မြန်မာ့ဒီမိုကရေစီ ခရီးရှည်အတွက် ခြေလှမ်းငယ်များ

မြန်မာနိုင်ငံသည် ကိုယ်ကျိုးကိုသာ ကြည့်သည်ဟု စွပ်စွဲခံရသော  တပ်မတော်ခေါင်းဆောင်တစ်စု၏ အုပ်ချုပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင်ခံခဲ့ရသည်။ ကြီးမားထင်ရှားသောပြောင်းလဲမှုအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ၂၀၀၈ တွင် ပေါ်ထွက်လာခဲ့ပြီး ပြည်နယ်နှင့် တိုင်း ၁၄ ခုသော အစိုးရနှင့် လွှတ်တော်များကို ဖန်တီးခြင်းဖြင့် ဒီမိုကရေစီနည်းကျ ကွဲပြားစုံလင်သော အင်အားစုများကို ပါဝင်ခွင့်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ အနှစ်သာရအားဖြင့်တော့ အထက်မှ အောက်၊ အာဏာဖြင့် အုပ်ချုပ်သည့်စနစ်မှ ဒေသန္တရအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်များအထိ ဒီမိုကရေစီနည်းကျ ပြည်သူကို ကိုယ်စားပြုမှုရှိပြီး ပြည်သူ့ဆန္ဒနှင့် လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်မည့် ထိရောက်သော ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ အခြေပြုတည်ဆောက်ရန်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထွက်ပေါ်လာခြင်းက ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဖြစ်စဉ်၏ အစဖြစ်ကာ ပြည်သူလူထုပါဝင်မှု အားကောင်းလာရန်နှင့် ဒေသန္တရလိုအပ်ချက်များကို ပိုမိုတုံ့ပြန်ဖြည့်ဆည်းမည့်  အလွန့်အလွန်ကောင်းသော အလားအလာဖြစ်သည်။  အာရှဖောင်ဒေးရှင်း၏ ထင်ရှားသော သုတေသနစာတမ်းကို အသစ်တည်းဖြတ်ထုတ်ဝေမှုလည်း ဖြစ်၊ မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြစ်စဉ် ငါးနှစ်တာပြောင်းလဲတိုးတက်မှုအနေအထားကို သုံးသပ်တင်ပြထားသော ‘မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ’ စာတမ်းကို အောက်တိုဘာ ၃၁ တွင် ထုတ်ဝေခဲ့သည်။ အဆိုပါစာတမ်းက ရှေ့ဆက်ကြုံတွေ့ရမည့်  အခက်အခဲ စိန်ခေါ်မှုများကို ဖော်ပြထားသလို အားတက်ဖွယ်ရာအဖြစ် အုပ်ချုပ်စီမံမှုတွင် တာဝန်ခံမှုတိုးလာခြင်း၊ ဒေသဆိုင်ရာလိုအပ်မှုကို  ပိုမိုဖြည့်ဆည်းနိုင်ခြင်းနှင့် လူထုပါဝင်မှု မြင့်တက်လာခြင်း စသည့် အပြုသဘောဆောင်သော လက္ခဏာများကိုလည်း တွေ့ရှိချက်များအဖြစ်  ဖော်ပြထားပါသည်။ 

လူထုပူးပေါင်း ပါဝင်သော၊ ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ချမှတ်ထားသော ဥပဒေ များနှင့် မူဝါဒများအပေါ် အုပ်ချုပ်ခံပြည်သူများ ပိုမိုလွှမ်းမိုးပါဝင်နိုင်သည့် အင်အားကိုရရှိစေပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအမြစ်တွယ်မှု အားကောင်း  စေနိုင်ပါသည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးနေသည့်ကာလမျိုးတွင်  တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက ထိရောက်ပြီး တုံ့ပြန်ဖြည့်ဆည်းပေးနိုင်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အဦများကို ဆောင်ယူပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့က မြန်မာနိုင်ငံ၏ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခများကို အဆုံးသတ်မည့် မျှော်လင့်ချက်ကိုလည်း ပေးနိုင်သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေက တည်ဆောက်ပေးထားသည့် အခင်းအကျင်းစနစ်သည် ရေရှည်တည်မြဲမည့် ငြိမ်းချမ်းရေးရရှိရန်အတွက် မလုံလောက်သေးချိန်တွင် နိုင်ငံလုံးဆိုင်ရာ  အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားသည့်အဖွဲ့များက အနာဂတ်စနစ်သည် ဖက်ဒရယ်အသွင်တစ်မျိုးပေါ်တွင် အခြေခံရမည်ဟု ဘုံသဘောတူညီထားကြသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြစ်စဉ်က အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် အခြေခံအုတ်မြစ်များ ဖန်တီးပေးနိုင်သလို  ပြည်နယ်/တိုင်းဒေသကြီးတို့မှ အင်အားစုများကိုလည်း ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီမံနိုင်သည့် စွမ်းရည်နှင့် အတွေ့အကြုံများ ပေးစွမ်းနိုင်ပါသည်။

သို့သော်လည်း ဗဟိုချုပ်ကိုင်မှုဖြစ်စဉ်သည် ကောင်းသောအကျိုးသက်ရောက်မှုများသာ ရရှိမည်ဟု အာမခံနိုင်ခြင်း မရှိသေးပါ။ ကောင်းမွန်သော အကျိုးကျေးဇူးများရရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ပိုမို ကြီးလေးသော တာဝန်ဝတ္တရားများကို စီမံဆောင်ရွက်ရာတွင်  လုပ်ဆောင်နိုင်စွမ်းနှင့် တာဝန်ခံနိုင်မှု အပြည့်အဝရှိရမည်ဖြစ်သည်။  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အင်အားစုအားလုံးသည် ပထမဦးဆုံးအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ အုပ်ချုပ်မှုစနစ်က မည်ကဲ့သို့ အလုပ်လုပ်သည်၊ မည်သည့်နေရာတွင် အခွင့်အလမ်းနှင့်  စိန်ခေါ်မှုများရှိသည်ကို ဦးစွာနားလည်သဘောပေါက်ရမည်ဖြစ်သည်။  အာရှဖောင်ဒေးရှင်း၏ ယခုစာတမ်းကလည်း ထိုကဲ့သို့ နားလည်လာစေရန် သို့မဟုတ် နားလည်သဘောပေါက်မှု ပိုမိုအားကောင်းစေရန် ရေးသားထားခြင်းဖြစ်သည်။ စာတမ်းပထမဆုံးအကြိမ် ထုတ်ဝေမှု ငါးနှစ်အကြာ  ယခု အသစ်တည်းဖြတ်ထုတ်ဝေမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ဖန်တီးခဲ့ချိန်မှစ၍ ပေါ်ထွက်လာသည့် အဓိကတူရူချက်များကို သုံးသပ်ဖော်ပြထားသလို လာမည်နှစ်များအတွက် မူဝါဒချမှတ်ခြင်းဆိုင်ရာ အခင်းအကျင်းကို ပုံသွင်းပေးနိုင်မည့် အရေးကိစ္စများကိုလည်း  သုံးသပ်ဖော်ပြထားပါသည်။

အာရှဖောင်ဒေရှင်း မူလစာတမ်းထုတ်ဝေပြီး ငါးနှစ်အကြာ၊ ယခုချိန်တွင် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့၏ အစိုးရများသည် တာဝန်ယူမှု ပိုရှိလာသည်မှာ ထင်ရှားသိသာပါသည်။ ၎င်းတို့ သည် ဒေသဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တိုးမြှင့်ဦးဆောင်လာကြသည်၊ တရားဥပဒေစိုးမိုးမှုရှိရန် ကြိုးစားခြင်း  အထူးသဖြင့် မြေယာအခွင့်အရေးကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်လည်း ပိုမိုအားစိုက်လာခဲ့သည်။ ဒေသခံပြည်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သော မူဝါဒနယ်ပယ်အသစ်များရေးဆွဲရန် ကနဦးလုပ်ဆောင်မှုများကို လုပ်ဆောင်လာကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အရေးပါမှု တိုးမြင့်လာခြင်းကို ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်နှစ်ခုတွင် တွေ့နိုင်သည်။ ပထမဆုံးအချက်မှာ တိုင်းနှင့်ပြည်နယ် ဘတ်ဂျက်သည် မူလအရွယ်အစားထက်  သုံးဆနီးပါးမြင့်တက်လာသည်။ ဖွံ့ဖြိုးရေးကို စွမ်းဆောင်နိုင်လောက်သည့် ပမာဏအဖြစ် ယမန်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် သုံးစွဲနိုင်ခဲ့သည်။  ဒုတိယအချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရဌာနများသည် ပြည်ထောင်စုဝန်ကြီးဌာနများ၏ အစိတ်အပိုင်းအဖြစ် ရှိနေသေးသော်လည်း တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများမှာမူ ဆုံးဖြတ်ချက်ချမှတ် ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊နှင့် မူဝါဒချမှတ်ခြင်းတို့တွင် တိုးမြှင့်ပါဝင်လာနိုင်ခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့ကို ပိုမို၍တာဝန်ခံမှုရှိလာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လွှတ်တော်များကိုလည်း ဖန်တီးပေးခဲ့သည်။ အဆိုပါလွှတ်တော်များတွင် မတူညီသော နိုင်ငံရေးပါတီ ၂၁ ပါတီ ကိုယ်စားပြုမှုရှိပြီး ကိုယ်စားလှယ်နေရာ သုံးပုံတစ်ပုံ နီးပါးကို ဒေသဆိုင်ရာ သို့မဟုတ် တိုင်းရင်းသားပါတီများက ရယူထားခြင်းကြောင့် လွှတ်တော်များသည် ကွဲပြားစုံလင်၍ အရေးကြီးသော နိုင်ငံရေးဖိုရမ်များကဲ့သို့  ဖြစ်လာခဲ့သည်။ အရေးကြီးသော တိုးတက်မှုအဖြစ် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ဦးရေ သုံးဆမြင့်တက်လာသည်ကို တွေ့ရပြီး ထိုထက်ပိုသော တိုးတက်မှု ဖြစ်စဉ်ကတော့ လိုအပ်နေသေးသည်။  

လွန်ခဲ့သော ငါးနှစ်အတွင်း အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကဲ့သို့ နေရာမျိုးနှင့် နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းကဲ့သို့သော အကြောင်းအရာမျိုးတွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို စိစစ်ထိန်းကျောင်းရာ၌ ပိုမို၍ အားကောင်းယုံကြည်မှု ရှိလာသည်။ ဒေသခံပြည်သူများအတွက် အကျိုးသက်ရောက်မှု ရှိသော အရေးကြီးဥပဒေများ ပြဋ္ဌာန်းခဲ့သည်၊ ထို့ပြင် ၎င်းတို့မဲဆန္ဒနယ်မှ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကို ဖော်ထုတ်နားထောင်ပြီး တုံ့ပြန်ဖြည့်ဆည်းပေးရန် အစိုးရအဖွဲ့ဝင် အင်အားစုများနှင့် အားတက်သရော ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

 ၂၀၀၈ အခြေခံဥပဒေသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် လွှတ်တော်များကို ဖန်တီးပေးခဲ့သော်လည်း တိုင်းဒေသကြီး/ပြည်နယ်အောက်အဆင့်တွင် အစိုးရနောက်တစ်ဆင့် (တတိယအဆင့်) ကို ဖန်တီးပေးခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဒေသန္တရအုပ်ချုပ်စီမံမှုတွင် ယခင်က  ရှိခဲ့သည့် အခင်းအကျင်းအတိုင်း ဆက်လက်တည်ရှိနေပြီး ပြည်သူလူထုပါဝင်မှုနှင့် ဒီမိုကရေစီနည်းကျ တာဝန်ခံမှုတို့တွင် အကန့်အသတ်ရှိနေဆဲဖြစ်သည်။ အထက်ပါအခင်းအကျင်းမှာပင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့သည် ဒေသန္တရအုပ်ချုပ်စီမံမှုတွင် လူထုပါဝင်မှု အားကောင်းစေရန်နှင့် ဒေသခံလူထုလိုအပ်ချက်များကို ပိုမို၍ တုံ့ပြန်ဖြည့်ဆည်းနိုင်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ဦးဆောင်သော အသွင်ပြောင်း အစိုးရသည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများဖန်တီးခဲ့ပြီး လူထုပါဝင်မှု အားကောင်းစေရန် လုပ်ဆောင်ခြင်းနှင့် ဒေသန္တရကော်မတီများ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်းတို့ကို အဓိကထား လုပ်ဆောင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်နှင့် ဒေသခံပြည်သူများအကြား အရေးကြီးသောဆက်သွယ်မှု  လမ်းကြောင်းဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲခဲ့ပြီး ၎င်းရာထူးကို ရွေးကောက်ခံရာထူးဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။  ပြည်ခိုင်ဖြိုးအစိုးရကို ဆက်ခံသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) အစိုးရသည်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ဒေသန္တရရေးရာကိစ္စရပ်များတွင် ပိုမို ပါဝင်ဆောင်ရွက်ရန် တွန်းအားပေးခြင်းဖြင့် လူထုပါဝင်မှုတိုးမြှင့်ရရှိရေးနှင့် တာဝန်ခံမှု အားကောင်းစေရေး ကြိုးစားလုပ်ဆောင်ခဲ့သည်။

သိသာထင်ရှားသည့် တိုးတက်မှုများ ရှိနေသေးသော်လည်း တာဝန်ခံမှု၊ တုံ့ပြန်ဖြည့်ဆည်းမှုနှင့် ပြည်သူလူထုပါဝင်မှု အားကောင်းသော အုပ်ချုပ်စီမံမှုစနစ်တစ်ရပ် အပြည့်အဝဖြစ်ပေါ်လာရန်အတွက်  ဆက်လက်တည်ရှိနေဦးမည့် အတားအဆီးများစွာ ရှိနေပါသေးသည်။  နိုင်ငံ၏ဒေသဆိုင်ရာ အုပ်ချုပ်စီမံမှုအတွင်း ပါဝင်နေသည့် အင်အားစုအားလုံးတို့၏ စွမ်းရည်များကို တည်ဆောက်မြှင့်တင်ပေးရန် လိုအပ်နေသလို အစိုးရအနေဖြင့် လိုအပ်မှုအရှိဆုံးနေရာများတွင် ဘတ်ဂျက်အသုံးပြုရန်၊ ဒီမိုကရေစီနည်းကျရွေးကောက်ခံဒေသန္တရအစိုးရ (တတိယအဆင့် အစိုးရ) မရှိသည့် အဆင့်မျိုးတွင် ဒေသန္တရ အုပ်ချုပ်စီမံမှုကို အားကောင်းအောင် လုပ်ဆောင်ရန်တို့ လိုအပ်နေသေးသည်။

အထက်ပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် မဟာဗျုဟာကျ မြန်မာနိုင်ငံကို ထောက်ပံ့ခြင်းအစီအစဉ် (Myanmar Strategic Support) ကို အာရှဖောင်ဒေရှင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်  အစိုးရများနှင့် လက်တွဲ၍လုပ်ဆောင်နေပြီး Renaissance Institute မှ ပူးပေါင်းအကောင်အထည်ဖော်သူအဖြစ် ပါဝင်သလို DFAT,DFID  နှင့် Swiss Development Cooperation တို့မှ ရန်ပုံငွေထောက်ပံ့ထားခြင်းဖြစ်သည်။ ယင်းအစီအစဉ်သည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများတွင် ရှိသင့်သည့် ပင်မအရေးပါသော စွမ်းဆောင်ရည်များ  တည်ဆောက်ပေးခြင်း၊ ပွင့်လင်းမြင်သာမှုရရှိရန် လုပ်ဆောင်ချက်အဖြစ်  တိုင်းဒေသကြီး/ပြည်နယ် Citizen’s Budget များ ထုတ်ဝေနိုင်ရန်ကူညီခြင်းအပါအဝင် အဓိကအားဖြင့် အစိုးရ၏တာဝန်ခံမှု တာဝန်ယူမှုရှိစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

စိန်ခေါ်မှုများစွာ ရှေ့လျှောက် ကြုံတွေ့ရဦးမည်ဖြစ်သော်လည်း  မြန်မာ့ဒီမိုကရေစီဖြစ်စဉ်ကို အားကောင်းအောင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ၎င်းတို့သည် အရေးပါကြောင်းနှင့် မြန်မာနိုင်ငံအနှံ့ ပြည်သူများ၏ဘ၀အပေါ် ရေရှည်  သက်ရောက်မှုရှိနိုင်သော အဓိကအရေးပါသည့် အခန်းကဏ္ဍကို ပါဝင်နိုင်ကြောင်း ပြသနိုင်ခဲ့သည်။ လာမည်နှစ်များတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏အရေးပါမှုသည် ပိုမို၍ပင် အားကောင်းလာဦးမည်ဖြစ်သည်။

(Richard Batcheler သည် အာရှဖောင်ဒေးရှင်း မြန်မာမှ  သုတေသနပညာရှင်နှင့် မူဝါဒရေးရာ ဆန်းစစ်သူဖြစ်ပြီး ‘မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ် (အသစ်ပြင်ဆင် တည်းဖြတ်ထုတ်ဝေမှု)’ သုတေသနစာတမ်းကို ဦးဆောင်ရေးသားသူလည်း ဖြစ်သည်။)

By Richard Batcheler

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *