ဗဟိုဘဏ်ကိုင်တွယ်ရမည့် ကျပ်ငွေအသုံးတွင်ကျယ်ရေး ပုစ္ဆာ

“အခန်းခတွေက ၆၅ ဒေါ်လာကနေ ၁၃၅ ဒေါ်လာအထိ အမျိုးမျိုးရှိပါတယ်ခင်ဗျ”

ယင်းမှာ မြန်မာနိုင်ငံ၏ နာမည်ကျော် ငွေဆောင်ကမ်းခြေမှ အဆင့်မီဟိုတယ်တစ်ခု၏ တစ်ရက်တည်းခိုစရိတ်ကို စုံစမ်းမေး မြန်းထားခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာအတိုင်း ပေးသွင်းနိုင်သလို မြန်မာကျပ်ငွေနှင့်ပေးသွင်းလိုက ယင်းနေ့ ဈေးကွက်ပေါက်ဈေးအပေါ်အခြေခံကာ ဟိုတယ်ကတွက်ချက်သည့်နှုန်းဖြင့်လည်း တည်းခိုစရိတ်ပေးနိုင်ကြောင်း အဆိုပါဟိုတယ်မှ တာဝန်ရှိသူက ဖြေကြားသည်။

ဟိုတယ်တည်းခိုစရိတ်အပြင် ပညာရေးအတွက်လည်း ဒေါ်လာဖြင့် ပေးချေကြရသည်။

“သင်တန်းကြေးကို ဒေါ်လာနဲ့သတ်မှတ်ထားတယ်။ သင်တန်းကြေးသွင်းမယ့်နေ့မှာ ပေါက်တဲ့ဈေးနဲ့ ပေးရတယ်။ စာမေးပွဲကြေးကတော့ နိုင်ငံခြားက သတ်မှတ်ထားတာဆိုတော့ ဒေါ်လာဝယ်ပြီးတော့ သွင်းရတယ်” ဟု ပြည်တွင်းပညာရေး အေဂျင်စီတစ်ခုတွင် အင်္ဂလိပ်စာသင်တန်းတက်ရောက်နေသူ မဖြူလွင်က ဆိုသည်။

အမှတ်တရပစ္စည်းဆိုင်အချို့၊ ခေတ်မီစားသောက်ဆိုင်ကြီး အချို့တွင်လည်း ဒေါ်လာဖြင့်ပေးချေမှုကို လက်ခံကြသည်။

“ကျွန်တော်တို့နိုင်ငံမှာ ကားအရောင်းအဝယ်၊ အိမ်ခန်းရောင်း၊ ဟိုတယ်ငှားခ၊ လက်ဝတ်ရတနာရောင်းတာတွေအပါအဝင် နေရာအတော်များများမှာ အမေရိကန်ဒေါ်လာနဲ့ ဈေးနှုန်းတွေ တွေ့နိုင်ပြီး မသိမသာရော သိသိသာသာပါ အမေရိကန်ဒေါ်လာကို သုံးစွဲနေတာ တွေ့နိုင်ပါတယ်” ဟု ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းစဉ် ပြောဆိုခဲ့သည်။

နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေရန်နှင့် တရားမဝင်ငွေကြေးသုံးစွဲမှုများ ထိန်းချုပ်နိုင်ရန် နိုင်ငံခြားသုံးငွေကို ပြည်တွင်းသုံးကျပ်ငွေဖြင့် လဲလှယ်သုံးစွဲရန် တွန်းအားပေးမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို နိုဝင်ဘာ ၂၀ ရက်နေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ၎င်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်ရထားသည့်လုပ်ငန်းများထံမှ လိုင်စင်ရုပ်သိမ်းထားသည်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းကဖြစ်သော်လည်း ပြည်တွင်းတွင် လက်ရှိအချိန်ထိ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် နိုင်ငံခြားငွေကြေးဖြင့် ပေးချေဆောင်ရွက်သည့် လုပ်ငန်းများစွာရှိနေဆဲဖြစ်သည်။

ပြည်တွင်းသုံးကျပ်ငွေအခန်းကဏ္ဍ မလျော့ကျစေရန်၊ နိုင်ငံခြားငွေအသုံးပြုမှု မများစေရန်၊ နိုင်ငံတွင်း ငွေကြေးတည်ငြိမ်မှုရှိစေရန်၊ နိုင်ငံခြားငွေလိုအပ်ချက် ပမာဏလျော့ကျစေရန် နိုင်ငံသားနှင့် နိုင်ငံခြားသားများ၏ ဝယ်ယူသုံးစွဲမှုနှင့် ပေးချေမှုများအတွက် ဝန်ဆောင်ခ၊ အခ ကြေးငွေလက်ခံမှုများကို ကျပ်ငွေနှင့်သာပေးချေရန် ၂၀၁၅ ခုနှစ်တွင် အမိန့်ညွှန် ကြားချက်တစ်ကြိမ်၊ ထပ်ဆင့်ညွှန်ကြားစာတစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် နောက်ထပ်အမိန့်ညွှန်ကြားချက် တစ်ကြိမ် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

“ခုလို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမယ့် လိုက်နာမှုအားနည်းနေတာ တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဖြေဆိုခဲ့သည်။

နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်ရုပ်သိမ်းပြီးနောက်တွင် နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုနှစ် ဇူလိုင်လကုန်အထိ တစ်နိုင်ငံလုံးတွင် ငွေလဲကောင်တာ ၁၄၀၀ ကျော် ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

သို့ရာတွင် ဟိုတယ်၊ စားသောက် ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ ပြည်တွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံကာ ဖွင့်လှစ်ထားသည့် ပညာရေးကျောင်းအချို့နှင့် နိုင်ငံခြားသား တိုက်ခန်းငှားရမ်းခတို့ကို အမေရိကန်ဒေါ်လာဖြင့် ပေးချေနေသည်ကို တွေ့နေရဆဲဖြစ်ကြောင်း ဦးဘိုဘိုငယ် က ဆိုသည်။

ပုဂ္ဂလိကကဏ္ဍလုပ်ငန်းများအပြင် အစိုးရအဖွဲ့အစည်း ဝန်ကြီးဌာနများသည်လည်း မြေငှားရမ်းခြင်း၊ နိုင်ငံခြားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံခြင်းတို့မှ ရရှိမည့်ဝင်ငွေကို နိုင်ငံခြားငွေနှင့် လက်ခံဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း ၎င်းကပြောဆိုသည်။

ထို့ကြောင့် ယခုနှစ် ဩဂုတ်လတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များအပါအဝင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီနှင့် လက်အောက်ခံအဖွဲ့အစည်းများကို ကျပ်ငွေဖြင့် ပေးချေရှင်းလင်းရေးလုပ်ဆောင်ရန် အမိန့်စာ ထပ်မံထုတ်ပြန်ခဲ့ပြန်သည်။

“ပြည်တွင်းမှာ ကျပ်ငွေနဲ့သာ သုံးစွဲရန်ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိလို့ရှိရင် ဘယ်လို အရေးယူဆောင်ရွက်မလဲ။ ထိုကဲ့သို့အရေးယူခြင်းကို မည်သည့်ကာလမှာ စတင်မယ်ဆိုတာကို ပြည်သူလူထုကို အသိပေးပြီးတော့ ပညာပေးကာလတစ်ခု သတ်မှတ်ပြီးတော့ တင်းတင်းကျပ်ကျပ် အကောင်အထည် ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

အကြောင်းအရာတူ အမိန့်ညွှန်ကြားချက်တစ်ခုကို သုံးနှစ်အတွင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အောင်မြင်မှု မရှိ၊ လိုက်နာဆောင်ရွက်မှု အားနည်းနေခြင်းမှာ အဘယ်ကြောင့်နည်း။

“ပြည်တွင်းငွေလဲနှုန်းက အတက်အကျ အရမ်းကြမ်းတဲ့အခါကျတော့ နိုင်ငံခြားသားအနေနဲ့ ကျပ်ငွေအများကြီးကိုင်ဖို့ အဆင်မပြေကြဘူး။ ဒေါ်လာဆိုရင် ကိုင်ရတာ ကျစ်လျစ်တယ်၊ ငွေရှင်းရတာလည်း ပိုလွယ်တယ်” ဟု အာနန္ဒာခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိချုပ် ဒေါ်စိုးအေမီကျော်က ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေသက်သောင့်သက်သာဖြစ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ၂၀၁၈ ခုနှစ်အတွင်း အတက်အကျကြမ်းခဲ့ပြီး ကျပ်ငွေတန်ဖိုးမှာ ၁၅ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်ရည်ညွှန်းနှုန်းနှင့် ပြည်တွင်းဘဏ်များ၏ ငွေလဲနှုန်းအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရည်ညွှန်းနှုန်းအရ ယခုနှစ်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းမှာ ၁၃၂၆ ကျပ်ဖြစ်ပြီး အမြင့်ဆုံးမှာ ၁၅၉၇ ကျပ်အထိ ဖြစ်ခဲ့သည်။

ပြည်တွင်းဘဏ်များနှင့် ပြင်ပငွေလဲကောင်တာဈေးနှုန်းများအရမူ ငွေလဲနှုန်းမှာ အမြင့်ဆုံး ၁၆၅၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံ ငွေကြေးစနစ်တွင် တန်ဖိုးအကြီးဆုံး ငွေစက္ကူမှာ တစ်သောင်းကျပ်တန်ဖြစ်ပြီး လက်ရှိကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာ လျှင် ၁၆၀၀ ကျပ်နီးပါးဖြစ်သည်။

“ကျပ်ငွေနဲ့ပဲ ပေးရမယ်ဆိုရင် တော်တော်အခက်အခဲဖြစ်သွားဦးမယ်။ နိုင်ငံခြားသားတစ်ယောက်အတွက် ဒေါ်လာ ၅၀၀ ကို ကျပ်ငွေတစ်သောင်းတန် အရွက် ၈၀ လောက်ကိုင်ထားရမှာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်” ဟု Grand  Lotus ခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိချုပ် ဦးကျော်စွာမင်းက ရှင်းပြသည်။

နိုင်ငံတကာတွင် ငွေသားအများအပြား ကိုင်ဆောင်သုံးစွဲသည့် အလေ့အထမှာ မရှိသလောက်ဖြစ်ပြီး ယင်းသို့ ငွေသားအများအပြား လက်ဝယ်ရှိလျှင်ပင် မေးခွန်းပေါင်းများစွာ မေးမြန်းခံရမည့် အခြေအနေဖြစ်သည်။

နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သော သင်တန်းကျောင်းများတွင်လည်း သင်တန်းကြေး၊ စာမေးပွဲကြေးများကို ဒေါ်လာဖြင့် ပေးချေရသည်များလည်း ရှိသည်။

“ဒေါ်လာနဲ့ရော ကျပ်ငွေနဲ့ပါသွင်းလို့ရတယ်။ ဒါပေမဲ့ ကျပ်ငွေနဲ့သွင်းမယ်ဆိုရင် သိတဲ့အတိုင်း ငွေလဲနှုန်းက တစ်ချိန်လုံးတက်နေတာဆိုတော့ သင်တန်းကြေးသွင်းဖို့ အချိန်ကြာလေ ပိုက်ဆံပိုကုန်လေ ဖြစ်ရော။ အဲဒီတော့ ဒေါ်လာအရင်ဝယ်ထားလိုက်ပြီး အဆင်ပြေတဲ့ရက် ငွေသွားသွင်းတာ ကိုယ့်အတွက်ခံသာတာပေါ့” ဟု နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ငွေရေးကြေးရေးဘာသာရပ် သင်တန်းတက်ရောက်နေသူ ကိုမင်းခန့်ကဆိုသည်။

ကျပ်ငွေ-ဒေါ်လာ ငွေလဲနှုန်း အတက်အကျကြမ်းသည့်အချိန်မျိုးတွင် ကုန်စည်၊ ဝန်ဆောင်မှု ရောင်းချသူနှင့် ဝယ်ယူသုံးစွဲသူတို့အတွက် အဆင်ပြေဆုံးနည်းလမ်းမှာ ဒေါ်လာဖြင့် ငွေပေးချေမှုဖြစ်နေသည်။

“ကျွန်တော်တို့က ဒေါ်လာကိုင်ထားချင်လွန်းလို့ ယူတာမဟုတ်ဘူး။ ကိုယ့်ဝန်ဆောင်မှုနှုန်းထား တည်ငြိမ်ရေးအတွက် စဉ်းစားတာရယ်၊ ကိုယ့်ဖောက်သည်တွေ လွယ်ကူသက်သာစေဖို့ပဲ” ဟု စစ်ကိုင်းတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးကျော်စွာမင်းက ဆိုသည်။

သို့သော် ကျပ်ငွေဖြင့် လစာ၊ ဝင်ငွေ ရနေသူများအတွက်မူ မိအေးနှစ်ခါနာ ဖြစ်ရသည်။

ဒေါ်လာငွေလဲနှုန်း အတက်ကြမ်းပြီး ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ပုံမှန်ဝင်နေသောဝင်ငွေမှာ ဝယ်ယူသုံးစွဲနိုင်အား ကျဆင်းသွားသလို တစ်ဖက်တွင် ငွေဖောင်းပွမှုဒဏ်ကိုလည်း ထပ်ဆင့်ခံစားကြရသည်။

ထိုအချိန်တွင် ဒေါ်လာဖြင့် ငွေပေးချေမှုများအတွက် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်မြင့်တက်၍ ငွေလဲနှုန်းမြင့်တက်မှုကို ပိုဖိအားဖြစ်စေပြီး ကျပ်ငွေတန်ဖိုးကျဆင်းစေမည့်လမ်းကြောင်းသို့ ရောက်သွားပြန်သည်။

ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ် ပြဿနာပင်။

ပြည်တွင်းသုံး ကျပ်ငွေတစ်မျိုးတည်းဖြင့် ငွေပေးချေမှုလုပ်ဆောင်ရန် ယခုအချိန်ထိ အကောင်အထည်မဖော်နိုင်ခြင်းမှာ ငွေကြေးဈေးကွက် မတည်ငြိမ်ခြင်းနှင့် ခေတ်မီဒစ်ဂျစ်တယ်စနစ်သုံး ငွေပေးချေမှုကို ကျယ်ပြန့်စွာ မလုပ်နိုင်သေးခြင်းကြောင့်ဖြစ်သည်။

“ဒေါ်လာယူခြင်း၊ ကျပ်ငွေယူခြင်းကို အလေးပေးပြောတာထက် ငွေပေးချေမှုကို Digitalization ဖြစ်အောင် ပြောင်းလဲလုပ်ဆောင်နိုင်ဖို့ ပိုအရေးကြီးတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပဲ ကတ်နဲ့ပဲရှင်းကြတာ။ အသေးသုံးဖို့ လိုတာလောက်ပဲ သူတို့ နိုင်ငံသုံး ငွေကြေးလဲကြတာ”ဟု ဦးကျော်စွာမင်းက အကြံပြုသည်။

မြန်မာနိုင်ငံ၏ ငွေပေးချေမှုအလေ့အထတွင် ငွေသားဖြင့်ပေးချေမှု ၉၉ ရာခိုင်နှုန်းဖြစ်ပြီး ၉၇ ရာခိုင်နှုန်းမှာ ငွေသားဖြင့်သာပေးချေရန် ဆန္ဒရှိကြောင်း ဒစ်ဂျစ်တယ်ငွေပေးချေမှု ကုမ္ပဏီကြီးဖြစ်သော Visa ၏ ၂၀၁၇ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့ငွေကြေးနှင့် ငွေပေးချေမှုဆိုင်ရာ အလေ့အထများအပေါ် လေ့လာဆန်းစစ်ချက်အမည်ဖြင့် Visa ကုမ္ပဏီက အစီရင်ခံစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာတွင် နိုင်ငံတကာ၌တွင်ကျယ်နေပြီဖြစ်သော ငွေသားမဲ့လူ့အဖွဲ့အစည်း (Cashless Society) မျိုး မြန်မာနိုင်ငံတွင် ဖြစ်လာရန်အချိန် လေးနှစ်မှ ခုနစ်နှစ်အထိ ကြာမြင့်နိုင်သေးကြောင်း ဖြေဆိုသူစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း က ဖြေဆိုထားကြသည်။

ငွေသားကိုသာ အခြေခံကိုင်ဆောင်အသုံးပြုသည့် မြန်မာနိုင်ငံတွင် ကတ်စနစ်၊ အွန်လိုင်းငွေပေးချေစနစ်တို့ အသုံးပြုနိုင်သည်မှာ လေး၊ ငါးနှစ်ခန့်သာရှိသေးပြီး ယင်းနှင့် ဆက်စပ်နေသော အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးမှာ လိုအပ်ချက်များစွာရှိနေသည်။

“ကတ်သုံးမယ်ဆိုပြန်တော့လည်း သိတဲ့အတိုင်း လိုင်းမရ၊ လိုင်းကျတာ တစ်မျိုး။ လိုသလောက်ထုတ်လို့ မရတာနဲ့ ပြဿနာတွေက အများကြီးပဲ” ဟု ဒေါ်စိုးအေမီကျော်က ဆိုသည်။

ယင်းအချက်များ ဖွံ့ဖြိုးအားကောင်းလာရန် လုပ်ဆောင်ပေးမှသာလျှင် ဒေါ်လာကိုင်ဆောင်အသုံးပြုမှု လျော့နည်းသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ကတ်စနစ်ကို ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ပါက ဒေါ်လာဖြင့်ပေးချေမှု လက်ခံဆောင်ရွက်နေသောပြဿနာ လျော့နည်းသွားမည်ဖြစ်ပြီး ကတ်စနစ်အပြင် အခြားသော ငွေပေးချေမှုပလက်ဖောင်းများ ပေါ်ထွက်လာရန်လိုကြောင်း ဦးကျော်စွာမင်းက ပြောသည်။

“Digitalization ကို အလေးပေးအကောင်အထည်ဖော်တာကမှ မြန်မာ့စီးပွားရေးကို ပိုပြီးအထောက်အကူဖြစ်စေလိမ့်မယ်” ဟု ၎င်း၏အမြင်ကို ဆိုလေသည်။ 

 

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *