ထိုင်းရွေးကောက်ပွဲ မေလအထိနောက်ဆုတ်ပေးရန် ပါတီငယ်များတောင်းဆို

မဲပုံးများကို စောင့်ကြည့်နေသည့် ထိုင်းရဲတစ်ဦး

ဘန်ကောက်၊ နိုဝင်ဘာ ၂၂

ထိုင်းနိုင်ငံရေးပါတီငယ်များက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပဖွယ်ရှိသည့် ထိုင်းအထွေထွေရွေးကောက်ပွဲကို မေလ ၅ ရက်နေ့သို့ နောက်ဆုတ်ကျင်းပပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာ ၂၂ ရက်က အသနားခံတောင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသားသည်။

ထိုင်းအထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၁၆ ခုနှစ် အခြေခံဥပဒေအရ နောက်ဆုံးသတ်မှတ်ထားသည့်ရက်ဖြစ်သည့် မေလ ၅ ရက်သို့ ရွှေ့ဆိုင်းပေးရန် မဟာမိတ်ဖွဲ့ထားသည့် ပါတီငယ် ၁၃ ခု၏ အထွေထွေအတွင်းရေးမှူး ဆာသူအနျူမိုသမ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပါတီငယ် ၁၃ ခုသည် မဲဆန္ဒရှင်များအတွက် အသစ်ဖြစ်နေခြင်းကြောင့် အသာရရှိမှုအခြေအနေနည်းပါးပြီး ၎င်းတို့၏ မူဝါဒရပ်တည်ချက်ကို ပြည်သူများကို ရှင်းပြရန်နှင့် စည်းမျဉ်းစည်းကမ်းအသစ်များကို လေ့လာရန် အချိန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

ရွေးကောက်ပွဲနောက်ဆုတ်ရန် တောင်းဆိုခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအတွက်သာဖြစ်ပြီး ပါတီငယ်များသည် အစိုးရ သို့မဟုတ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေး အမျိုးသားကောင်စီ (NCPO) တို့နှင့် အဆက်အဆံမရှိကြောင်း လည်း Palang Thai Dee ခေါင်းဆောင်ဖြစ်သည့် ဆာသူကက ဆိုသည်။

ဖေ့ထိုင်းပါတီ၏ ဥပဒေရေးရာပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ချူဆတ်ဆရီနီးလ် ကမူ ရွေးကောက်ပွဲရက် နောက်ဆုတ်ရန် တောင်းဆိုချက်ကို ဆန့်ကျင်ခဲ့ပြီး ယင်းသို့လုပ်ဆောင်မှုမှာ ပြည်သူ့ယုံကြည်မှုကို ဆုံးရှုံးစေနိုင်ကာ မဲပေးသူများသည် မဲထည့်ရန် စိတ်ဆန္ဒပြင်းပြနေကြသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ထပ်မံနောက်ဆုတ်ရန် အစီအစဉ်မရှိကြောင်း ဒုတိယဝန်ကြီးချုပ် ဝီဆာနုခရေနမ်တို့အပါအဝင် အစိုးရအဖွဲ့ ထိပ်ပိုင်းဝန်ကြီးများနှင့် NCPO အဖွဲ့ဝင်များ အကြိမ်ကြိမ် ပြောဆိုထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *