ပြည်ပချေးငွေဖြင့် စည်ပင်က ဆောင်ရွက်မည့်စီမံကိန်းများ တိုင်းလွှတ်တော်ဘဏ္ဍာရေးကော်မတီ ကန့်ကွက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ထံမှ ယူရိုငွေသန်း ၇၀ (အမေရိကန်ဒေါ်လာသန်း ၁၀၀ခန့်) ဖြင့် မြစ်ချောင်း၊ ဈေးနှင့် ပန်းခြံများအဆင့်မြှင့်တင်မည့် စီမံကိန်းကို ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်၍ ပြောင်းလဲခြင်းမရှိပါက တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ကန့်ကွက်ရန်စီစဉ်နေကြောင်း အဆိုပါကော်မတီအတွင်းရေးမှူးဦးကျော်ဇေယျက ပြောကြားသည်။

YCDC က ပြင်သစ်ချေးငွေဖြင့် မြစ်ချောင်း၊ ဈေးနှင့် ပန်းခြံများ အဆင့်မြှင့်တင်မည့် စီမံကိန်းလုပ်ဆောင်မည့်အကြောင်း နိုဝင်ဘာလ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

YCDC သည် ပြည်ပချေးငွေယူသည့် ပမာဏများပြားနေသည့်အပြင် ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းအချို့သည် မြေပြင်တွင် သိသာထင်ရှားသည့် ရလဒ် မတွေ့ရသည့်အတွက် ကန့်ကွက်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်တုန်းကလည်း ချေးငွေတွေ အရမ်းသုံးခဲ့တယ်။ ဒေါ်လာ ၁၀၄ သန်းရေကြီးရေလျှံမှုအတွက် သုံးတာပဲ။ အဲဒီ အစီအစဉ်တွေ အများကြီးရှိခဲ့ဖူးတယ်။ အခုလည်းပဲ မြစ်ချောင်းအတွက် သုံးမယ်။ ချေးငွေဆိုတာ ပြန်ဆပ်ရမှာလေ။ ရန်ကုန်တိုင်းအစိုးရ ပြန်ဆပ်ရမှာ။ ဒါလေးတွေကျတော့ သေသေချာချာ ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

YCDC သည် ပြည်ပချေးငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၆၆ သန်းချေးယူထားပြီး ထပ်မံ၍ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးလျှင် ပြည်ပချေးငွေ စုစုပေါင်း သန်း ၇၀၀ခန့် ရှိမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်က နိုဝင်ဘာလ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်အတွင်း YCDC က မြို့တွင်းခြောက်မြို့နယ် ရေကြီးရေလျှံမှုကာကွယ်ရန်၊ အများနှင့် သက်ဆိုင်သည့် အဆောက်အအုံများ မွမ်းမံရန်၊ ဂျိုးဖြူရေလှောင်တမံ၊ ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံ၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူးရေတွန်းစက်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သိမ်ကြီးဈေး(A)ရုံနှင့် (B) ရုံတို့ကို ပြင်ဆင်ရန်အတွက် ကမ္ဘာ့ဘဏ် ချေးငွေအမေရိကန်ဒေါ်လာ ၁၀၄ သန်း ချေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအရ သိရှိရသည်။

ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ AFD ချေးငွေဖြင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကာကွယ်ရန်၊ ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်း တူးဖော်ခြင်း၊ မြစ်ကမ်းပါးအလှဆင်ခြင်း၊ ပုဇွန်တောင်ဈေး၊ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဆွေးနွေးချက်များအရ သိရသည်။

ယင်းစီမံကိန်းများဆောက်မည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးထားသည်။

ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်၍ ပြောင်းလဲခြင်းမရှိပါက ရန်ကုန်တိုင်းလွှတ်တော်တွင် ကန့်ကွက်ရန်စီစဉ်ထားကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *