NLD နာယကကြီး သူရဦးတင်ဦး မကြာခဏသတိလစ်သောကြောင့် ဆေးရုံပြန်တက်၊ ဦးဖြိုးမင်းသိန်း သွားရောက်တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ (NLD) နာယကကြီး သူရဦးတင်ဦးသည် မကြာခဏ သတိလစ်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာလ ၂၂ ရက်မှစတင်ပြသနေရကြောင်း သူရဦးတင်ဦးကို အနီးကပ်ပြုစုစောင့်ရှောက်လျက်ရှိသော ဦးမြင့်ဦးကပြောဆိုသည်။

သူရဦးတင်ဦးတွင် အချိန်ကြာမြင့်စွာ အိပ်ပျော်တတ်ခြင်းနှင့် မကြာခဏအိပ်ချင်သောလက္ခဏာများ ဖြစ်ပေါ်နေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“စိုးရိမ်စရာတော့ မရှိပါဘူး။ ကျန်းမာရေးပြန်လည်စစ်ဆေးတဲ့သဘောလောက်ပါပဲ၊ အားလုံးကောင်းပါတယ်” ဟု ဦးမြင့်ဦးက ဆိုသည်။

လက်ရှိချိန်တွင် ကျန်းမာရေးကောင်းမွန်လာပြီး ဆေးကုသဆောင်အတွင်း သတင်းစာဖတ်ခြင်း၊ လမ်းလျှောက်ခြင်းများပါ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောကြားသည်။

သူရဦးတင်ဦး၏ နှလုံး၊ ဦးနှောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ လာမည့်ရက်ပိုင်းအတွင်း ဆေးရုံပြန်ဆင်းမည်ဟု ဦးမြင့်ဦးက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဆေးရုံတက်နေရသော သူရဦးတင်ဦးထံသို့ နိုဝင်ဘာလ ၂၃ ရက်တွင် သွားရောက်သတင်းမေးမြန်းခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရ၏ လူမှုကွန်ရက် Facebook တွင် ဖော်ပြထားသည်။

သူရဦးတင်ဦးသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ဦးနှောက်သွေကြောပိတ်ကာ လေဖြတ်ဝေဒနာကို ရန်ကုန်ဆေးရုံကြီးတွင် သုံးလကြာကုသခဲ့ရပြီး ယင်းဝေဒနာကြောင့် ယာဘက်တစ်ခြမ်းမလှုပ်နိုင်ဖြစ်သွားကာ စကားပီသစွာ ပြောဆိုနိုင်ခြင်း မရှိပေ။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *