ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် မန်ယူအတွက် ဒါလော့တ် ပွဲထွက်ခွင့်ရဖွယ်ရှိ၊ ဆံပင်ကို ငွေရောင်ဆိုးသည့်အကြောင်းရင်းအဂူရို ပြော

မန်ချက်စတာ၊ နိုဝင်ဘာ ၂၃

မန်ယူနည်းပြ မော်ရင်ညိုသည် ယနေ့(စနေနေ့)ညတွင် ယှဉ်ပြိုင်ရမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် အသင်းညာခြမ်းခံစစ်၌ လူငယ်ကစားသမား ဒါလော့တ်ကို ပွဲထုတ်ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။

ဒါလော့တ်သည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပေါ်တိုမှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ၎င်းကို ချန်ပီယံလိဂ်ပွဲစဉ်အချို့၌သာ နည်းပြမော်ရင်ညိုက ထုတ်သုံးထားသေးသည်။

ဒါလော့တ်သည် ၎င်းအနေနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲ ပါဝင်ကစားခွင့်ကို အလျင်အမြန်ရရှိလိုပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပြီဖြစ်ကာ ၎င်းကို ညာခြမ်းခံစစ်၏အဓိကကစားသမားအဖြစ် အနာဂတ်တွင် နေရာပေးရန် ရည်ရွယ်ကာ မော်ရင်ညိုက ဝယ်ယူထားခြင်းဖြစ်သည်။

မန်ယူအသင်း၏ညာဘက်ခြမ်းခံစစ်တွင် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာရရှိနေသော ဗလင်စီယာသည် နည်းပြမော်ရင်ညိုနှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေပြီး ဒဏ်ရာပြဿနာကိုအကြောင်းပြကာ မန်ယူအတွက် ပွဲမကစားပေးဘဲ အနားယူနေခဲ့ကာ အီကွေဒေါလက်ရွေးစင်အသင်းအတွက်မူ ပါဝင်ကစားပေးခဲ့ခြင်းကြောင့် ဗလင်စီယာကို မော်ရင်ညိုက ဒေါသပေါက်ကွဲလျက်ရှိသည်။

မော်ရင်ညိုသည် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် ဘယ်ခြမ်းခံစစ်၌ အက်ရှ်လေယန်း၊ ညာခြမ်းခံစစ်၌ ဒါလော့တ်ကိုထားရှိကာ အသင်းကို အထိုင်ချဖွယ်ရှိနေပြီး လင်ဒီလော့ဖ်၊ ပေါ့ဂ်ဘာ၊ ဖယ်လိုင်နီ၊ လုကာကု၊ ရတ်ရှ်ဖို့ဒ်နှင့် မာတီရယ်လ်တို့ ဒဏ်ရာများရရှိကာ ကြံ့ခိုင်မှုမပြည့်ဝဖြစ်နေသည့်အချက်ကလည်း မန်ယူအတွက် ထိုးနှက်ချက်သဖွယ်ဖြစ်နေသည်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် မန်ယူနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီတွင် ၎င်း၏ဆံပင်ကို ငွေရောင်ဆေးဆိုးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ဖော်ရှင်းပြလိုက်ပြီဖြစ်ပြီး ယင်းမှာ ညီဖြစ်သူနှင့် အလောင်းအစားလုပ်ခဲ့သောကိစ္စတစ်ခုကြောင့်ဖြစ်ကြောင်း အဂူရိုက အသိပေးသွား ခဲ့သည်။

အဂူရို၏ညီဖြစ်သူသည် ၎င်းကို မန်ယူနှင့်ပွဲစဉ်အား ဆံပင်ကိုငွေရောင်ဆိုး၍ ကစားရဲခြင်း ရှိ၊ မရှိ စိန်ခေါ်လောင်းကြေးထပ်ခဲ့ကာ ယင်းအလောင်းအစားကို အနိုင်ရရန်အတွက် ဆံပင်ကို ဆေးဆိုးလိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ရင်သွေးများက ဆံပင်အရောင်ကို သဘောကျ၍ ငွေရောင်မြေခွေးကြီးဟု ၎င်းကိုခေါ်နေကြကြောင်း၊ ပရီးမီးယားလိဂ်တွင် ဆံပင်ငွေရောင်ဖြင့် ကစားခဲ့ဖူးသော တိုက်စစ်မှူးဟောင်း ရာဗင်နယ်လ်လီထက် မိမိကပို၍ စတိုင်ကျကြောင်းလည်း အဂူရိုက ပြောကြားထားသေးသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *