ပါကစ္စတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရငါးဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - AFP)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၃

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို နိုဝင်ဘာ ၂၃ရက်နေ့က သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးနှင့် သေနတ်သမားသုံးဦး သေဆုံးကာ လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

လက်နက်ကိုင်လူလေးယောက်က ကောင်စစ်ဝန်ရုံးတွင် ဝင်ရောက်ဖို့ ကြိုးပမ်းရာတွင် လုံခြုံရေးတာဝန်ရှိသူများက စစ်ဆေးရေးဂိတ်တွင် တားဆီးခဲ့ခြင်း ဖြစ်သည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ ခန့်တွင် တရုတ်ကောင်စစ်ဝန်ရုံးအပြင်ဘက်မှ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ပါကစ္စတန်ရဲက ပြောကြားသည်။

သေနတ်သမားများနှင့် ရဲတို့ အပြန်အလှန်ပစ်ခတ်ရာတွင် သေနတ်သမားသုံးဦးလည်း သေဆုံးသွားသည်။

ယခုတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်က ခွဲထွက်ရေး လိုလားသည့် အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောကြားခဲ့ပြီး ဒေသခံရုပ်သံသတင်းများတွင်လည်း မီးခိုးများထွက်နေပုံများကို ထုတ်လွှင့်ပြသခဲ့သည်။

တရုတ်သည် ပါကစ္စတန်ကို အဓိကထောက်ပံ့နေသည့်နိုင်ငံဖြစ်ပြီး ပါကစ္စတန်ရှိ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရုတ်က ငွေကြေးပမာဏများစွာ ရင်းနှီးမြှုပ်နှံထားသည်။

ဘာလိုချီစတန်ပြည်နယ်သည် ပါကစ္စတန်တွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး တရုတ်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာဒေသ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *