စီအိုင်အေက ဆော်ဒီအိမ်ရှေ့မင်းသားကို တရားခံဟု ယူဆထားခြင်းမရှိကြောင်း သမ္မတထရမ့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၂၃

ဆော်ဒီဂျာနယ်လစ်ခါရှိုဂီအသတ်ခံရမှုနှင့် ပတ်သက်၍ ဆော်ဒီအိမ်ရှေ့မင်းသားမှာ တရားခံဖြစ်သည်ဟု အမေရိကန်ထောက်လှမ်းရေးစီအိုင်အေက ကောက်ချက်ချခဲ့ခြင်းမရှိဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ထောက်လှမ်းရေးစီအိုင်အေ၏ သုံးသပ်ချက်နှင့်ပတ်သက်၍ ဖလော်ရီဒါပြည်နယ်တွင် သတင်းထောက်များက မေးမြန်းရာ “စီအိုင်အေက ကောက်ချက်ချတာမျိုး မလုပ်ခဲ့ပါဘူး”ဟု အမေရိကန်သမ္မတထရမ့်က ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပါမှတ်ချက်စကားသည် ဆော်ဒီအိမ်ရှေ့မင်းသား၏ အရှေ့အလယ်ပိုင်း အလည်အပတ်ခရီး စတင်ချိန်တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ဆော်ဒီအိမ်ရှေ့မင်းသားသည် ဂျာနယ်လစ် ခါရှိုဂီသတ်ဖြတ်ခံရပြီး ပထမဆုံးပြည်ပအလည်အပတ်ခရီးအဖြစ် အရှေ့အလယ်ပိုင်းဒေသများသို့ အလည်အပတ်ခရီးသွားရောက်နေခြင်းလည်း ဖြစ်သည်။

၎င်းသည် ယခုလအကုန်တွင် အာဂျင်တီးနားနိုင်ငံ ဗြူနိုအေရိမြို့၌ ကျင်းပမည့် G-20 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖွယ်လည်း ရှိသည်။

အမေရိကန်နိုင်ငံထုတ် ဝါရှင်တန် ပို့စ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင်ဖြစ်သော ဆော်ဒီဂျာနယ်လစ်ခါရှိုဂီ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံသား ၁၈ ဦးကို အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုပြုလုပ်ထားသည်။

အဆိုပါလူစာရင်းတွင် အဓိကလက်သည်တရားခံဟု စွပ်စွဲခံနေရသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ပါဝင်ခြင်း မရှိပေ။

ဆော်ဒီဂျာနယ်လစ်ခါရှိုဂီသည် တူရကိနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးဝင်း အတွင်း အသတ်ခံရခြင်းဖြစ်ပြီး ဆော်ဒီထောက်လှမ်းရေးအရာရှိတစ်ဦး၏ အမိန့်အရလုပ်ဆောင်သည့် ဟော့ဟော့ရမ်းရမ်းစစ်ဆင်ရေးဖြစ်ကြောင်း ဆော်ဒီအစိုးရရှေ့နေများက ပြောကြားထားသည်။

ဂျာနယ်လစ်ခါရှိုဂီမှာ ကောင်စစ်ဝန် ရုံးအတွင်း ရုန်ရင်းဆန်ခတ်ဖြစ်ပွားအပြီး ဆေးထိုးအသတ်ခံခဲ့ရကာ အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး ရုံးအပြင်ဘက်တွင်ရှိသည့် သူလျှိုများကို ပေးလိုက်ခြင်းဖြစ်ကြောင်း ဆော်ဒီအစိုးရရှေ့နေများက ပြောကြားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *