IS အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်းခဲ့သည့် မလေးရှားကလီယိုမဂ္ဂဇင်း၏ ဆွဲဆောင်မှုအရှိဆုံးဆုရှင် သေဆုံး

IS အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းခဲ့သည့် အမီယာမီလ်ဆန်

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၀

မလေးရှား ကလီယိုမဂ္ဂဇင်းက ရွေးချယ်သည့် ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဆုရှင်တစ်ဦးသည် IS အစ္စလာမ်မစ်များနှင့်အတူ တိုက်ပွဲဝင်ရင်း သေဆုံးသွားကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။

IS အကြမ်းဖက်သမားများဘက်က တိုက်ပွဲဝင်ရင်း သေဆုံးသွားသူမှာ အမီယာမီလ်ဆန်ဆိုသူဖြစ်ပြီး ၎င်းသည် ၂၀၁၀ ပြည့်နှစ်အတွက် မလေးရှားနိုင်ငံထုတ် ကလီယာမဂ္ဂဇင်းကရွေးချယ်သည့် အိမ်ထောင်ဖက်အဖြစ် အရွေးချယ်သင့်ဆုံး လူပျိုဆုကို ရရှိထားသူလည်းဖြစ်သည်။

အမီယာမီလ်ဆန်သည် ၂၀၁၆ ခုနှစ်က ဆီးရီးယားနိုင်ငံတွင် IS အကြမ်းဖက်သမားတစ်ဦးကို ကုန်းပိုးသယ်ဆောင်လာစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ကြောင်း ဩစတြေးလျနိုင်ငံထုတ် Herland Sun သတင်းစာတွင် ဖော်ပြထားသည်။

၎င်းသေဆုံးသွားကြောင်းကို ဩစတြေးလျထောက်လှမ်းရေးအဖွဲ့ကလည်း ယခုနှစ် စက်တင်ဘာလက အတည်ပြုပြောကြားခဲ့သည်။

အမီယာမီလ်ဆန်သည် မလေးရှားနှင့် ဩစတြေးလျ သွေးနှောသူတစ်ဦးဖြစ်ပြီး ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပါ့သ်မြို့ရှိ ကာတင်တက္ကသိုလ်မှ လူထုဆက်သွယ်ရေးဘာသာရပ်ကို လေ့လာသင်ကြားခဲ့သူဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ၎င်းအသက် ၂၇ နှစ်အရွယ်တွင် အချိန်ပိုင်းမော်ဒယ်လ်အဖြစ် အလုပ်လုပ်ကိုင်ရင်း ရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်ရန် စီစဉ်ကြိုးပမ်းခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အစ္စလာမ်မစ်အစွန်းရောက်ဝါဒီတစ်ဦး ဖြစ်လာခဲ့သည်။

ထို့နောက် ဇနီးသည်နှင့် ကွာရှင်း၍ ဆီးရီးယားနိုင်ငံသို့ သွားရောက်ကာ IS အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *