“ဘင်္ဂါလီတွေ ပြန်လာဖို့ဆိုတာ အတော့်ကို မလွယ်ဘူးလို့ထင်တယ်”

သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း

မောင်တောဒေသအကြမ်းဖက်မှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူချက်ဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်ခေါ်ရန် လုပ်ဆောင်ခဲ့သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများကြောင့် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘင်္ဂါလီပြန်ပို့ရေးအစီအစဉ် အောင်မြင်နိုင်ခြေ ရှိ မရှိ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ ကမန်အမည်ဖြင့် မှတ်ပုံတင်ရယူသည်ဟု ဒေသခံများကန့်ကွက်မှုများနှင့် ပတ်သက်၍ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။ ဒေါက်တာအေးချမ်းသည် ဂျပန်နိုင်ငံ ခန်းဒ နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၏ အငြိမ်းစားပါမောက္ခတစ်ဦးလည်း ဖြစ်သည်။

The Voice Journal – ဘင်္ဂါလီနှစ်ထောင်ကျော်ကို ပထမအသုတ် ပြန်ပို့မယ့်လို့ နှစ်နိုင်ငံသဘောတူပြီးမှ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က အစီအစဉ်ဖျက်လိုက်တယ်။ ဘင်္ဂါလီပြန်ပို့ရေးအစီအစဉ် အောင်မြင်နိုင်ပါ့မလား။

Dr. AC – အောင်မြင်နိုင်ပါ့မလားဆိုတာက ဒီတစ်ခေါက်က ဟိုတုန်းကနဲ့ မတူတော့ဘူး။ ဟိုတုန်းကတော့ ပြန်ပို့ရင် တချို့တစ်ဝက်ပေါ့။ Identified လုပ်လို့မရတဲ့လူတွေ ကျန်တယ်။ တချို့ မပြန်ချင်တဲ့၊ ဥပဒေနဲ့ ငြိထားတဲ့လူတွေမပြန်ဘဲ ဟိုဘက်မှာ ကျန်နေတာပေါ့။ အခုဒီတစ်ခေါက်က တစ်ယောက်မှကို ပြန်မလာဘူးဆိုတာက အတော်ထူးခြားတာ။ ဒီအရေးအခင်း စဖြစ်တာကနေစပြီး ကြည့်ဖို့လိုမယ်။ ၂၀၁၇ ဩဂုတ်၂၅ အရေးအခင်း။ ၂၀၁၇ မုတ်သုံရာသီစတဲ့အချိန်မှာ ဒီလူမျိုးတွေက တစ်ယောက်မှ လယ်ကွင်းထဲမဆင်းဘူး။ မထွန်ယက်ဘူး။ ဒီလိုပဲနေတာ။ မောင်တောခရိုင်ထွေအုပ်က လယ်မထွန်ရင် လယ်ကို သိမ်းမယ်ဆိုတဲ့အခါကမှ သူတို့ သာမန်ကာလျှံကာထွန်ကြတာ။ ထွန်ပြီးတော့ စပါးသီးတာနဲ့ ပြေးကြတာပဲ။ ဒီဟာနဲ့ ဆက်စပ်ကြည့်ဖို့လိုတယ်။ တစ်ဖက်မှာ အဲဒီလိုဖြစ်နေချိန် ကိုဖီအာနန်ရဲ့ အစီရင်ခံစာထွက်ပြီးတဲ့နေ့မှာ စခန်း ၃၀ ကျော်ကို လူအင်အားနဲ့ ဝင်စီးတယ်။ စခန်းတစ်ခုကို လူတစ်ထောင်လောက်ဝင်စီးတယ်။ ရိုက်တာသတင်းထောက်နှစ်ယောက်ပြဿနာဖြစ်တဲ့ အင်ဒင်းရဲစခန်းမှာ တာဝန်ကျတဲ့ ရဲဘော်တွေကို ကျွန်တော်အင်တာဗျူးခဲ့တာပဲ။ အဲဒီမှာ သူတို့ ပြောပြတာက စခန်းတစ်ခုကို လူတစ်ထောင်လောက် ဝိုင်းထားတယ်။ အဲဒီရွာမှာနေတဲ့ ဘယ်သူဘယ်ဝါဆိုတာကို သိတယ်။ ဒီလိုစနစ်တကျနဲ့စီမံပြီး ဖောက်ခွဲလိုက်တဲ့ ပေါက်ကွဲမှုတစ်ခုဆိုတာ အတော်ထင်ရှားတယ်။ အဲဒီနောက် အဲဒီဘက် (ဘင်္ဂလားဒေ့ရှ်) ကို ရောက်သွားတယ်။ ဟိုတစ်ခါဆိုရင် ဘယ်အဖွဲ့ကဦးဆောင်ပြီး ဘယ်လိုဆိုတာ မရှိဘူး။ အခုတစ်ခါကကျတော့ ခေါင်းဆောင်က ပါကစ္စတန်နိုင်ငံသား အာတာအူလာ။ အဖွဲ့က အာဆာဆိုပြီး သူတို့က အတိအလင်းကြေညာပြီး တိုက်တာပေါ့။ ဒီဟာကို တမင်ဖန်တီးပြီး သူတို့မှာ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့အစီအစဉ် စနစ်တကျရှိပုံပေါ်တယ်။ အဲဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက အပြင်က ပယောဂပေါ့။ ဒုက္ခသည်စခန်းတွေမှာ ဝင်ပြီးတော့ အကူအညီပေးနေပါတယ်ဆိုတဲ့ NGO တွေ INGO တွေ၊ ဒီနေ့ပဲ သတင်းစာတွေမှာပါလာပြီ။ ဘင်္ဂလားဒေ့ရှ် အစိုးရကို အယုံအကြည်မရှိဘူး။ သတိနဲ့ စောင့်ကြည့် ရမယ်ဆိုတာ ပါလာတယ်။ သူတို့ဟာ အမှန်အတိုင်း ပြောရရင်၊ ကြားရသလောက် ပြောရရင် ဒီပြဿနာကို ပြီးသွားမှာကို ကြောက်တယ်။ ဒါကို တအုံတနွေးနွေးဖြစ်နေမှ သူတို့ ဒီအလုပ်က ဆက်ရနေမှာ။ ဆက်ပြီးတော့ ပိုက်ဆံတောင်းလို့ရမယ်။ ဒါနဲ့ လှည့်ပတ်ပြီးတော့ ပိုက်ဆံရှာနေတယ်။ ဒုက္ခသည်တွေကိုပေးဖို့ ပစ္စည်းတွေဝယ်တယ်ဆိုတာ အပေါစားတွေဝယ်ပြီးတော့၊ ဖြန့်ပြီးတော့ ပိုက်ဆံတွေကို ဖြတ်စားတယ်ဆိုတာလည်း သတင်းစာတွေထဲမှာ တွေ့ရတယ်။ သူတို့ရဲ့ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေကလည်း တစ်ပိုင်းပါတယ်။ နောက်တစ်ပိုင်းက နိုင်ငံတကာမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေဆိုတဲ့အဖွဲ့တွေ။ သူတို့က ကုလသမဂ္ဂအထိ ဝင်ပေါက်နေတယ်။ ကုလသမဂ္ဂအထိဝင်ပြီးတော့ ခလောက်ဆန်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ သူတို့က လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ဆိုတာကို အကြောင်းပြပြီးတော့ ကုလသမဂ္ဂထဲကိုပါဝင်ပြီးတော့ ခလောက်ဆန်နေတယ်။ ကုလသမဂ္ဂကလည်း ဒီဟာကို စေ့စေ့စပ်စပ်မလေ့လာဘဲနဲ့ မြန်မာနိုင်ငံကို ဖိအားပေးတယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာမိသားစုနဲ့ ကုလသမဂ္ဂက ဖိအားပေးလေ ဒီဘက်က သွေးထိုးလှုံ့ ဆော်တဲ့သူတွေအတွက် အခွင့်သာလေပဲ။ နောက်ပြီးတော့ အကြမ်းဖက်ပြီးဝင်တိုက်တဲ့ အာဆာတို့ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေကြားမှာ သူတို့ရဲ့လူတွေကို အကုန်လုံးမြှုပ်နှံထားလို့ရတယ်။ ဒီဟာက အကုန်လုံးဆက်စပ်နေတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီလူတွေ(ဘင်္ဂါလီ) ပြန်လာဖို့ဆိုတာ အတော့်ကို မလွယ်ဘူးလို့ထင်တယ်။ နောက်တစ်ခုက သူတို့တောင်းဆိုချက်ကို ကြည့်ကြမယ်။ သူတို့တောင်းဆိုတာက ဂုဏ်သိက္ခာရှိရှိ ပြန်လာမယ်။ ဂုဏ်သိက္ခာမရှိစရာ အကြောင်းမရှိဘူး။ ဒီက အကုန်လုံး အေးဆေးခေါ်တယ်။ ဆောက်ထားတဲ့ အိမ်တွေကိုပဲကြည့်ပါ။ ဘယ်လိုအိမ်မျိုးတွေ ဆောက်ထားပေးလဲ။ အလွန်ကောင်းတဲ့ အိမ်တွေပါ။ ဒီကတိုင်းရင်းသားတွေတောင် နေနိုင်တဲ့အိမ်မျိုးတွေ မဟုတ်ဘူး။ အိမ်တွေ ကောင်းကောင်းမွန်မွန်ဆောက်ထားပေးတယ်။ ကောင်းကောင်းမွန်မွန်နေလို့ ရပါတယ်။ သူတို့က ထပ်ပြောတယ်။ NVC ကတ် (နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်) ကို သူတို့မကိုင်ဘူး။ သူတို့ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ပြဿနာတက်ပြီ။ တိုင်းရင်းသား နိုင်ငံသားဆိုတာ မတူဘူး။ မြန်မာနိုင်ငံမှာ ကွဲတယ်။ တခြားနိုင်ငံတွေမှာ မရှိဘူး။ အမေရိကန်လိုတိုင်းပြည်မျိုးမှာ တိုင်းရင်းသားဆိုတာ မရှိဘူး။ အမေရိကန်ပြည်ဆိုတာက ကမ္ဘာအနှံ့ကလူတွေ ရွှေ့ပြောင်းနေထိုင်သူတွေက ဒီမှာအခြေစိုက်လို့ဖြစ်လာတာ။ ကျွန်တော်တို့ တိုင်းပြည်က ဒီလိုမဟုတ်ဘူး။ ဒီတိုင်းပြည်မှာ နှစ်ပေါင်းများစွာ သမိုင်းနဲ့ချီပြီးနေလာတဲ့ လူတွေရဲ့ တိုင်းပြည်အဖြစ် တည်ထောင်ထားတာ။ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ တိုင်းပြည်မဟုတ်ဘူး။ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသားအဖြစ်လက်မခံဘူးလားဆိုတော့ လက်ခံတယ်။ နိုင်ငံသားပဲဖြစ်မယ်။ တိုင်းရင်းသားမဖြစ်ဘူး။ သူတို့ (ဘင်္ဂါလီ) က ဟိုဘက်မှာနေခဲ့တဲ့ လူမျိုးတွေပဲ။ စစ်တကောင်းခရိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဟိုတုန်းကတော့ အရှေ့ပါကစ္စတန်၊ အင်္ဂလိပ်အုပ်ချုပ်တဲ့ အိန္ဒိယအင်ပါရာမှာတုန်းကတော့ ဒါဟာ အရှေ့ဘင်္ဂလားပြည်နယ်။ အရှေ့ဘင်္ဂလားပြည်နယ်က ဒီလူမျိုးတွေက မြန်မာနိုင်ငံမှာ လယ်ကူလီလုပ်ဖို့အတွက် ကိုလိုနီခေတ်မှာပဲ ဝင်လာတယ်ဆိုတာ မှတ်တမ်းမှတ်ရာနဲ့ သမိုင်းအခိုင်အလုံ ရှိပါတယ်။ ဒီလို အခိုင်အမာရှိရဲ့သားနဲ့ တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဘူး။ သူတို့က နိုင်ငံသားပဲ ဖြစ်မယ်။ နိုင်ငံသားဖြစ်ဖို့အတွက် ဘယ်နိုင်ငံမှာမဆို အဲဒီနိုင်ငံရဲ့ လူဝင်မှုဆိုင်ရာ ဥပဒေတွေနဲ့ တရားဝင်အောင် လုပ်ယူရတယ်။ နိုင်ငံသားဖြစ်ပြီးသားဆိုလို့ရှိရင်တော့ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမှာပေါ့။ နိုင်ငံသားမဖြစ်သေးဘဲနဲ့ ဒီလို၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးခေတ်မှာ ခိုးဝင်လာတဲ့ လူတွေကိုကျတော့ ဘယ်လိုလုပ်နိုင်ငံသားအဖြစ် တန်းပေးလို့ရမလဲ။ ကိုလိုနီခေတ်တုန်းက တရားမဝင် ဝင်ခဲ့တဲ့သူရှိတယ်။ လွတ်လပ်ရေးခေတ်မှာလည်း တရားမဝင်ခိုးဝင်လာ တာရှိတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲအပြီးမှာ သန်းတစ်ဝက် ငါးသိန်းတိတိ မြန်မာနိုင်ငံကို ဝင်လာတယ်ဆိုတာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကအစ ရန်ကုန်မှာဝန်ခံထားတဲ့ မှတ်တမ်းမှတ်ရာတွေ ရှိတယ်။ ဒီလူတွေ (ဘင်္ဂါလီ) ကို ဥပဒေအရ ဘာမှ မစစ်မဆေးဘဲနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ဆိုတာက အရမ်းခက်ခဲပါတယ်။ ဒါကြောင့် ဒီပြဿနာက လွယ်လွယ်နဲ့ ပြီးမယ့်ပြဿနာမဟုတ်ဘူး။

The Voice Journal – နိုင်ငံတကာက ဖိအားပေးတဲ့အထဲမှာ မြန်မာနိုင်ငံဘက်မှာ လုံခြုံဘေးကင်းမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ့် အခြေအနေမရှိဘူး။ အဲဒါကြောင့် မပြန်ကြနဲ့လို့ ပြောတယ်။ မြေပြင်အခြေအနေက အဲဒီလိုဟုတ်ရဲ့လား။

Dr. AC – ကျွန်တော်က ငါးခေါက်ထက်မနည်း အဲဒီနေရာကိုသွားပြီးတော့ အဲဒီမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေကို ကူညီပါတယ်။ စစ်တွေ အငူမော်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလအထိ တောက်လျှောက်ကားနဲ့ တက်တယ်။ ပြန်လာရင် မောင်တောမှာလည်း လေ့လာတယ်။ အခြေအနေက အေးချမ်းနေပါပြီ။ အကုန်အေးချမ်းနေပြီ။ ဖြစ်တဲ့အချိန်မှာ မြိုလူမျိုးတွေနေတဲ့ ကိုင်းကြီးရွာက ရွာသားရှစ်ယောက်ကို သတ်ပစ်တယ်။ ဟိန္ဒူလူမျိုး ၁၀၂ ယောက်ပျောက်နေတယ်။ အလောင်းက ၄၂ လောင်းပဲ ရသေးတယ်။ သူတို့သတ်ဖြတ်ခဲ့ကြတယ်။ ဒီရာဇဝတ်မှုတွေကို ကျူးလွန်ပြီးတော့ သူတို့ထွက်သွားတယ်။ ဒါ့အပြင် တခြားဘယ်လိုရာဇဝတ်မှုတွေရှိလဲ။ အင်းဒင်မှာဖြစ်တဲ့ ၁၀ ယောက် အသတ်ခံရမှု၊ ဒါကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပါတယ်ဆိုပြီးတော့ ပြောနေရင်။ ဒီလူ ၁၀၂ ယောက် ပျောက်နေတဲ့ကိစ္စ။ ကိုင်းကြီးရွာသားရှစ်ယောက်ကို သတ်တဲ့ကိစ္စ၊ ဟိန္ဒူအမျိုးသမီးတွေကို အတင်းအဓမ္မ ဟိုဘက်နိုင်ငံကို ခေါ်သွားပြီးတော့ ဘာသာကူးပြောင်း ခိုင်းတဲ့ကိစ္စ ဒါတွေကို ဘယ်လိုပြောမလဲ။ ဒီနေရာမှာ ဘယ်သူက သူတို့ကို အကြမ်းဖက်နေတာလဲ။ လုံးဝ ထွက်မပြေးဘဲနဲ့ ကျန်ခဲ့တဲ့ရွာတွေရှိတယ်။ ဥပမာအားဖြင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းဆိုရင် ညောင်ချောင်းတို့ ဖုန်ညိုလိပ်တို့ ဆိုတဲ့ရွာတွေ၊ နောက်ပြီး မောင်တောဆိုရင် ငန်းချောင်းဆိုတဲ့ရွာရှိတယ်။ ငါးစားကြူးဆိုတဲ့ ရွာရှိတယ်။ အဲဒီရွာတွေ အကုန်လုံး မွတ်ဆလင်တွေနေတဲ့ရွာတွေ၊ တစ်ယောက်မှလည်း ထွက်မပြေးဘူး။ အိမ်တစ်ဆောင်မှလည်း မီးရှို့မခံရဘူး။ ဘာကြောင့်လဲ၊ ဒီနေရာမှာ စဉ်းစားလို့ရပြီ။ လုံခြုံမှုမရှိဘူးဆိုရင် ဒီလူတွေ ဘာလို့နေမလဲ။ သူတို့လည်းနေမှာ မဟုတ်ဘူး။ ပြေးမှာပဲလေ။ လုံခြုံမှုရှိလို့ သူတို့နေတာပေါ့။ ဒီလူတွေနဲ့လည်း အင်တာဗျူးလုပ်ပြီးပြီ။ သူတို့ အတွက် ဘာမှအန္တရာယ်မရှိပါဘူးလို့ သူတို့ ပြောတယ်။ အဲဒါကြောင့် သူတို့နေတာ။ အဲဒါဆိုရင် ဘယ်သူတွေက သူတို့ကို အနှောက်အယှက် အတားအဆီးပေးနေတာလဲ။ မြန်မာစစ်တပ်လား။ မြန်မာရဲလား။ သို့တည်းမဟုတ် ရခိုင်အရပ်သားတွေလား။ ဘယ်သူမှ ဒီနေ့အထိ မတွေ့ရဘူး။ တွေ့ရလို့ရှိရင် အမှုတင်လို့ရတယ်လေ။ သတ်တယ်ဖြတ်တယ်ဆိုလို့ ရှိရင်ပေါ့လေ။ ဩဂုတ်လ ၂၅ ရက်နေ့ကနေ စစ်ဆင်ရေးကာလအတွင်းမှာတော့ လူသေတာ ပျောက်တာလည်း ရှိမှာပေါ့။ သူတို့က လက်နက်ကိုင်ပြီး ထကြွတာကို နှိမ်နှင်းရင် သေတာ ပျောက်တာရှိမယ်။ စစ်ဆင်ရေး နောက်ပိုင်း ဘယ်မှာ သတ်တာဖြစ်တာ အတင်းအဓမ္မပြုတာ ဘယ်မှာ ကြားဖူးလဲ။ ဘယ်မှာဖြစ်လဲ။ ကျွန်တော့်အမြင်အရ မြေပြင်အနေအထားအရ လုံခြုံမှုမရှိဘူးဆိုတာက ဟုတ်ကို မဟုတ်ဘူး။ လုံခြုံမှု လုံးဝရှိပါတယ်။ ဒီဘက်က (မြန်မာအစိုးရ) လည်း အာမခံထားတယ်။

The Voice Journal – ဘင်္ဂါလီတွေ တောင်းဆိုထားတဲ့အချက်တွေရှိတယ်။ ရိုဟင်ဂျာနာမည်နဲ့ နိုင်ငံသားပေးရမယ်။ နိုင်ငံတကာ အစောင့်အရှောက်နဲ့ နေခွင့်ပြုရမယ်။ မူလနေရပ်မှာ ပြန်နေခွင့်ပေးရမယ်။ သူတို့ပိုင်ခဲ့တဲ့ လယ်မြေတွေ ပြန်ပေးရမယ်ဆိုတောင်းဆိုကြတယ်။ ဒါတွေရမှ ပြန်လာမယ်ပြောတယ်။ ဒါကရော လိုက်လျောဖို့ ဖြစ်နိုင်ပါ့မလား။

Dr. AC – ရိုဟင်ဂျာဆိုတဲ့ နာမည်က သူတို့က အတင်းယူထားတဲ့ နာမည်ပဲ။ ရိုဟင်ဂျာဆိုတာက တကယ်တော့ ရခိုင်ကိုခေါ်တာ။ ရိုဟင်ဆိုတာ ဘင်္ဂါလီလို ရခိုင်ကိုခေါ်တာ။ ဂျာဆိုတာက လူ။ ရိုဟင်ဂျာဆိုတာ ရခိုင်လူမျိုးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီအဓိပ္ပာယ်ကို သူတို့က အတင်းယူတာ။ သူတို့မဟုတ်တဲ့နာမည်ကို သူတို့ယူတာကို ရခိုင်တွေနဲ့ မြန်မာနိုင်ငံက သဘောတူပေးရမှာလား။ ဒါက မတရားတဲ့ ကိစ္စပဲ။ အဲဒါကို မြန်မာနိုင်ငံရဲ့ လွှတ်တော်ကသာလျှင် ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်ဆိုပြီးတော့ အရင်ဗြိတိသျှသံအမတ်လုပ်သွားတဲ့ Derek Tonkin (ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်း)လို ပုဂ္ဂိုလ်ကလည်း ထောက်ပြဖူးတယ်။ ဒီရိုဟင်ဂျာဆိုတဲ့နာမည်က သူတို့ နာမည်မှ မဟုတ်တဲ့ဟာကြီးပဲ။ ဒါကို အတင်း သူတို့ကို ဒီလိုပဲခေါ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် အမည်သညာ မှည့်ခေါ်နိုင်ခွင့်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူများကို သွားထိခိုက်လို့မရဘူး။ ကိုယ်ယူချင်တာကို ယူလို့မရဘူး။ ရိုဟင်ဂျာဆိုတဲ့နာမည်ကို သူတို့ယူမယ်ဆိုတာက မြန်မာနိုင်ငံက ပြည်သူအားလုံး ၁၀၀ မှာ ၉၉ ယောက်လောက်က ကန့်ကွက်တယ်။ အားလုံးကန့်ကွက်နေတာ အများလည်း သိတာပဲ။ တစ်တိုင်းပြည်လုံးက ကန့်ကွက်နေတာကို ဒီလိုပဲ အတင်းရှေ့ဆက်မယ်ဆိုလို့ မရဘူး။ ကုလသမဂ္ဂကလည်း အတင်းအကျပ်လုပ်လို့ မရဘူး။ ဒါဟာ အလွန်ကို သိမ်မွေ့နက်နဲတဲ့ကိစ္စပဲ။ နောက်တစ်ခုက သူတို့နေထိုင်ခဲ့တဲ့ နေရာဟောင်းတွေကို သူတို့ပြန်သွားခွင့်။ ဒါကလည်းပဲ သမိုင်းနဲ့ချီပြီး ကြည့်ရလိမ့်မယ်။ ၁၉၄၂ ခုမှာ ဂျပန်အတက် အင်္ဂလိပ်အဆုတ်မှာ အုပ်ချုပ်ရေးယန္တရားပျက်ပြားတဲ့အချိန်မှာ အင်္ဂလိပ်က Volunteer Forces ဆိုပြီးတော့ ဒီလူမျိုးတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်။ အဲဒီတော့ သူတို့က ထကြွသောင်းကျန်းတာပေါ့။ ရခိုင်ရွာတွေကို မီးရှို့တယ်။ ရခိုင်တွေကို သတ်တယ်။ ရခိုင်လူမျိုး ထောင်ပေါင်းများစွာ အသတ်ခံရတယ်။ မှတ်တမ်းမှတ်ရာလည်း ရှိပါတယ်။ မောင်တောမြို့နယ်တောင်ပိုင်းကနေရာတွေက ရခိုင်လူမျိုးတွေရဲ့ ရွာတွေ။ အဲဒီမှာရှိတဲ့ တောက်လျှောက်က ရွာနာမည်ကို ကြည့်လိုက်ရင် ရှေးပဝေသနီကတည်းက ရခိုင်နာမည်တွေနဲ့ပဲ ခေါ်တာပါ။ ဘင်္ဂါလီနာမည်နဲ့ခေါ်တဲ့ ရွာနာမည်ဆိုတာ အတော်နည်းပါတယ်။ ရွာ ၁၀၀ မှာ တစ်ရွာမရှိဘူး။ ရှိရင်လည်း မနေ့တစ်နေ့ကတည်တဲ့ ရွာဖြစ်မယ်။ အဲဒီကနေ ရခိုင်တွေကို မောင်းထုတ်လိုက်ပြီးတော့ သူတို့ဝင်ယူထားတဲ့နေရာဖြစ်တယ်။ ဒီနေရာက အစဉ်အဆက် ရခိုင်တွေနေခဲ့တဲ့ နေရာတွေဖြစ်တယ်။ မောင်တောတောင်ပိုင်းမှာ သူတို့ကို နေရာချထားဖို့ဆိုတာ အစိုးရကလည်း အတော်လေးစဉ်းစားရမယ်။ ရခိုင်လူမျိုးတွေကလည်း စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ အာတာအူလာက သူ့ရဲ့ အာဆာအဖွဲ့ကို စခန်းချပြီးလေ့ကျင့်ပေးခဲ့တာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရွာမှာဖြစ်တယ်။ အဲဒီရွာက ဘယ်လိုလဲဆိုတော့ မောင်တောတောင်ပိုင်းမှာ မေယုတောင်တန်းကြီးက အတော်ကိုနိမ့်သွားတယ်။ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ် နတ်မြစ်ဝှမ်းနဲ့ မေယုမြစ်ဝှမ်းကို ကူးလူးဆက်ဆံလို့ အင်မတန်ကောင်းတဲ့နေရာဖြစ်တယ်။ အဲဒီနေရာမှာ စခန်းချပြီး သင်တန်းပေးပြီးတော့ သူပုန်ထခဲ့တာ။ ထကြွသောင်းကျန်းခဲ့တာ။ အဲဒီတော့ ဒီနေရာမှာပြန်ပြီး အခြေစိုက်မယ်ဆိုရင် တကယ့်ရခိုင်လူမျိုးတွေရဲ့ ကျေးရွာတွေကို ပြန်ပြီး ခြိမ်းခြောက်လာမယ်ဆိုတဲ့အချက်ကလည်း ဘယ်လိုမှ မငြင်းနိုင်တဲ့အချက်ပဲ။ မောင်တောတောင်ပိုင်းမှာ ဒီလူမျိုးတွေပြန်ပြီးအခြေစိုက်လာမှာကို ရခိုင်လူမျိုးတွေကလည်း တွေးပြီးတော့ စိုးရိမ်တယ်ဆိုတာက မမှားဘူး။ မောင်တောတောင်ပိုင်းက ပင်လယ်ထွက်ပေါက်လည်းဖြစ်တယ်။ ဟိုဘက်က လှေနဲ့ ရုတ်တရက်ဝင်လာလို့ရတဲ့နေရာတွေဖြစ်တယ်။ ရခိုင်လူထုအတွက် အတော့်ကို အန္တရာယ်များတယ်။

The Voice Journal – နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အထမမြောက်အောင်လုပ်နေတဲ့အဖွဲ့အစည်းတွေရော ရှိနိုင်လား။ ဘယ်လိုယူဆလဲ။

Dr. AC – ဘင်္ဂလားဒေ့ရှ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ ရှရီယာကာဘီးရ်ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။ လုံးဝ ဘက်မလိုက်ဘူး။ သူနဲ့ အင်တာဗျူးထားတာရှိတယ်။ သူပြောတာ ရှင်းရှင်းလေး။ ဒုက္ခသည်စခန်းကို ရောက်လာတဲ့ ရိုဟင်ဂျာအားလုံးဟာ အစွန်းရောက်အစ္စလာမ်မစ်တစ်ခုခုနဲ့ အဆက်အသွယ်ရှိနေတာ။ အဲဒီတော့ အာဖဂန်နစ္စတန်မှာ နာဂျီဘူလာအစိုးရ အာဏာရကတည်းက တာလီဘန်တွေ သူပုန်ထတဲ့အခါမှာ ဒီရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စစ်သားစုဆောင်းတာဟာ အထင်အရှားပဲ။ ဒါက လုံးဝမငြင်းနိုင်ဘူး။ မာဒရာစာ (Madrassa) လို့ခေါ်တဲ့ အာရေဗီစာသင် ကျောင်းတွေကနေတစ်ဆင့်လည်းပဲ သူတို့ စုဆောင်းတယ်။ နောက်တစ်ခုက အစွန်းရောက်အဖွဲ့ဆိုတဲ့နေရာမှာ ဟူဂျီဆိုတာရှိတယ်။ ဂျမားအစ္စလာမ်မစ်ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့တွေ အကုန်လုံးက ဆူဆူညံညံလုပ်မယ်ဆိုရင် ဒီရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တွေကိုစည်းရုံးပြီး လုပ်လေ့ရှိတယ်။ နောက်တစ်ခုက Bangladesh Nationalist party ကိုယ်တိုင်သည်ပင်လျှင် သူတို့ရွေးကောက်ပွဲနိုင်ဖို့အတွက် ဒီရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုတာ သက်သေအထင်အရှားရှိတယ်။ မစ္စတာ ရှရီယာကာဘီးရ် ကိုယ်တိုင်ကလည်း ဒါကိုပြောဖူးတယ်။ နောက်တစ်ခု နိုင်ငံတကာကွန်ရက် သူတို့မှာ ထူထောင်ထားတာရှိတယ်။ အဲဒါက အရှေ့အလယ်ပိုင်းမှာ ရုံးစိုက်တယ်။ အရှေ့အလယ်ပိုင်းမှာ ရိုဟင်ဂျာတွေရဲ့ ရခိုင်လွတ်မြောက်ရေးအတွက် အလှူငွေတွေပေးကြဖို့ စစ်တကောင်းနဲ့ ဒါကာမှာရှိတဲ့ ဘဏ်တွေရဲ့ ငွေစာရင်းတွေကို ဖော်ပြပြီးတော့ လက်ကမ်းကြော်ငြာတွေ ဝေတာရှိတယ်။ အဲဒါကို အခုလည်း သက်သေပြလို့ရတယ်။ အဲဒီတော့ နိုင်ငံတကာ အစ္စလာမ်မစ် အစွန်းရောက်တွေရော၊ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေရော၊ နောက်ပြီးတော့ တချို့လူ့အခွင့် အရေးဆိုတာကို နာမည်ခံပြီးတော့ စီးပွားရှာနေတဲ့အဖွဲ့အစည်းတွေ၊ အခုနကပြောတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ ဟူဂျီနဲ့ ဂျမားအစ္စလာမ်မစ်လိုမျိုး အကုန်လုံးဟာ နောက်ကွယ်က ဒီလူတွေကို သွေးထိုးလှုံ့ဆော်ပြီးတော့ သူတို့လိုရာကို သုံးဖို့ လုပ်နေကြတဲ့အဖွဲ့အစည်းတွေဆိုတာ အတော်လေးထင်ရှားပါတယ်။

The Voice Journal – ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်လို့ နိုင်ငံတကာမျက်နှာစာမှာ အရင်တုန်းက ရိုဟင်ဂျာ- ဘင်္ဂါလီ ဆိုပြီး အတော့်ကို အငြင်းပွားကြတယ်။ အခုကအဲဒီ ငြင်းခုန်မှုအဆင့်ကို ကျော်သွားပြီလား။

Dr. AC – ရိုဟင်ဂျာဆိုတဲ့နာမည်နဲ့ ပတ်သက်လို့ ဆက်ပြီး ငြင်းရမှာပဲ။ နောက်အနှစ်တစ်ထောင်လည်း လိုအပ်ရင် ငြင်းရမယ်။ ဒီဟာ လုံးဝ မဟုတ်တဲ့ဟာပဲ။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ သူတို့ကို ရိုဟင်ဂျာလူမျိုးအနေနဲ့ လုံးဝလက်မခံနိုင်ဘူး။ ဒါက သမိုင်းရဲ့အမှန်တရားဖြစ်တယ်။ အမှန်တရားကို အတင်းအဓမ္မ ဖုံးကွယ်ဖို့ကြိုးစားရင် ကျွန်တော်တို့က ပြန်ပြီးဖော်ထုတ်ဖို့ ကြိုးစားရမှာပေါ့။ ဒါက အမှန်တရားပဲ။

The Voice Journal – ရခိုင်ပြည်နယ်ပြဿနာက နိုင်ငံတကာဖိအားတွေ အရမ်းများနေတယ်။ ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းရော ရှိရဲ့လား။

Dr. AC – ဖြေရှင်းဖို့နည်းလမ်းဆိုတာက အချိန်ကတော့ ပေးရမယ်။ အခုလောလောဆယ်မှာတော့ တကယ့်ဥရောပသမဂ္ဂလို အဖွဲ့အစည်းမျိုးတောင်မှ မြန်မာနိုင်ငံကို မစူးစမ်းမဆင်ခြင်ဘဲ တစ်ဖက်သတ်ကြီး အပြစ်ပုံချတယ်။ ပြဿနာရဲ့ဇာစ်မြစ်ကိုသိတဲ့ တိုင်းပြည်တွေက တော်တော်နည်းပါတယ်။ အခုဆိုရင် အာဆီယံနိုင်ငံထဲမှာတောင်မှ မွတ်ဆလင်အများစုဖြစ်တဲ့ သုံးနိုင်ငံပေါ့။ အင်ဒိုနီးရှားရယ်၊ မလေးရှားရယ်၊ ဘရူ နိုင်းရယ်ဆိုလို့ရှိရင် အဲဒီဘက်က ရပ်တည်တာပေါ့။ အာဆီယံတခြားနိုင်ငံတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေ ဗီယက်နမ်တို့၊ လာအိုတို့ဆိုလို့ရှိရင် အမှန်ကို သိပါတယ်။ ပြီးရင် တရုတ်ပြည်ကလည်း အမှန်ကိုသိတယ်။ အိန္ဒိယသည်ပင်လျှင် ဒီပြဿနာရဲ့ ဇာစ်မြစ်အမှန်တရားကိုသိတယ်။ ကျွန်တော်တို့က အခုရှိတဲ့ အသိုင်းအဝိုင်းနဲ့ပဲ တဖြည်းဖြည်း ကမ္ဘာကိုရှင်းပြရမယ်။ နားလည်အောင် ရှင်းပြဖို့လိုတယ်။ အခုလောလောဆယ်မှာ နိုင်ငံတကာမိသားစုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျွန်တော်တို့ကို နားလည်လာအောင် တတ်နိုင်သမျှ လုပ်ဖို့ဆိုတာက အဓိကပါ။ အခုလောလောဆယ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီမှာကတော့ ဟိုဘက်က မဲများပြီး နိုင်နေမယ်ဆိုတာက တော့ မြေကြီးလက်ခတ် မလွဲပါဘူး။ ဒီလို ကျွန်တော်တို့ က အရှုံးပေးရတိုင်း အမှန်တရားကို ဆုပ်ကိုင်ထားတဲ့သူ တွေမဟုတ်ဘူးလို့ ပြောလို့မရဘူး။ အမှန်တရား ဆုပ်ကိုင်ထားရဲ့နဲ့ ရှုံးနေပါတယ်ဆိုတာ၊ နိုင်ငံတကာမှာ အနိုင်ကျင့်ခံနေရပါတယ်ဆိုတာကို ကမ္ဘာသိအောင် ပြောပြရမယ် ဒါပါပဲ။

The Voice Journal – အခုနောက်ဆုံး ကုလသမဂ္ဂတတိယကော်မတီမှာ အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) တို့၊ ဥရောပသမဂ္ဂတို့ကဦးဆောင်ပြီးတင်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်လိုက်တယ်။ ဒီလိုမျိုး ကုလသမဂ္ဂက မြန်မာနိုင်ငံကို ဖိအားပေးနေတာက ဘာကြောင့်လို့ ထင်လဲ။

Dr. AC – ကုလသမဂ္ဂဟာ တကယ်တော့ တော်သင့်မှန်ကန်ရာကို ဆုံးဖြတ်နိုင်တဲ့အခြေအနေမှာ မရှိဘူး။ ကုသမဂ္ဂသည်ပင်လျှင် အလွန်ဖောက်ပြန်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ကုလသမဂ္ဂသည် ရေများ ရေနိုင်၊ မီးများ မီးနိုင်၊ ငွေများ ငွေနိုင်ဆိုတဲ့ အခြေအနေမှာ အိုအိုင်စီလို အဖွဲ့အစည်းများက ပြောလို့ရှိရင် မငြင်းပယ်နိုင်ဘူး။ ဒီနေရာမှာ တစ်ခုပြောလိုက်မယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီဆိုတဲ့အဖွဲ့မျိုး မှာ ဆော်ဒီအာရေဗျလို ဂျော်ဒန်လို တိုင်းပြည်မျိုးက ဦးဆောင်နေတယ်ဆိုတာက အလွန်ရယ်စရာကောင်းတဲ့အချက်။ ဒီနိုင်ငံတွေမှာ အခြေခံလူ့အခွင့်အရေးဆိုတာရှိလို့လား။ ဒါတောင် မရှိတဲ့တိုင်းပြည်က ဒီကောင်စီကို ဦးဆောင်နေတယ်ဆိုတာက အလွန်ရယ်ဖို့ ကောင်းတဲ့အချက်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကုလသမဂ္ဂဆိုတာကို တတ်နိုင်သမျှ ရှင်းပြရမယ်။ တခြားနိုင်ငံတွေကိုလည်း အဲဒီလိုပဲ ရှင်းပြရမယ်။ တကယ်တမ်း မဲခွဲတဲ့အခါ သုံးနိုင်ငံပဲရှိတာပေါ့။ အစ္စရေးရယ်၊ ဘစ်လာရူရယ်၊ မြန်မာရယ်။ ဒီသုံးခုပဲ ကန့်ကွက်မဲပေးကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြားနေနိုင်ငံတွေ ရှိကြပါတယ်။ ကြားနေနိုင်ငံတွေ တတ်နိုင်သမျှ ကျွန်တော်တို့ကို နားလည်လာအောင် လုပ်ရမယ်။ အချိန်ပေးရပါလိမ့်မယ်။ ဒါပေမဲ့ အတင်းအကျပ် ကျွန်တော်တို့ကို ဖိအားပေးပြီးတော့ ဒါကို လက်ခံရမယ် လုပ်လာရင်တော့ အချုပ်အခြာအာဏာကို စော်ကားလာတယ်ဆိုတာကို တစ်တိုင်းပြည်လုံး သိရမယ်။ သိရင် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒါပါပဲ။

The Voice Journal – အိုအိုင်စီကိုရော မြန်မာနိုင်ငံက ရှင်းပြပြီး စည်းရုံးနိုင်ရင် ရခိုင်ပြည်နယ်ပြဿနာကို ရှင်းနိုင်မယ်ထင်လား။

Dr. AC – မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်ဖက်သတ်ရပ်တည်ရမယ်ဆိုတာ အိုအိုင်စီမှာ မူချပြီးသား။ ကျွန်တော်က ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်လို့ ဘာမှမပြောလိုပါဘူး။ လူတိုင်းမှာ လွတ်လွတ်လပ်လပ်ယုံကြည်လို့ရပါတယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီယုံကြည်ကိုးကွယ်ခွင့်မှာကို အခြေခံပြီးတော့မှ ဘက်လိုက်တယ်ဆိုတာကတော့ မဖြစ်သင့်တဲ့ကိစ္စပဲ။

The Voice Journal – ပြီးခဲ့တဲ့လပိုင်းက ရမ်းဗြဲ မှာ ဘင်္ဂါလီတွေ ကမန်နာမည်နဲ့ မှတ်ပုံတင်ရယူကြတယ်ဆိုပြီး ကန့်ကွက်မှုတွေရှိတယ်။ အရင်ကမှတ်တမ်းမှတ်ရာတွေအရရော ရခိုင်ပြည်နယ်မှာ ကမန်အမည်ကိုသုံးပြီးတော့ တိုင်းရင်းသားဖြစ်ဖို့၊ နိုင်ငံသားဖြစ်ဖို့ ကြိုးပမ်းကြတာရှိလား။

Dr. AC – ဒီကိစ္စက ကျောက်နီမော်မှာဖြစ်တာ။ ကျောက်နီမော်ဆိုတာက မြို့ငယ်တစ်မြို့လောက်ရှိတဲ့ရွာ။ တကယ်တော့ ကျောက်နီမော်သမိုင်းကို ပြန်ကြည့်လိုက်ရင် စစချင်း ကမန်လူမျိုးတွေနဲ့ စနေခဲ့တဲ့ရွာ ဖြစ်ပါတယ်။ အဲဒီကမန်ရွာက အိမ်ခြေက ၂၀၊ အစိတ်လောက်ပဲရှိတယ်။ အဲဒီမှာ ကိုလိုနီခေတ်ကတည်းက လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းအထိ စစ်တကောင်းသား ဘင်္ဂါလီတွေကဝင်ပြီး အခြေချနေထိုင်ကြတယ်။ တချို့ဒေသခံ ကမန်တွေနဲ့ လက်ထပ်ထိမ်းမြားတာတွေရှိတယ်။ ကမန်တွေက အဲဒီမှာ တဖြည်းဖြည်းနဲ့ အားနည်းလာတယ်။ တစ်ခုရှိတာက ကမန်လူမျိုးတွေ က ရခိုင်လိုပဲ ပြောတယ်။ ရခိုင်လိုပဲ ဝတ်တယ်။ သူတို့ ဘင်္ဂါလီ စကားလည်းမတတ်ဘူး။ အာရေဗီကိုလည်း နားမလည်ဘူး။ မတတ်ဘူး။ အဲဒီကျောက်နီမော်ရွာမှာ လူပေါင်းထောင်နဲ့ချီပြီးတော့ ကမန်ဆိုတဲ့ နာမည်နဲ့ ပေးလိုက်တယ်။ အခု အဲဒီဟာကို ပြန်ပြီးစိစစ်မယ်လို့ ပြောတယ်။ တကယ်တော့ ကမန်လူမျိုးက လူထောင်ချီပြီး မရှိဘူး။ ကမန်လူမျိုးက နည်းနည်းလေးပါ။ ကမန်လူမျိုး ကျောက်နီမော်သားအစစ်တွေဟာ လက်ချိုးရေလို့ ရတယ်။ အခုလည်း ရန်ကုန်မြို့မှာတင် ဆက်သွယ်ပြီး မေးလို့ရတယ်။ သူတို့လည်း ဟိုတစ်လောက ဆန့်ကျင်သွားတာပဲ။ 

 

အောင်မြင့်ထွန်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *