အမျိုးသားများလည်း နစ်နာရပါတယ်

Gender ဆိုတာ ဘာလဲလို့မေးရင် သတ်မှတ်ချက်တွေကို ဆိုလိုတာပါ။ ယောက်ျားဆိုတာ ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ် ရမယ် ဆိုပြီးတော့ပေါ့။ ဥပမာအားဖြင့် ယောက်ျားဆိုတာ ဦးဆောင်နိုင်စွမ်းရှိရတယ်၊ မိန်းမဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရမယ် စတဲ့ သတ်မှတ် ချက်တွေကို Gender လို့ခေါ်ပါတယ်။

ဒီလိုသတ်မှတ်ချက်တွေကြောင့် ဘာဖြစ်လဲ၊ဘာလို့ ဒါတွေကို  အရေးတယူ လုပ်ပြောနေရတာလဲ။

မိန်းကလေးမို့လို့ လင်ကောင်းသားကောင်းရရင် တော်ပါပြီဆိုပြီး  ကျောင်းထုတ်လိုက်ရာကနေ၊ ဖေ့စ်ဘွတ်ခ်မှာ မာနမင်းသားလေးဆိုတဲ့ အကောင့်နဲ့ ရည်းစားဖြစ်၊ အပြင်မှာချိန်း၊ ဟိုတယ်သွား၊ ကိုယ်ဝန်ရ၊  အဲဒီကတည်းက မာနမင်းသားလေးကိုလည်း ရှာမရတော့ဘဲ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးတွေ ရှိလာတယ်။

ကျွန်တော်တို့ ကြားသိနေရသမျှ အကြမ်းဖက်မှု၊ အနိုင်ကျင့်စော်ကားမှု၊ နှိမ့်ချဆက်ဆံမှုတွေ အားလုံးဟာ ဒီအမြင်တွေကနေ မြစ်ဖျားခံတယ်။ ဒါကြောင့် ဒီသတ်မှတ်ချက်တွေ ပြင်ဖို့လိုတယ်လို့ ပြောနေရတာ။

များသောအားဖြင့်တော့ ဒီအမြင်တွေကြောင့် မိန်းကလေးတွေက ပြဿနာဖြစ်ကြရတာ ပိုများပေမယ့် ကျွန်တော်တို့ ယောက်ျားလေးတွေ မှာလည်း ထိခိုက်ရတာတွေ ရှိတယ်။

စဉ်းစားမိတဲ့ တချို့ကို ရေးပြချင်ပါတယ်။

၁။ ဆေးလိပ်၊ အရက် မသောက်တတ်ရင် …

‘ယောက်ျားမှန်ရင်’ ဆိုတဲ့ သတ်မှတ်ချက်တွေထဲမှာ အဲဒါတွေကို ထည့်ထားကြတယ်။ တကယ်တော့ ဒါတွေက ယောက်ျား ဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး၊ သောက်ချင်တဲ့သူက သောက်မှာပဲ၊ စားချင်တဲ့သူက စားမှာပဲ။ မသောက်ချင် မစားချင်တဲ့သူကလည်း မသောက်ဘူး၊ မစားဘူး။ ဒါပေမဲ့ အဲဒီလို ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်တတ်ရင် ယောက်ျားမှ ဟုတ်ရဲ့လားလို့ နောက်ပြောင်ခံရတယ်။ တကယ်ဆို အမျိုးသမီးတွေလည်း ဒီလို သောက်လို့ရတယ်ဆိုရင် အမျိုးသားတွေထဲမှာလည်း မသောက်တတ်တဲ့သူ ရှိနိုင်တယ်ဆိုတာ လက်ခံပေးရမှာပေါ့။

၂။ ဘာမဆို လုပ်တတ်ရမယ်

‘ယောက်ျားဖြစ်ပြီး ဆိုင်ကယ်တောင် မစီးတတ်ဘူးလား’၊ ‘သား ယောက်ျားလေးမွေးထားတာ ဒါလေးတောင် အားမကိုးရဘူး’ စသဖြင့်  ပြောတတ်ကြတယ်။ ဒီနေရာမှာလည်း တူတူပဲ။ ဆိုင်ကယ်စီးတတ်တာ၊ ဘောလုံးကန်တတ်တာ၊ မီးချောင်း လဲတတ်တာ၊ ဒါတွေဟာ အရည်အချင်းပဲ၊ Skill ပဲ။ သင်ရင် တတ်မယ်၊ မသင်ရင်၊ မလေ့ကျင့်ရင် မတတ်ဘူး။ ဒါပေမဲ့ ယောက်ျားဆိုရင် တတ်ကို တတ်ရမယ်လို့ မြင်နေကြတော့ ခက်တယ်။ ဘယ်အတတ်ပညာမဆို တတ်ထားရင်တော့ ကောင်းတာပေါ့၊  ဒါပေမဲ့ ယောက်ျားဖြစ်ရင် တတ်ကိုတတ်ထားရမယ်ဆိုတာကတော့ အဓိပ္ပာယ် မရှိပါဘူး။

၃။ အလှအပ မကြိုက်ရဘူး

‘ယောက်ျားကြီးဖြစ်ပြီး မှန် အဲဒီလောက် ကြိုက်ရလား’၊ ‘နုလိုက်တာလည်း လွန်ပါရော၊ ဒီလိုမျိုးတွေ ပြောတတ်ကြတယ်။ တကယ်တော့ အလှအပကြိုက်တာ၊ ဖြစ်သလိုနေတတ်တာတွေကလည်း ကျားရယ် မရယ်နဲ့ မဆိုင်ဘူး။ မိန်းကလေးထဲမှာလည်း ဖြစ်သလိုနေတတ်ပြီး အလှအပကို သိပ် ဂရုမစိုက်တတ်သူတွေ ရှိနေသလို၊ ယောက်ျားလေးထဲမှာလည်း သပ်သပ်ရပ်ရပ် ကျော့ကျာ့မော့မော့ နေချင်သူဆိုတာ ရှိနိုင်တာပါပဲ။

၎။ အကြောက်တရား ကင်းမဲ့ရမယ်၊ မငိုရဘူး

သရဲခြောက်တယ်ဆိုလည်း မကြောက်ရ၊ မြွေ၊ ပိုးဟပ်၊ ဖား စတဲ့ သေးသေးကြီးကြီး ဘယ်လိုသတ္တဝါမျိုးကိုမှ ယောက်ျားက ကြောက်ခွင့် မရှိဘူး။ ကြောက်နေဦးတော့၊ ပါးစပ်ကနေ ထုတ်ပြောခွင့် မရှိဘူး။  ဝမ်းနည်းစရာတွေ့လည်း မငိုရဘူး။ ‘ယောက်ျားဖြစ်ပြီး မျက်ရည်မကျနဲ့’  တဲ့၊ ငယ်ငယ်ကတည်းက ဆုံးမခံခဲ့ကြရတယ်။

၅။ ရန်ဖြစ်ရဲရမယ်၊ အကာအကွယ်ပေးနိုင်ရမယ်

ကောင်လေးနဲ့ ကောင်မလေး လမ်းလျှောက်လာတယ်။ အဲဒီမှာ တခြားကောင်လေး သုံးယောက်လောက်က ကောင်မလေးကို ရိသဲ့သဲ့ ပြောမယ်။ ဒါ ဘယ်သူမဆို ဒေါသထွက်မှာပဲ။ တုံ့ပြန်ဖို့လုပ်မယ်၊ ရန်ဖြစ်မယ်။  ဒါပေမဲ့ တကယ့်လက်တွေ့ဘ၀ဆိုတာ မြန်မာကားမဟုတ်တော့ ကိုယ်ကလည်း မင်းသား မဟုတ်သလို၊ ကိုယ့်ကို ရန်လာစတဲ့သူတွေကလည်း  ကိုလူချောတို့အဖွဲ့ မဟုတ်ဘူး။ ဒီတော့ သုံးယောက် တစ်ယောက်ဆို  ကိုယ်ခံရဖို့ များတယ်။ နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေလည်း အများ  ကြီးပဲ။ ဒီလိုတွေးမိလို့ သည်းခံပြီး ထွက်လာလိုက်မယ် ဆိုပါတော့။  ကောင်မလေးက ဘာပြောမလဲ။ နင် ယောက်ျားဖြစ်ပြီး ကိုယ့်ချစ်သူ တစ်ယောက်လုံးကိုတောင် အကာအကွယ်မပေးနိုင်ဘူး၊ နင့်ကို ငါ ဘယ်လို အားကိုးရမလဲတဲ့။

၆။ နွားဖြစ်ပြီ

လူပျိုမစစ်တော့တဲ့  ယောက်ျားလေးတစ်ယောက်ကို လက်ထပ်ရလို့  ဘယ်သူကမှ နွားမလို့ မခေါ်ပေမယ့် အပျိုမစစ်တော့တဲ့ မိန်းကလေး တစ်ယောက်ကို ယူမိရင်တော့ ချို (ဂျို)ပေါက်နေပြီ၊ မြက်ကြိုက်လို့လား  စသဖြင့် ပြောခံရတယ်။ ကောင်မလေးတစ်ယောက်ရဲ့ အပျိုစင်ဘ၀ကို လိုချင်လို့ ချစ်တယ် ဆိုတဲ့ စကားလုံးလေး လှလှပပသုံးပြီး အယုံသွင်းတယ်၊  လိုချင်တာရပြီးတော့ ထားသွားတယ်၊ ပြီးတော့ အဲဒါကို အောင်မြင်မှုတစ်ခုလို ဂုဏ်ယူဝင့်ကြွားစွာ လျှောက်ပြောနေတယ်။ အဲဒီကောင်မလေးရဲ့ လက်ရှိရည်းစားကိုလည်း မင်းက ငါ့အကျ တွဲရတဲ့ကောင်ပါကွာဆိုပြီး  သွားပြောတယ်။ အဲဒီလို ယောက်ျားကိုကျ အားကျနေကြပြီးတော့ ကောင်မလေးမှာ အတိတ်က ကိစ္စတွေရှိခဲ့တာ သိသိကြီးနဲ့ ဒါဟာ ဒီမိန်းကလေးရဲ့တန်ဖိုးကို မကျစေသလို၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာလည်း ဘာပြဿနာမှမရှိဘူးလို့ ခံယူတဲ့အတွက် မြတ်မြတ်နိုးနိုးနဲ့  လက်ထပ်လိုက်တဲ့ ယောက်ျားကိုတော့ ကျွန်တော်တို့က နွားတံဆိပ်ကပ်တယ်။

ဒီလိုသတ်မှတ်ချက်တွေကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးပဲ ဖြစ်ချင်တယ်ဆိုတဲ့ အယူအဆတွေ လွှမ်းမိုးလာသလို၊ ကိုယ့် ဟာကိုယ် အဆင်ပြေပါတယ်ဆိုတောင် ပတ်ဝန်းကျင်ရဲ့ တံဆိပ်ကပ်မှုကို မခံနိုင်လို့ အဆုံးသတ်လိုက်ရတဲ့ Relationship တွေ အများကြီးရှိနေပါတယ်။

၇။ သူများသားသမီးကို နှစ်ရှည်လများတွဲပြီး ခုထိမယူသေးဘူး

(ဒီနေရာမှာ လက်ထပ်မယ်လို့ အယုံသွင်းပြီး ကာမလိမ်လည်ရယူတာတွေ၊ အပျော်သက်သက် တွဲတာတွေကိုတော့ ထည့်မပြောပါဘူး။)  ဒါက ရည်းစားသက်တမ်းကြာလာရင် မိန်းကလေးဆိုတာ တန်ဖိုးကျကျလာတယ်ဆိုတဲ့ အမြင်နဲ့ ဆက်စပ်တယ်။ မိန်းကလေးတွေမှာလည်း  ဒီအမြင်ရဲ့ဒဏ်ကို မခံနိုင်ကြတဲ့အတွက် နှစ်တွေကြာလာ၊ တစ်ယောက်ကို တစ်ယောက်သိလာလို့ အဆင်မပြေတော့ဘူးဆိုရင်တောင် မပြတ်ရဲတော့ဘူး။ ဒီလိုပဲ ကြိတ်မှိတ်နေလိုက်ကြ၊ လက်ထပ်လိုက်ကြ၊ ကောင်လေး မူမမှန်တော့တာကိုတောင် အမျိုးမျိုးသည်းခံကြရနဲ့ ဖြစ်ကုန်တယ်။ အဲဒီလိုပဲ၊ ယောက်ျားလေးတွေကိုလည်း သူများသားသမီးကို ဒီလောက်နှစ်ရှည်လများ တွဲခဲ့ပြီး မယူသေးဘူးလားလို့ ပြောခံရတာပဲ။ အကြောင်းကြောင်းကြောင့် လမ်းခွဲလိုက်ရင်လည်း လူမဆန်တဲ့ကောင်လို မြင်ကြတာ။ တကယ်တော့ သူတို့ဟာသူတို့ အဆင်မပြေလို့ လမ်းခွဲလိုက်တာ၊ အေးအေးဆေးဆေးပဲ။ ပတ်ဝန်းကျင်ကသာ အဲဒီလိုမျိုးတွေ ပြောနေကြတာ။

၈။ ငွေရှာကောင်းရမယ်

တက္ကသိုလ်ကနေ ဘွဲ့ရလာရင် မိန်းကလေးတွေက ပညာဆက်သင်ဖို့ အာရုံရှိနေချိန်၊ ယောက်ျားလေးတွေက ငွေရှာဖို့ကို ပိုဦးစားပေးရတယ်။ ငါ သူများသားသမီးကို ယူပြီးရင် သူ့အဖေထားတာထက် မသာတောင် တင့်တင့်တယ်တယ်လေးတော့ ထားနိုင်မှ ဆိုပြီးတော့ပေါ့။

မိသားစုတစ်စုမှာ ယောက်ျားက ပိုက်ဆံရှာပြီး မိန်းမက အိမ်ထောင်မှုထိန်းသိမ်းတယ်ဆို အေးအေးဆေးဆေးပဲ ဘာမှမဖြစ်ဘူး။ ဘယ်သူက မှလည်း မိန်းမကို ယောက်ျားပုဆိုးနား ခိုစားတယ်လို့မပြောဘူး။ ဒါ သာမန်လို့ပဲ မြင်ကြတယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာလည်း လုံခြုံမှုရှိတယ်။  ယောက်ျားက အားကိုးရတယ်ပေါ့။ ပြောင်းပြန်အနေနဲ့ မိန်းမက ပိုက်ဆံရှာပြီး ယောက်ျားက နောက်က ပံ့ပိုးပေးမယ် ဆိုပါတော့။ သူတို့ဟာသူတို့ အဆင်ပြေနေရင်တောင် ပတ်ဝန်းကျင်က ပြောကြမယ်။ မိန်းမထမီနား ခိုစားတယ် ဆိုပြီး။

ယောက်ျားတော်တော်များများကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ စိတ်လုံခြုံမှု မရှိဘူး။ ကြာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ သူ့ထက်သာနေတဲ့ မိန်းမဖြစ်သူကို အလိုလိုနေရင်း ကြည့်မရတော့ဘူး။ သူနဲ့ အတူတွဲလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်လေးစားမှုပျောက်လာတယ်။ ဒီတော့ ဘုရင်မနားကနေခွာပြီး မိဖုရားရှာတယ်။ ဒီမိဖုရားဟာ  ဘုရင်မလောက်လည်း မလှဘူး၊ မတော်ဘူး၊ ငွေကြေး မပြည့်စုံဘူး။ ဒါပေမဲ့ သူကတော့ ဘုရင်ဖြစ်ခွင့်ရတယ်။ ဒီလိုနဲ့ အိမ်ထောင်ရေးဖောက်ပြန်တာတွေ ဖြစ်လာတယ်။

ဒါတွေက ကျွန်တော်စဉ်းစားမိတဲ့ ဥပမာတချို့ပေါ့။ သေချာဖတ်ကြည့်လိုက်ရင် ဘာသွားတွေ့မလဲဆိုတော့ မိန်းကလေးတွေကို ထိခိုက်နစ်နာစေတဲ့၊ ရုတ်တရက်ဆို ကျွန်တော်တို့ ယောက်ျားတွေ အသာရနေတယ်လို့ထင်ရတဲ့ ကိစ္စတွေကပဲ ကျွန်တော်တို့ကို ထိခိုက်စေနေတာ ဖြစ်ပါတယ်။

ဥပမာ – မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကို အပျိုစစ်ခြင်းနဲ့  တိုင်းတာနေတာကပဲ ကျွန်တော်တို့ကို နွားဖြစ်စေတာ၊ ချိုပေါက်စေတာ။  နှစ်တွေကြာလာရင် မိန်းကလေးက တန်ဖိုးကျလာတယ် ဆိုတဲ့အမြင်ကပဲ  ကျွန်တော်တို့ကို နှမသားချင်းမစာနာတဲ့သူတွေ ဖြစ်လာစေတာ။ ‘စီးတဲ့ ရေ ဆည်တဲ့ကန်သင်း’ ဆိုတာက အမျိုးသမီးတွေကို ကိုယ်ပိုင်ဝင်ငွေမရှိ၊  ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တော့ဘဲ ယောက်ျားအနိုင်ကျင့်သမျှ ငြိမ်ခံရတဲ့ လူတစ်ယောက် ဖြစ်လာစေသလို၊ ယောက်ျားတွေအတွက်လည်း ငွေရှာကောင်းရမယ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေတာ။ ကိုယ်များ မတော်တဆ အသက်ဆုံးပါးသွားတဲ့အခါ ကိုယ့်သားသမီးတွေနဲ့ ကိုယ့်မိသားစုကို ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခတွေဖြစ်ပြီး ကျန်ခဲ့စေတာ။

ဒါကြောင့် ဒီလို လူမှုအသိုင်းအဝိုင်းကြားမှာ ရှိနေတဲ့အမြင်တွေကို  ပြောင်းလဲပစ်ဖို့ဟာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တာမဟုတ်ဘူး၊  အမျိုးသားတွေအတွက်လည်း လိုအပ်တယ်။ ဒီအမြင်တွေကြောင့် အမျိုး သမီးတွေ ထိခိုက်နစ်နာရသလို၊ ဒီလိုဘောင်တစ်ခုထဲ အံဝင်ခွင်ကျဖြစ် မနေတဲ့ အမျိုးသားတွေဟာလည်း ကဲ့ရဲ့ပြစ်တင်ခံနေရတယ်၊ ဒီအမြင်တွေကြောင့် သူတို့တင် ထိခိုက်ခံစားနေရတာမဟုတ်ဘဲ ကျွန်တော်တို့လည်း  နစ်နာနေရတယ်ဆိုတာကို သိစေချင်ပါတယ်။ နောက်ပြီး အဲဒီအမြင်တွေ လျော့နည်းပပျောက်သွားဖို့ ကြိုးစားကြတဲ့ နေရာမှာလည်း အမျိုးသား တွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ ဒါမှပဲ ပိုမိုအောင်မြင်မှုရလာမှာဖြစ်တယ်ဆိုတာကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒီနှစ် နိုင်ငံတကာအမျိုးသားများနေ့ (International Men’s Day) အထိမ်းအမှတ်အနေနဲ့ တင်ပြဆွေးနွေးလိုက်ရပါတယ်။

ဒေါက်တာဖြိုးသီဟ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *