ဆယ်စုနှစ်တစ်ခုခန့်စော၍ ရောက်ခဲ့ပါက ပရီးမီးယားလိဂ်ကို မနက်စာစားသကဲ့သို့ စားခဲ့လိမ့်မည်ဟု အီဘရာဟီမိုဗစ်ပြောကြား

မန်ချက်စတာ၊ နိုဝင်ဘာ ၂၃

အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီထံတွင် ကစားသမားဘ၀ ဖြတ်သန်းနေသော မန်ယူတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် ၎င်းအနေနှင့် ပရီးမီးယာဒလိဂ်သို့ အချိန်စောစွာ ပြောင်းရွှေ့ဖြစ်ခဲ့မည်ဆိုပါက ပြိုင်ပွဲတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် ကစား သမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

အီဘရာဟီမိုဗစ်သည် ၎င်းအနေနှင့် ပရီးမီးယားလိဂ်ထံသို့ ဆယ်စုနှစ်တစ်ခုစာခန့် အချိန်စော၍ လာရောက်ကစားခွင့်ရခဲ့မည်ဆိုပါက ပြိုင်ပွဲတစ်ခုလုံးကို မနက်စာ စားသကဲ့သို့ စားပြလိုက်မည်သာ ဖြစ်သည်ဟု ဥပမာပေးပြောကြားသွားခဲ့ပြီး ယခုတွင်မူ အချိန်နောက်ကျမှ ပြောင်းရွှေ့ နိုင်ခဲ့သည့်အတွက် နေ့လယ်စာမျှဖြင့်သာ တင်းတိမ်လိုက်ရကြောင်း အီဘရာဟီမိုဗစ် က မှတ်ချက်ပေးသွားခဲ့သည်။

အီဘရာဟီမိုဗစ်သည် ၂၀၁၆ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်း အရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပီအက်စ်ဂျီ မှ မန်ယူထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ပထမဆုံးဘောလုံးရာသီ၌ မန်ယူကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၄၆ ပွဲ ပါဝင် ကစားခဲ့ရာတွင် ၎င်းက သွင်းဂိုး ၂၈ ဂိုးအထိ ရယူပေးနိုင်ခဲ့သည်။

အီဘရာဟီမိုဗစ်သည် ဒုတိယ မြောက်ဘောလုံးရာသီတွင်မူ ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ကြုံဆုံရသည့်အတွက် မန်ယူကိုကိုယ်စားပြု၍ ပွဲစဉ် ခုနစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ သွင်းဂိုးတစ်ဂိုးသာ ရယူနိုင်ခဲ့ပြီး ယင်းဘောလုံးရာသီ မပြီးဆုံးမီ၌ပင် ၎င်းက မန်ယူကိုစွန့်ခွာ၍ အယ်လ်အေ ဂလက်ဆီထံသို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

အီဘရာဟီမိုဗစ်သည် ၎င်းအနေနှင့် မန်ယူကိုစွန့်ခွာရန် ဆုံးဖြတ်ချက်ချလိုက်ရသည်မှာ ကြံ့ခိုင်မှုအပြည့်ဖြင့် ရာနှုန်းပြည့် ပေးဆပ်ကစားနိုင်စွမ်း မရှိတော့သောကြောင့်ဖြစ်သည်ဟု ရှင်းပြထားပြီး လက်ရှိတွင်လည်း မေဂျာလိဂ်ဘောလုံးရာသီရပ်နားချိန်၌ ဥရောပဘောလုံးလောကသို့ ခေတ္တခဏ ပြောင်းရွှေ့ကစားနိုင်ရန် စိတ်ကူးလျက်ရှိသည်ဟု အီဘရာဟီမိုဗစ် က ဖွင့်ဟဝန်ခံသွားခဲ့သေးသည်။
အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသည် တိုက်စစ်ကို အားဖြည့်ရန်အတွက် အီဘရာဟီမိုဗစ်ကို ခေါ်ယူလိုလျက်ရှိပြီး ၎င်းတို့အနေနှင့် အီဘရာဟီမိုဗစ်၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာထံသို့ ဆက်သွယ်၍ အပြောင်းအရွှေ့အတွက် စကားပြောဆိုမှုများရှိနေပြီဖြစ်ကြောင်း အေစီမီလန် ဒါရိုက်တာဘုတ်အဖွဲ့ဝင် တစ်ဦးကလည်း ဖွင့်ဟဝန်ခံထားပြီဖြစ်သည်။

အီဘရာဟီမိုဗစ်သည် မန်ယူလူငယ် တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို ပါရမီရှင်ကစားသမားတစ်ဦးဟု ချီးကျူးသွားခဲ့ပြီး အင်္ဂလိပ် ရိုးရာကစားဟန်က ခွဲထွက်၍ ပုံစံသစ်တစ်မျိုးဖြင့်ကစားနိုင်သော ရတ်ရှ်ဖို့ဒ်မှာ နည်းပြမော်ရင်ညို၏ လက်အောက်တွင် တဖြည်းဖြည်းချင်း တိုးတက်လာလိမ့်မည် ဟုလည်း အီဘရာဟီမိုဗစ်က မှတ်ချက်ပေး ထားသေးသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *