ကိုဖိုးသိဖြစ်ရေး လှုပ်ရှားမှု

ဒီတစ်ပတ်တော့ ကျွန်တော် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လိုက်ရေးဖို့ ကြိုးစားခဲ့တဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ New York Times သတင်းစာကြီးရဲ့ အရောင်းရဆုံးစာရင်းမှာ ရှစ်ပတ်စာရင်း ပေါက်ခဲ့တဲ့ စာအုပ်။ စာရေးသူက ကမ္ဘာကျော်ဗြိတိသျှစွယ်စုံကျမ်းအခြေခံပြီး ရေးတာ။ ကျွန်တော်က မြန်မာပီပီ မြန်မာစွယ်စုံကျမ်းနဲ့ ရေးမယ်ပေါ့။

စာအုပ်လေးက အစွန်းအထင်းတွေတောင် များနေပြီ။  ထွက်တဲ့ ခုနှစ်ကြည့်တော့ ၂၀၀၄။ ဒီစာအုပ် ကျွန်တော်ဖတ်ခဲ့တာ ၁၂ နှစ် ၁၃ နှစ်ရှိပြီ။ အချိန်ကုန်တာ မြန်လိုက်တာ။  ကျွန်တော်ရေးဖို့ စိတ်ကူးခဲ့တဲ့ စာအုပ်တွေလည်း မနည်းတော့ဘူး။ တစ်အုပ်မှလည်း မရေးရသေး။ ထားပါတော့။ ကျွန်တော့် အကြောင်း ပြောချင်တာမဟုတ်။

ဒီစာအုပ်ကို ‘ကိုဖိုးသိဖြစ်ရေး လှုပ်ရှားမှု’ လို့ ပြောရမယ်ထင်တယ်။ စာရေးသူ A.J. Jacobs က နာမည်ကြီး သတင်းစာဆရာ၊ စာရေးဆရာပါ။ နာမည်ကြီး The Esquire မဂ္ဂဇင်းက အယ်ဒီတာ။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ထဲမှာပါတဲ့ Brown University က ဆင်းတယ်။ အလုပ်လုပ်နေရင်း  သူ့ဦးနှောက်ဟာ ချေးတက်နေတယ်လို့ ခံစားလာရတယ်။  သူ့ရဲ့ ထိပ်တန်းတက္ကသိုလ်ကရတဲ့ ပညာရေးကလည်း ဟာကွက်ကြီးကြီးရှိနေတယ်လို့ သူထင်လာတယ်။ ဒါ့ကြောင့်  သူ့ဦးနှောက်ကို သွေးဖို့ ဟာကွက်ဖြည့်ဖို့ ကမ္ဘာပေါ်က ဗဟုသုတတွေကို စာအုပ် ၃၂ အုပ်ထဲမှာ အနှစ်ချုပ်စုထားတဲ့  ဗြိတိသျှစွယ်စုံကျမ်းကိုဖတ်ပြီး သူ့ဦးနှောက်ကိုသွေးဖို့ ဟာကွက်ဖြည့်ဖို့ A.J. Jacobs ဆုံးဖြတ်လိုက်တယ်။

ဒါဟာ ကမ္ဘာပေါ်မှာရှိသမျှ အရေးကြီးတဲ့လူတွေ၊ ဖြစ်ရပ်တွေ အားလုံးကို သိအောင် ကြိုးစားချက်ကြီးပဲ။ ဗြိတိသျှစွယ်စုံကျမ်း Encyclopedia Britannica ဟာ အင်္ဂလိပ်အက္ခရာ A ကနေ Z အထိ စာမျက်နှာ သုံးသောင်းသုံးထောင်၊  ဆောင်းပါး ခြောက်သောင်းငါးထောင်၊ ဝင်ရေးသူ ၉၅၀၀၊  စာအုပ် ၃၂ အုပ်၊ စကားလုံးပေါင်း ၄၄ သန်းရှိတယ်။ တစ်အုပ်ကို လေးပေါင်လေးတယ်။ ထူးဆန်းတာက ဒီစာအုပ်ဟာ စာရေးသူကိုယ်တိုင်ပါဝင်တဲ့ လက်တွေ့စမ်းသပ်ချက်ပဲ။

A.J. Jacobs ရေးတတ်တဲ့ စာအုပ်အမျိုးအစားက လက်တွေ့စမ်းသပ်ခံပြီးမှ ရေးတဲ့ စာအုပ်မျိုးပါ။ သူနေနေကျ မဟုတ်တဲ့ ဘ၀တစ်ခု၊ သူလုပ်နေကျမဟုတ်တဲ့ အလုပ်တစ်ခု  ဝင်လုပ်တယ်။ လက်တွေ့စမ်းသပ်ခန်းထဲမှာ ကိုယ်ကိုယ်တိုင် အစမ်းသပ်ခံ လုပ်လိုက်တဲ့သဘော။ အဲဒီကရလာတဲ့ အတွေ့အကြုံတွေကိုရေးတယ်။ ဒီလိုစမ်းသပ်ခံဘ၀နဲ့ သူရေးခဲ့တဲ့ စာအုပ်တွေ ပေါက်တယ်။ သမ္မာကျမ်းစာထဲမှာပါတဲ့ အဆုံးအမ ၇၀၀ ကျော်အတိုင်း အတိအကျ လိုက်လုပ်တဲ့ တစ်နှစ်တာ  အတွေ့အကြုံတွေကို သူရေးခဲ့တဲ့  ‘The Year of Living Biblically: One Man’s Humble Quest to follow the Bible as Literally as Possible’  စာအုပ်ဆိုရင် တော်တော်ရုတ်ရုတ်သဲသဲ ဖြစ်တယ်။ သူ လုပ်ခဲ့တဲ့အထဲမှာ သဲကန္တာရထဲမှာ သိုးသွားကျောင်းရတာ၊ တိရစ္ဆာန်ကို ယဇ်ပူဇော်ရတာတွေ ပါတယ်လို့ သိရတယ်။

A.J. Jacobs ဟာ စာရေးကောင်းတယ်။ ဗြိတိသျှစွယ်စုံကျမ်းကို တကယ် A ကနေ Z အထိ ဖတ်ပုံရတယ်။ သူဖတ်တဲ့ ဆောင်းပါးအလိုက် သူ့ဘ၀အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးထားတာ ရယ်လည်း ရယ်ရ၊ ဗဟုသုတလည်းရတယ်။  သူနဲ့အတူ ဗြိတိသျှစွယ်စုံကျမ်းကို လိုက်ဖတ်နေရသလိုပဲ။  စာရေးသူကတော့ ခရီးသွားလမ်းညွှန်ပေါ့။ သူ ရှင်းပြသွားတဲ့ အတိုင်း သူ့နောက်လိုက်ဖတ်လိုက်တာ ကျွန်တော်လည်း ကမ္ဘာကျော်လူတွေ ဖြစ်ရပ်တွေအကြောင်း တထိုင်တည်းနဲ့ ခြုံမိသွားတယ်။

ကနေ့အငြင်းပွားနေကြတဲ့ ‘Specialist နဲ့ Generalist အဘယ်သူမြတ်သလဲ’ အငြင်းအခုန်ကိုလည်း ဒီစာအုပ်ဖတ်ရင်း သတိရမိပါတယ်။ ဘာသာရပ်တစ်ခုကို အဆုံးတိုင်နက်နက်နဲနဲ  လိုက်စားသူတွေကိုမှ အလေးထားတဲ့ Specialist ခေတ်ကြီး မှာ စာရေးသူ A.J. Jacobs က စွယ်စုံကျမ်းကို အစအဆုံး ဖတ်ဖို့ ဆုံးဖြတ်လိုက်တာဟာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နယ်ပယ်အများကြီးသိတဲ့  Generalist လိုင်းဘက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တာပါပဲတဲ့။  သူ့ဘ၀မှာ Specialist မဖြစ်နိုင်တော့တဲ့ အတူတူ ကမ္ဘာပေါ်မှာ  Generalist အဖြစ်ဆုံးသူ ဖြစ်အောင်လုပ်မယ် ကြုံးဝါးပြီး စဖတ်တယ်။ ဗြိတိသျှစွယ်စုံကျမ်းကို အပြီးအထိ ဖတ်မယ်ဆိုတဲ့ အတွေးက သူ့မူပိုင်အတွေးတော့ မဟုတ်ပါဘူး။ သူ့အဖေ စခဲ့တဲ့ ဇာတ်လမ်းပါ။ သူ့အဖေက B အထိပဲပြီးတယ်။ အဖေထက် သာအောင်လုပ်မယ်ဆိုတဲ့ သားတစ်ယောက်ရဲ့ အတွေးဆိုလည်း ဟုတ်ပါလိမ့်မယ်။ ပြီးတော့ သူ့အဖေက ဥပဒေသမား။ ဥပဒေစာအုပ် ၂၄ အုပ်ပြုစုခဲ့တဲ့ Specialist ။ ဒီတော့ သူ့အဖေထက်သာချင်ရင် သူက Generalist ဘက်ကို သွားမှဖြစ်မယ်။

ဒီစာအုပ်ဖတ်ရင်း ကျွန်တော် တွေးမိတာရှိသေးတယ်။  တစ်ခုခုသိချင်ရင် အဘိဓာန်တောင် လှန်မကြည့်ဘဲ Google ခေါက်ကြတဲ့ ကနေ့ခေတ်မှာ ဗြိတိသျှစွယ်စုံကျမ်းကို လူတွေ  သုံးပါတော့မလား။ A.J. Jacobs ကတော့ Google က စာတွေက မယုံရဘူးလို့ ရေးပါတယ်။ ဗြိတိသျှစွယ်စုံကျမ်းကတော့ စနစ်တကျ အယ်ဒီတာတွေ ဘာတွေနဲ့ ပြုစုထားတဲ့ အတွက် စိတ်ချရတယ်လို့ သူက ပြောချင်တာပါ။ သူပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ထွက်ချိန်က ၂၀၀၄ ပါ။ ခုဆို ၁၄ နှစ်ကြာသွားပြီ။ လူတွေ တစ်ခုခုသိချင်ရင်  British Encyclopedia ထက်  Wikipedia ကို ခေါက်ကြည့်တဲ့ခေတ် ဖြစ်သွားပါပြီ။ Wikipedia က  အင်တာနက်ပေါ်ကလူတွေ ဝိုင်းရေးကြဖို့ လုပ်ထားတဲ့  စွယ်စုံကျမ်းပါ။ Wikipedia စထွက်တာက ၂၀၀၁ ဆိုတော့  A.J. Jacobs  စာအုပ်ရေးချိန်မှာ သက်တမ်းနုဦးမှာပါ။  ၂၀၁၈ မှာသာဆိုရင် Wikipedia ကြောင့် ဒီစာအုပ်တောင်  A.J. Jacobs ရေးဖြစ်ချင်မှ ရေးဖြစ်ပါလိမ့်မယ်။

မြန်မာစာရေးဆရာတွေရော မြန်မာစွယ်စုံကျမ်းအတွဲတွေ အစအဆုံးဖတ်ပြီး ကိုယ့်အတွေ့အကြုံတွေကို ဟာသနှော မရေးချင်ကြဘူးလား။ အနည်းဆုံးတော့ စွယ်စုံကျမ်း အစ အဆုံး ဖတ်ဖြစ်တာပေါ့။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *