INGO များ စီးပွားရေးလုပ်လိုသဖြင့် ဘင်္ဂါလီများကို မြန်မာသို့ မပြန်ခိုင်းဟု သမ္မတရုံးပြောခွင့်ရှိသူပြော

ရန်ကုန်၊ နိုဝင်ဘာလ၂၃

ဘင်္ဂလားဒေ့ရှ်တွင်ရောက်ရှိနေသည့် ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ မပြန်ရန်ပြောဆိုခြင်းမှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်း (INGO) များက ဒုက္ခသည်များကို အကြောင်းပြုကာ စီးပွားရေးလုပ်လိုခြင်းကြောင့်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်သူအချို့၏ ပြောဆိုချက်အရ INGO များအခိုင်အမာအခြေချရန် အဆောက်အအုံများ ဆောက်လုပ်နေဆဲဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က သမ္မတရုံးတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသည်။

“တိုက်တွေ ဆောက်တာမပြီးသေးဘူး။ သူတို့က အခိုင်အမာ အဲဒီမှာ နေမှာ။ အခိုင်အမာအဆောက်အအုံတွေ ဆောက်နေတာ မပြီးသေးဘူး။ ပြီးရင်ဘာလုပ်မလဲဆိုတော့ Business တွေ အများကြီးလုပ်လို့ ရမယ်”ဟု ဦးဇော်ဌေးက ဆိုသည်။

ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ မပြန်လျှင် သိန်းနှင့်ချီသည့် ဘင်္ဂါလီဒုက္ခသည်များအတွက် စားနပ်ရိက္ခာတင်သွင်းမှု၊ ကျန်းမာရေး၊ ကလေးသူငယ်ကိစ္စ၊ အမျိုးသမီးများအရေး စသည့်ကိစ္စရပ်များစွာအတွက် INGO များ စီမံကိန်းများအချိန်ကြာမြင့်စွာ လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီဟာသည် တကယ့်ကို INGO Business အကြီးကြီးရှိနေတယ်။ အဲဒါကြောင့် INGO တွေက IDP Camp က သူတွေကို မပြန်ဖို့ ပြောနေတာ”ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂါလီများပြန်လည်လက်ခံရေးအစီအစဉ်တွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် UNHCR နှင့် UNDP တို့ ပါဝင်မည်ဖြစ်ပြီး UNHCR သည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၊ UNDP သည် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံကိုလည်း ဖိတ်ခေါ်ထားပြီး ၎င်းတို့က ကနဦး လာရောက်လေ့လာစစ်ဆေးကာ ပါဝင်မည့်နေရာ ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်ရန် အစိုးရမဟုတ်သည့် လွတ်လပ်သည့် အဖွဲ့အစည်းများက စောင့်ကြည့်အကဲဖြတ်နိုင်ရန်စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရသဘောတူညီချက်ဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထွက်ပြေးဘင်္ဂါလီများကို ပထမအသုတ်ဖြစ် လက်ခံရန်စီစဉ်ခဲ့သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ရပ်ဆိုင်းခဲ့သည်။

ယင်းလုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲကျင်းပပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းမှသာ ပြန်လည်စတင်နိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *