသေးသည်။ အနည်းဆုံး ပလာတို၏ ‘သမ္မတနိုင်ငံ’ ကထာမှ စရပါလိမ့်မည်။

သမ္မတနိုင်ငံကထာမှာ ဒဿနပညာရှင် ‘ဆိုခရတ္တိ’ နှင့် အေသင်မြို့သားလူငယ် အရစ္စတိုခရက်နှစ်ဦးဖြစ်သူ ‘အက်ဒီမန်တု’ နှင့်သူ့ညီ ‘ဂလူကွန်’ တို့ တရားမျှတသော မြို့တော်၏ သဘောသဘာဝများနှင့်ပတ်သက်သော အပြန်အလှန်ဆွေးနွေးချက်ဖြစ်ပါသည်။ တရားမျှတမှုနှင့်သက်ဆိုင်သော တည်ဆဲသီအိုရီအမြောက်အမြား၏ မမှန်ကန်မှုများကို ဖွင့်ချပြီးနောက် ‘တရားမျှတမှုဆိုသည်မှာ အားကြီးသူများ၏ ကိုယ်ကျိုးစီးပွားထက် ဘာမှမပို’ ဆိုသော ‘ထရာဆင်မာချု’ အခိုင်အမာ ပြောဆိုချက်သို့ ရောက်လာသည်။ ဆိုခရတ္တိက တရားမျှတသော မြို့တော်တစ်ခုကို နှုတ်ပြောဖြင့် တည်ဆောက်ပုံဖော်ကြသည်။ စိတ်ဝိညာဉ်၏ သဘာဝကို စူးစမ်းဆင်ခြင်လေ့လာဖော်ထုတ်သည့်အပေါ် အခြေခံသည်။ ဤနေရာတွင် ‘စိတ်ဝိညာဉ်’ (Soul) ၊ ဂရိဘာသာတွင် (Psyche) ဆိုသည်ကို နောက်ပိုင်းတွင် များများစားစားအသုံးပြုသည်ကို မတွေ့ရတော့ပါ။ နိရုတ္တိသဘောအရ အလားတူဘာသာရပ်ကိုပင် လေ့လာသော စိတ်ပညာဆိုင်ရာ ဝေါဟာရတစ်ရပ်ပင်ဖြစ်သည်။ 

 

ဆက်လက်ဖော်ပြပါမည်။
ကျော်ဝင်း (၁ နိုဝင်ဘာ၊ ၂၀၁၈)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *