သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း

လက်ရှိရုံတင်ပြသနေတဲ့ ကြတ်ဂူဇာတ်ကားကို ပုံဖော်ဖန်တီးရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ဇာတ်ကားအတွက် ပြင်ဆင်မှု အပိုင်းတွေနဲ့ အနုပညာလှုပ်ရှားမှု အကြောင်းတွေကို သရုပ်ဆောင်လူမင်းကို မေးမြန်းထားတာဖြစ်ပါတယ်။

“အစ်ကိုက ဒါရိုက်တာအဖြစ် ကားတွေအများကြီးမရိုက်ပါဘူး။ အဓိကတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားပြီးတော့ ကိုယ့်စိတ်တိုင်းကျ ဖန်တီးခွင့်ရမယ့်အခြေအနေမျိုးမှ လက်ခံဖြစ်တာပါ။ ဒါရိုက်တာအဖြစ်ရိုက်တဲ့ကားတွေမှာလည်း ပုံသေကြီးတွေမလုပ်ချင်ဘူး”

Voice :       ကြတ်ဂူဇာတ်ကား ရိုက်ကူးပုံဖော်ဖြစ်ရာကနေ စပြောပေးပါဦး။

LM    :        ဒီဇာတ်ကားက တိုက်တိုက်ဆိုင်ဆိုင် ရိုက်ဖို့အတွက် ပြင်ဆင်နေတုန်းမှာပဲ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြတ်ဂူအကြောင်း ပို့စ်တွေ တင်ထားတာတွေ တွေ့ရတယ်။အဲဒီတော့ စိတ်ဝင်စားသွားပြီး ကယား ပြည်နယ်ဘက်ကို Location တွေ ထွက်ဖြစ်တယ်။ အဲဒီပတ်ဝန်းကျင်က အကြောင်းအရာတွေကို သေချာလေးလေ့လာပြီးတော့မှ ကြတ်ဂူဆိုတဲ့ ဇာတ်ကားက ဖြစ်လာတာပါ။

Voice :       သမိုင်းကြောင်းတွေအပြင်  ဂူထဲမှာ ရိုက်ရတော့ အခက်အခဲ ဘာတွေဖြစ်မလဲ။

LM    :        ရုပ်ရှင်အဖြစ် ဖန်တီးတဲ့အခါမှာတော့ အနှောင့်အသွားလွတ်အောင် ဖန်တီးတယ်။ ဒေသခံတွေ ယုံကြည်တဲ့ဟာ ဆိုရင်လည်း ယုံကြည်တဲ့အတိုင်းပဲ။ ဒါပေမဲ့ စာပေမှတ်တမ်းမှတ်ရာတွေ မရှိတဲ့အတွက် ပါးစပ်ပြောရာဇဝင်တစ်ခုကို ဒိုင်ယာလော့ခ်နဲ့ ပြန်လုပ်ရတာတွေတော့ ရှိတယ်။ ရှိတဲ့အတိုင်းကြီး အကုန်လုံးတော့ ရိုက်ပြလို့ မရတာတွေ ရှိတယ်။ တချို့ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေက သိပ္ပံရပ်ဆိုင်ရာတွေနဲ့ အလှမ်းကွာတဲ့ ကိစ္စရပ်မျိုးတွေရှိတော့ တကယ့်တွေ့ကြုံခဲ့ရတဲ့သူတွေကို တွေ့ဆုံမေးမြန်းထားတာတွေ ရှိတယ်။ တချို့ အကြောင်းအရာတွေကျတော့ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းလို့ မသင့်တော်တာတွေလည်းရှိတော့ အဲဒါမျိုးတွေကိုတော့ ချန်လှန်ထားခဲ့တာတွေ ရှိပါတယ်။ ပြီးတော့ အရမ်းထူးဆန်းအံ့ဩတာတွေလည်း အများကြီးသိခဲ့ရတယ်။ အခက်အခဲတွေက ဂူထဲမှာရိုက်ချင်တော့ DOP အဖြစ် ဆောင်ရွက်တဲ့ ဝင်းလွင်ထက်ကလည်း မီးစက်ကြီးနဲ့ ဂူအတွင်းထဲထိ ရောက်အောင်ကို အတော်လေး ကြိုးစားရတယ်။ ပြီးတော့ သုံးတဲ့မီးအားတွေကလည်း အားကောင်းတဲ့ဟာတွေ လိုချင်တာမို့ မီးစက်က တောင်အောက်နားက ဂူခြေမှာ ထားခဲ့ရတော့ မီးရဖို့အတွက်ကို တော်တော်လေး ကြိုးစားရပါတယ်။ ဂူအထဲမှာ ရိုက်တော့ အသက်ရှူကျပ်တာတွေနဲ့ မှိုင်းတွေနဲ့ ပိတ်မိနေတာမျိုးတွေရှိတော့ တစ်နေ့တစ်နေ့ ရိုက်ပြီးတာနဲ့ မှိုင်းတွေ စွဲနေတာတွေကတော့ အမှတ်တရပါပဲ။

Voice :       ဒီကားထဲမှာ သရုပ်ဆောင်၊  ဒါရိုက်တာနှစ်မျိုးလုံး ပါဝင်ထားတော့ ကိုယ့် သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု ဘယ်လောက်ထိရခဲ့လဲ။

LM    :        သရုပ်ဆောင်အပိုင်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင် လျော့တယ်လို့ ထင်တယ်။ အဓိကဒါရိုက်တာအပိုင်းကို စိုးရိမ်စိတ်က များနေတာ။ အဲဒီတော့ ဒါရိုက်တာပိုင်းကို အာရုံစိုက်ရနေရတဲ့အတွက် သရုပ်ဆောင်အပိုင်းတွေမှာ တချို့အခန်းတွေက အားလျော့နေတာတွေ ရှိပါတယ်။

Voice :       ဒါရိုက်တာအဖြစ် လာကမ်းလှမ်းတဲ့အခါ ဘယ်အချက်တွေ ကြည့်ပြီး လက်ခံဖြစ်လဲ။

LM    :        အစ်ကိုက ဒါရိုက်တာအဖြစ် ကားတွေ အများကြီးမရိုက်ပါဘူး။ အဓိကတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားပြီးတော့ ကိုယ့်စိတ်တိုင်းကျ ဖန်တီးခွင့်ရမယ့် အခြေအနေမျိုးမှ လက်ခံဖြစ်တာပါ။ ဒါရိုက်တာအဖြစ် ရိုက်တဲ့ကားတွေမှာလည်း ပုံသေကြီးတွေ မလုပ်ချင်ဘူး။ တစ်ကားနဲ့ တစ်ကား မတူအောင် ရိုက်ချင်တယ်။ ဥပမာ – အနုဘစ်ဆိုရင် ခေတ်လွန်တဲ့ ပုံစံသွားထားတယ်။  Reflection ဆိုရင်လည်း မင်းသမီးလေးယောက် ဖိုက်တင် မထိုးတတ်မှန်း သိတယ်။ ဒါပေမဲ့ Entertainment သီးသန့်ရိုက်ချင်လို့ ရိုက်ဖြစ်တာပါ။ အခုဒီကားကတော့ ထုတ်လုပ်ရေးကလည်း ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ သူတို့ ခွင့်ပြုနိုင်သလောက် အတိုင်းအတာထဲကနေ ဇာတ်ကားကောင်းဖို့ အများကြီး ပံ့ပိုးပေးထားပါတယ်။ ပြီးတော့ အစ်ကို ဒါရိုက်တာအဖြစ်  ရိုက်တဲ့ ကားတိုင်းမှာလည်း တစ်ကားနဲ့ တစ်ကားမတူတဲ့ အတွက် ကျေနပ်ပါတယ်။ ဒီကားဆိုရင် ဇာတ်ကောင်တွေအားလုံးမှာ Strong ဖြစ်တဲ့ ကာရိုက်တာတွေ ရှိတယ်။ ကာရိုက်တာတွေက Strong ဖြစ်တဲ့အပြင် ကြတ်ဂူအကြောင်းအရာတွေကလည်း အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ အစ်ကိုတို့ တွေ့ဖူးမြင်ဖူးနေကျမဟုတ်တော့ ဒီကားက အတော်လေးအားရတဲ့ ကား တစ်ကားလို့ ပြောချင်ပါတယ်။

Voice :       ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ အတွက် ဘယ်လောက်ထိ ပြင်ဆင်ပြီးသွားပြီလဲ။

LM    :        အစ်ကိုအရှေ့မှာ ဖြေထားသလောက်ပါပဲ။ ဒီလကုန်လောက်တော့ အစည်းအဝေးတစ်ခု ထပ်လုပ်မယ်။ အဲဒီ အခါကျရင် သတင်းထုတ်ပြန်စရာတွေ အများကြီးရှိလာမှာပါ။ အဲဒီတော့မှပဲ ပြောချင်ပါတယ်။

Voice :       ပရိသတ်ကို ဘာများဖြည့်စွက်ပြောချင်လဲ။

LM    :        အခုဆိုရင် ဇာတ်ကားတွေက အပြိုင်အဆိုင် ရုံတင်နေကြတော့ ပရိသတ် တွေအနေနဲ့ စိတ်ကြိုက်ဇာတ်ကားတွေကို ရွေးချယ်ကြည့်ရှုခွင့်တွေ ရနေပါပြီ။ ရုံတွေ ဘယ်လောက်ပဲ အပြိုင်အဆိုင်တွေ ပြပြ ဇာတ်ကားတွေ အပြိုင်အဆိုင်ရုံတင်နေပေမယ့် ကျွန်တော်တို့နဲ့ ပရိသတ်တွေက နှစ်ဖက်ပဲ ရှိပါတယ်။ အပိုင်းပိုင်းတွေ ကွဲနေကြတာ မဟုတ်ပါဘူး။ ပရိသတ်တွေကို ပြောချင်တာကကျွန်တော်တို့ မြန်မာ့ရုပ်ရှင်ကားတွေများစွာ ဝေဖန်ခံခဲ့ရပေမယ့် ရုပ်ရှင်အနုပညာကို တကယ်ချစ်မြတ်နိုးတဲ့ သူတွေက ကိုယ့်အသိစိတ်နဲ့ ကိုယ် ကြိုးစားနေကြတာပါ။ အဲဒီတော့ အခုရုံတင်နေတဲ့ ကြတ်ဂူကားကို ကြည့်ပြီး ပရိသတ်တွေ ဝေဖန်အကြံပြုပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *