နိဗ္ဗာန်ရည်မှန်း နားမခံသာ

ရည်ရွယ်ချက်ကောင်းများဖြင့် တီထွင်ခဲ့ကြသော လော်စပီကာအပါအဝင် အသံချဲ့စက်မျိုးစုံတို့သည် လူတို့၏ ဆင်ခြင်တုံတရားအောက်တွင်မူ ဆူညံသံအဖြစ်သို့  ပြောင်းလဲချေပြီ။

နိဗ္ဗာန်ရည်မှန်းကာလုပ်ဆောင်ကြသော်လည်း အများသူ ငါအဖို့ နားမခံသာ ဖြစ်နေရသည်။

သဒ္ဒါတရားကဲလှသည့် မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ ရောက်သည်နှင့် ကထိန်ခင်းရန် ပြင်ဆင်ကြသည်။

လမ်းဆုံ၊ လမ်းခွမှသည် မော်တော်ယာဉ်ဂိတ်များ၊ ရပ်ကွက်ကျေးရွာများအတွင်းအထိပါ လှည့်လည်ပြီး ခုနစ်ရက်သားသမီးများ ကုသိုလ်ရစေရန် အလှူခံကြသည်။

ရိုးရိုးအလှူခံခြင်းတော့ မဟုတ်။ အသံချဲ့စက်၊ လောစပီကာများဖြင့် ခေတ်ပေါ်သီချင်းမျိုးစုံတို့ကို အပြိုင်အဆိုင် လူအများနားမခံသာနိုင်အောင်အထိ အသံကုန်ဖွင့်၍ အလှူခံခြင်းဖြစ်သည်။ ရပ်ကွက်အချို့တွင် အချိန်ကန့်သတ်ချက် မရှိ၊ နံနက် ၃ နာရီမှသည် ည ၁၂ နာရီကျော်သည့်တိုင် မရပ်မနားသီချင်းမျိုးစုံဖွင့်သည့်အတွက် ရပ်ကွက်အတွင်းနေထိုင်သူများ နား မချမ်းသာလှပေ။

“နားတွေ ကွဲမတတ်ပဲ။ မနက် ၃ နာရီကတည်းက ဖွင့်နေတာ”ဟု မြောက်ဥက္ကလာပ (၂)ရပ်ကွက်တွင် နေထိုင်သည့် အသက်၆၀အရွယ် ဒေါ်ခင်သာက ပြောဆိုသည်။

ည ၁၂ နာရီဝန်းကျင်တွင် ရပ်ကွက်အတွင်း ပျံလွင့်လာသည့် အသံကြောင့် ဖြစ်သည်။ သုံးပေနီးပါးမြင့်သည့် ဆောင်းဘောက်လေးခုမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အသံက တစ်ရပ်ကွက်လုံး လွှမ်းခြုံလေသည်။

ယင်းအသံမှာ မြောက်ဥက္ကလာပ မြို့နယ်(၂)ရပ်ကွက်ရှိ တန်ဆောင်းမုန်း လပြည့်နေ့ နိဗ္ဗာန်ဈေးကျင်းပရန် ပြင်ဆင်ချက်ပြုတ်နေသည့်အဖွဲ့ထံမှ ဖြစ်သည်။ နိဗ္ဗာန်သို့ရည်မှန်း၍ အလှူအတန်းပြုရန် ရည်ရွယ်သော်လည်း ထိုညအဖို့(၂)ရပ်ကွက်တွင် နေထိုင်သူအချို့အတွက်မူ နားဒုက္ခပင်တည်း။

အမှန်တွင် တန်ဆောင်မုန်းလရောက်သည်မှ မဟုတ်။ တန်ခူးကာလမြန်မာ့ နှစ်သစ်ကူးသင်္ကြန်တွင်လည်း အသံချဲ့စက်ပါသည်။ မင်္ဂလာဆောင်များ တွင်လည်း မဆောင်မီတစ်ရက်အလိုမှ စဖွင့်သည်။ ညပိုင်းတွင် အရပ်ထဲ၌ တစ်ရပ်ကွက်လုံးကြားရန် ကာရာအိုကေ ဆိုကြပြန်သည်။ မင်္ဂလာဆောင်မွန်းလွဲပိုင်းအထိ နားမခံသာအောင် ဖွင့်ကြသည်။

ကထိန်ခင်းရန်၊ ဆီမီးပူဇော်ရန်၊ ဆွမ်းလောင်းရန်၊ ဆွမ်းသိမ်းပွဲလုပ်ရန်၊ လမ်းပြင်ရန်၊ အလှူလုပ်ရန်စသည့် အကြောင်းအရာမျိုးစုံအတွက် ၁၂ လ ရာသီကာလပတ်လုံး အသံချဲ့စက်မျိုးတို့မှာ မနားရ။ ထို့အတူ လူတို့သည်လည်း ဆူညံမှု ဝဲဩဃတွင် မျောပါနေကြရသည်။

နားဒုက္ခ

လူ၏နားသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်။

လူခန္ဓာကိုယ်ရှိ နားသည် အဖွင့်ဖြစ်၍ ကြားချင်သည် ဖြစ်စေ မကြားချင်သည် ဖြစ်စေ အသံဟူသမျှ ဝင်ရောက်လာခြင်းကို လက်ခံရသည်။ ကြားလိုသည့် အသံများကို ကြားရလျှင် ပြဿနာမရှိသော်လည်း မကြားလိုသည့်အသံများကို ကြားရလျှင် စိတ်အနှောင့်အယှက်ဖြစ်သည်။

လူငယ်များအတွက် Rock ဂီတသည် သာယာနာပျော်ဖွယ်အသံဖြစ်သော်လည်း သက်ကြီးပိုင်းအသက်အရွယ်အတွက်မူ ဆူညံသည့် အသံ ဖြစ်နိုင်သည်။

အသံကို အသံကြိမ်နှုန်း (decibels – dB) ဖြင့် တိုင်းတာနိုင်သည်။ ၇၅  decibels ထက်များသော အသံကို အမြဲကြားနေရပါက အကြားအာရုံချို့ယွင်းနိုင်သည်။ အိမ်ခန်းတွင်းမှ အသံသည် ၃၀  decibels ထက်နည်းသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားသည်။

လူတို့သည် ဆူညံသံ ၁၃၅ decibels နှင့်အထက်ကို ကြားရလျှင် နာကျင်မှုကို ခံစားရသည်ဟု ဆိုသည်။ ၇၅ decibels ထက်များသည့် အသံကို အမြဲကြားနေရပါက အကြားအာရုံ ချွတ်ယွင်းစေနိုင်သည်။

ပုံမှန်စကားပြောသံသည် decibels  ၅၅ ဝန်းကျင်ရှိပြီး အသံချဲ့စက်မှအသံသည် decibels ၁၀၀ နှင့်အထက်တွင် ရှိသည်။ ဂျက်လေယာဉ်၏ အသံသည် ၁၃၅ ဒက်စီဘယ်ဝန်းကျင်ရှိသည်။ အကွာအဝေးအပေါ်တွင်လည်း မူတည်၍ အသံအတိုးအကျယ် ကွာခြားနိုင်သည်။

အသက်အရွယ်နှင့်လိုက်၍ အသံကြားနိုင်စွမ်းအား ကွာခြားသည်။ လူကြီးများထက် ကလေးငယ်များက ဆူညံသံကို ခံနိုင်ရည်မရှိပေ။ ဆူညံသံကြောင့် ကလေးငယ်များ၏ စကားပြောခြင်းနှင့် နားထောင်ခြင်းကို ထိခိုက်စေပါသည်။ နားထဲ၌ ပိတုန်းမြည်သံကဲ့သို့ တဝီဝီအသံများ ကြားနေရတတ်သည်။

ဆူညံသည့် ပတ်ဝန်းကျင်တွင် ပညာသင်ယူရသော ကလေးများတွင် စာဖတ်နှုန်းနှေးကွေးခြင်း၊ ဘာသာစကားသင်ယူရာတွင် အသံထွက်လွဲမှားခြင်း၊ သင်ခန်းစာပေါ် အာရုံစူးစိုက်မှုနည်းသဖြင့် သင်ခန်းစာကို ကောင်းစွာ မကျေညက်ခြင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့် သွေးတိုးရောဂါဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပွားနိုင်သည်။

ဆူညံသံသည် သဘာဝမှလာသည်ထက် လူများကြောင့်ဖြစ်မှု ပိုများသည်။ မြို့ပြလူနေမှုဘ၀များကြောင့်သော် လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှသည် လည်းကောင်း၊ စက်မှုလုပ်ငန်းများမှသည် လည်းကောင်း ဆူညံသံထွက်ပေါ်သည်။

မြန်မာပြည်တွင်မူ အလှူခံမဏ္ဍပ်၊ ထီကြော်ငြာ၊ အသံမစဲပဋ္ဌာန်းပွဲ၊ တရားပွဲ၊ အလှူ၊ မင်္ဂလာဆောင်၊ အသုဘ၊ ရပ်ကွက်ပျော်ပွဲရွှင်ပွဲများမှ ထွက်ပေါ်လာသည့် အသံချဲ့စက်အသံများ ဖြစ်သည်။

ဆူညံသံကြောင့် နားပျက်စီးစေနိုင်သည်။ နားသည် အကြားအာရုံအပြင် ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းသည့် အလုပ်ကိုလည်း လုပ်ဆောင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအထူးကုဆေးရုံမှ ပါမောက္ခဒေါက်တာဒေါ်ခင်လှလှက ပြောကြားသည်။

ခေတ်ကာလတို့ ပြောင်းရွှေ့ခြင်းနှင့်အတူ မြန်မာတို့၏ ၁၂ လရာသီပွဲတော်များ ‘လော်’မှာလည်း မပါမပြီးဖြစ်သည်။ ယနေ့ ခေတ်တွင်မူ မြန်မာ့ပွဲတော်တိုင်းတွင် မရှိမဖြစ်အရာသည်က အခြားမဟုတ် ထိုအသံချဲ့စက်နှင့် လော်များပင်။

နားမခံသာသဖြင့် လော်အသံကို တိုးပေးရန် သွားရောက်ပြောဆိုသူများပင်လျှင် ဆဲဆိုခံရသည်အထိ ကြုံနေရသည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ဒေါ်တင်စုလှိုင်ကမူ “အသံလေး နည်းနည်းလောက် တိုးပေးပါပြောမိလို့ ယုတ်ညံ့တဲ့ စကားတွေ ပြောတဲ့အပြင် လော်ကို သေသေချာချာ ကျွန်မတို့အိမ်ဘက် လှည့်ဖွင့်တယ်”ဟု ၎င်း ကြုံတွေ့ရသည့်အခြေအနေကို ရှင်းပြသည်။

အသံချဲ့စက်ဖြင့် ၁၀ ရက်ဆက်တိုက် နံနက်၇နာရီမှစ၍ ည ၁၀ နာရီကျော်သည့်တိုင် သီချင်းမျိုးစုံကို မနားတမ်းဖွင့်သည့်အတွက် အသံတိုးပေးရန် ပြောသည့် ဒေါ်တင်စုလှိုင်ကို အလှူခံမဏ္ဍပ်တွင် ရှိနေသူတစ်ဦးက မချေမငံပြောကြားခဲ့ခြင်း ဖြစ်သည်။

“တော်တော်ကို ဆူတာပါ။ ဘေးအိမ်က နေမကောင်းဖြစ်နေတဲ့ အဘွားဆို ဆေးရုံတောင် တင်လိုက်ရတယ်”ဟု ဒေါ်တင်စုလှိုင်က လှိုင်သာယာ(၁၉)ရပ်ကွက်တွင် ကြုံနေရသည့် လော်ဒုက္ခကို ရှင်းပြသည်။

ပြည်သူအများကြုံနေရသည့် လော်စပီကာပြဿနာသည် ရပ်ကွက် အတွင်းတွင်သာ လှည့်လည်နေသည် မဟုတ် ရန်ကုန်တိုင်းလွှတ်တော်အထိတိုင် ပေါက်ရောက်ခဲ့ပြီး ဖြစ်သည်။

၂၀၁၂ ခုက ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးဥပဒေတွင် ပါဝင်သည့် အသံချဲ့စက် (လော်စပီကာ)နှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ ရပ်ကွက်၊ ကျေးရွာများအထိ သက်ရောက်မှု ရှိစေရန်မေးမြန်းခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် လှိုင်မြို့နယ် မဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက မေးမြန်းခြင်းဖြစ်သည်။

အသံချဲ့စက်၊ ဆောင်းဘောက်စ်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်နှင့် သတ်မှတ်စည်ကမ်းအတိုင်းသာ ဖွင့်ခွင့်ပေးထားကာ မလိုက်နာသူများကို ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ယင်းအချိန်က ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတာဝန်ယူထားသူ ဗိုလ်မှူးကြီးတင်အောင်ထွန်းက တိုင်းလွှတ်တော်တွင် ဖြေကြားခဲ့သည်။

ထိုသို့လွှတ်တော်တွင် မေးမြန်းခဲ့သည့် လော်စပီကာပြဿနာသည်ကား အချိန် ၂ နှစ်နီးပါးကြာသည်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

“နယ်လုံဝန်ကြီးကိုယ်တိုင် ကတိလည်း ပေးထားတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကော ဒီကိစ္စကို သေသေချာချာပြောပေးပြီး ကြပ်မတ်မယ်လို့ ပြောတယ်။ သို့သော်လည်း အောက်ခြေမှာ သေချာမလုပ်နိုင်ဘူး” ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောဆိုသည်။

ယနေ့တိုင် လော်စပီကာပြဿနာကို မဖြေရှင်းနိုင်ခြင်းက ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဒဏ်ငွေနည်းပါးခြင်း၊ လမ်းမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ တာဝန်ပေါ့လျော့မှုနှင့် လူမုန်းမခံချင်သည့်အတွက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ် ရေးမှူးဥပဒေတွင် အသံချဲ့စက်ဖွင့်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးသို့ သုံးရက်ကြို၍ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။ အသံချဲ့စက်ဖွင့်ရာတွင်လည်း နံနက် ၆ နာရီမှ ည ၉ နာရီထိ လူအများကြားရုံသာ ဖွင့်လှစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော်လည်း ရပ်ကွက်ထဲက အခြေအနေမှာ ဥပဒေကို ပျက်ရယ်ပြုနေသကဲ့သို့ ဖြစ်နေသည်။ ရပ်ကွက်နေပြည်သူများမှာ လော်ကြောင့် ဒုက္ခလှလှတွေ့နေကြသည်။

ဥပဒေပြဋ္ဌာန်းချက်များကို မလိုက်နာလျှင် ဒဏ်ငွေကျပ်ငါးထောင် ကျခံရမည်ဖြစ်ပြီး ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်လျှင် ခုနစ်ရက်ထက် မပိုသည့် ထောင်ဒဏ်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

လော်စပီကာဖွင့်ခြင်းကို ငွေဒဏ်၊ ထောင်ဒဏ်များ ပါဝင်သည့်ဥပဒေဖြင့် ကန့်သတ်ထားသော်လည်း စက်ပိတ်ခြင်း၊ အသံတိုးပေးခြင်းဖြင့်သာ ဖြေရှင်းနေကြသည်။

“တိုင်ကြားတဲ့သူ ရှိတယ်။ အကြီးအကျယ်တော့ မဟုတ်ဘူး။ ရပ်ကွက်အနေအထားအရ ဖြေရှင်းတာပဲ ရှိပါတယ်။ အသံတအားဆူညံလို့ အသံလေးတိုးပေးဖို့ပြောတာလောက်ပဲ ရှိတာပါ”ဟု လှိုင်သာယာ (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက်တွင် နံနက် ၆ နာရီမှ ည ၉ နာရီ အထိသာ လော်စပီကာ၊ ဆောင်းဘောကစ်များ ဖွင့်လှစ်ခွင့်ပေးထားပြီး ရပ်ကွက်ခြားအလှူခံများကိုမူ လော်စပီကာအသုံးမပြုဘဲ အသံချဲ့စက်ငယ်သာဖွင့်၍ အလှူခံရန် ညွှန်ကြားချက်ထုတ်ထားကြောင်း ၎င်းက ဆိုသည်။

နိဗ္ဗာန်ကို ရည်မှန်းသည့် အလှူတွင် ဆူညံလှသည့် လော်စပီကာများဖြင့် သီချင်းမျိုးစုံသီဆိုဖွင့်ရန် လိုအပ်ပါ၏လော။ နိဗ္ဗာန်ရောက်ကြောင်း တရားကို လမ်းညွှန်ပြသခဲ့သည့် မြတ်စွာဘုရာသည် ဆူညံသံကို နှစ်သက်ပါလော။

ယနေ့ခေတ်တွင်မူ ‘လော်စပီကာမပါ လူမလာ။ လော်စပီကာမရှိ လူမသိ’ဟူသည့် ခေတ်သစ်ထုံးကို နှလုံးမူနေကြသည်။ အလှူအတန်းဆိုသည်နှင့် လော်စပီကာ၊ ဆောင်းဘောက်ကြီးများကို လူတိုင်း ပြေးမြင်မိသည်သာ။

“မဖွင့်နဲ့ မဟုတ်ဘူး။ အချိန်အခါလေးနဲ့ပေါ့ဗျာ။ အထိုင် (မဏ္ဍပ်တွင်)က တစ်မျိုး လှည့်ပြီး အလှူခံတာကတစ်မျိုးဆိုတော့ နားမခံနိုင်ဘူး။ ဘုရားရှင်က တိတ်ဆိတ်မှုကို ချီးမွမ်းတာဗျ”ဟု ဒဂုံမြို့သစ် (တောင်းပိုင်း)မြို့နယ်တွင် နေထိုင်သည့် ဦးစိုးသူက ပြောဆိုသည်။

ရပ်ကွက်ထဲရှိ ဆိုက်ကားဂိတ်မှသည် တိုင်းလွှတ်တော်အထိ ပေါက်ရောက်သူ ‘လော်’၏ ရာဇာဝင်ကို စေငုကြည့်ရလျှင် …။

မြန်မာတွင် ‘လော်’ဟု အမည်နာမတွင်သည့် Megaphone (အော်လံ)ကို ဂရိနိုင်ငံတွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ လူအများတစ်ပြိုင်နက်ထဲ သိရှိစေလိုသည့် အကြောင်းအရာများအတွက် ‘လော်’ ကို အသုံးပြုပြောကြားခြင်း ဖြစ်သည်။

၁၉၁၂ဝန်းကျင်တွင် ‘လော်’ ၏နေရာတွင် အစားထိုးမည့် အသံချဲ့စက် ဆောင်းဘောက်စ်ကို အမေရိကန်နိုင်ငံသား Lee De Forest တီထွင်ခဲ့ခြင်းဖြစ် သည်။ ၁၉၁၂ မှသည် ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ ကျော်သည့် ပစ္စည်းဖြစ်သည်။

ရည်ရွယ်ချက်ကောင်းများဖြင့် တီထွင်ခဲ့သည့် ထိုပစ္စည်းသည် ယနေ့ခေတ်တွင် မြန်မာတို့၏ တလွဲသုံးမှုကြောင့် မျက်မုန်းကျိုးခံရသည့်ဘ၀သို့ ရောက်နေလေပြီ။

ရည်မှန်းနိဗ္ဗာန်ရောက်ရန် အထောက်အပံ့တစ်ခုဖြစ်သည့် အလှူအတန်းပြုလုပ်မည်ကိုပင် စိုးရိမ်သူအချို့ ရှိလာသည်။ ထိုအထဲတွင် ဦးစိုးသူတစ်ယောက် အပါအဝင်ဖြစ်သည်။

“အလှူအတန်းရာသီရောက်မှာတောင် ကြောက်တယ်။ တစ်ရပ်ကွက်လုံး ဆူညံနေတာ”ဟုဆိုလေသည်။

ပို့ပို့

စာကိုး –  ဆူညံသံများ၏ အန္တရာယ် (အေးငြိမ်း-လေးမျက်နှာ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *