UNHCR မဟာမင်းကြီး မြန်မာသို့လာမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ဘင်္ဂါလီအရေးပေါ် အပြစ်တင်ဝေဖန်လေ့ရှိသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi သည် လာမည့် ဇန်ဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေးက ပြောကြားသည်။

မြန်မာအစိုးရနှင့် UNHCR တို့ ပူးပေါင်းဆောင်ရွက်မှုများကို လာရောက် လေ့လာမည်ဖြစ်ပြီး ခရီးစဉ်အခြေအနေကို ပြောဆို၍ မရသေးကြောင်း ၎င်းက ဆိုသည်။

ထွက်ပြေးဘင်္ဂါလီများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးရန်ရှိ မရှိကို ဦးအေးချမ်းက “ဘာတွေဆွေးနွေးမယ်ဆိုတာ သေသေချာချာ အတည်မပြုရသေးဘူး။ တစ်လကျော်လိုသေးတော့ နည်းနည်းစောပါသေးတယ်”ဟု ဖြေကြားသည်။

ခရီးစဉ်အတွက် နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်သဖြင့် မြန်မာခရီးစဉ်တွင် သွားရောက်မည့် နေရာများ၊ တွေ့ဆုံမည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်၍လည်း ပြောဆို၍ မရသေးကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂါလီများကို ပထမအသုတ် လက်ခံရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ရပ်ဆိုင်းခဲ့သည်။ နိုင်ငံတကာဖိအားပေးရန် UNHCR ဖိအားပေးမှုမှာလည်း အဓိကပါဝင်သည်။

မြန်မာနိုင်ငံဘက်တွင် ဂုဏ်သိက္ခာ ရှိရှိ၊ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်သည့် အခြေအနေမရှိသေးသဖြင့် ဘင်္ဂါလီပြန်ပို့ရေး လုပ်ငန်းစဉ်ရပ်ဆိုင်းရန် UNHCR ဖိအားပေးခဲ့သည်။

Mr.Filippo Grandi ကလည်း လုံခြုံစိတ်ချရသည့် အခြေအနေ ရှိ၊ မရှိ ဒုက္ခသည်များကိုယ်တိုင် နေရပ်ပြန်ကာ သွားရောက်လေ့လာသင့်ပြီး မြန်မာအစိုးရကလည်း ခွင့်ပြုသင့်ကြောင်း ပြောဆိုထားသည်။ ယင်းမှသာ ပြန်သင့် ၊ မပြန်သင့် ဒုက္ခသည်များ ဆုံးဖြတ်နိုင်မည်ဟု ပြောဆိုထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *