သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ သမ္မတရှေ့မှောက် ကတိသစ္စာပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့

ရန်ကုန်၊ နိုဝင်ဘာ ၂၃

သတင်းမီဒီယာကောင်စီ (MPC) အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ကတိသစ္စာပြုပြီးနောက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ကြောင်း ယင်းကောင်စီအဖွဲ့ဝင်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရသူများက နိုင်ငံတော်သမ္မတထံ ကတိသစ္စာပြုခဲ့ကြသည်။ 

“နိုင်ငံတော်အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းနေချိန်မှာ သတင်းမီဒီယာတွေအနေနဲ့ တိုင်းရင်းသားအချင်းချင်းအကြား အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြင်းထန်မြင့်မားမလာအောင် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း သတင်းမီဒီယာကောင်စီက ဦးဆောင်ချမှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အဖွဲ့ဝင်များအဖြစ် ကတိသစ္စာပြုပွဲတွင် ဖမ်းဆီးခံထားရသော သတင်းထောက်များကို သက်ညှာရန် အသနားခံစာသုံးစောင်ကို နိုင်ငံတော်သမ္မတထံ ပေးအပ်ခဲ့ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ယင်းကောင်စီ၏ အတွင်းရေးမှူး (၂) လည်းဖြစ်သူ ဦးသာလွန်ဇောင်းထက်က ပြောကြားသည်။

“မနက်က ကတိသစ္စာပြုပွဲဆိုတော့ ဘာမှသိပ်ပြီးတော့ ပြောစရာမရှိပါဘူး။ ဒါကတော့ ပုံမှန်အတိုင်းပဲ သွားတာပေါ့။ သမ္မတနဲ့တွေ့တော့ ရိုက်တာကိစ္စကိုပြောလိုက်တယ်။ အဲဒါက ဥပဒေကြောင်းအရ သူတို့ စဉ်းစားပေးပါမယ်ပေါ့” ဟု ၎င်းက ဆိုသည်။

အကျဉ်းကျနေသော ရိုက်တာသတင်းထောက်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သမ္မတကပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

MPC အဖွဲ့ဝင်များသည် သမ္မတရှေ့မှောက်ကတိသစ္စာပြုခဲ့ပြီးနောက် ညနေပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်သော အမှတ်တရ ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း MPC အဖွဲ့ဝင်များထံမှ သိရသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *