ကော်ဖီနှင့် ပတ်သက်၍ အစအဆုံးသင်ကြားမည့် သင်တန်းကျောင်း Genius ကော်ဖီဖွင့်မည်

ရန်ကုန်၊နိုဝင်ဘာ၂၃

ပြည်တွင်း၊ ပြည်ပဈေးကွက်အတွင်း နာမည်ရလာသော Genius ကော်ဖီသည် ကော်ဖီကို စိုက်ပျိုးသည်မှ ထုပ်ပိုးသည် အထိ ထုတ်လုပ်မှုဖြစ်စဉ် အစအဆုံးသင်ကြားပေးမည့် သင်တန်းကျောင်းဖွင့်လှစ်ရန်စီစဉ်လျက်ရှိကြောင်း Genius ကော်ဖီ ထုတ်လုပ်သည့် အောင်နေလင်းထွန်းကုမ္ပဏီဒါရိုက်တာဦးငွေထွန်းက The Voice Journal သို့ ပြောကြားသည်။

အဆိုပါကော်ဖီသင်တန်းကျောင်းကို လာမည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် ဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“အဲဒီကျောင်းက သူများကျောင်းတွေလို မဟုတ်ဘူး။ နှစ်ပေါက်တတ်ပြီးတော့ ကော်ဖီစိုက်ပျိုးသည်မှ စားပွဲပေါ်ရောက်သည်အထိ အဲဒီကျောင်းက သင်လိုက်မှာ။ အဲဒီလူတစ်ယောက်က သင်ပြီးရင် ကြိုက်တဲ့ဆီကို သွား သူ့ကို မခန့်တဲ့သူကို မရှိစေရဘူး။ သူ့ကို သိပ်လိုချင်ပြီးလာခဲ့ပါ ဆိုတာမျိုးဖြစ်အောင် သင်ပေးလိုက်မှာပါ”ဟု ၎င်းက ဆိုသည်။

သင်တန်းကာလမှာ ခန့်မှန်းခြေ တစ်နှစ်ခန့်ကြာမြင့်နိုင်ပြီး လက်ရှိတွင် သင်ရိုးများရေးဆွဲခြင်းနှင့် စာမေးပွဲပုံစံများပြင်ဆင်လျက်ရှိသည်ဟု ဦးငွေထွန်းက ဆိုသည်။

လက်ရှိတွင် အဆိုပါသင်တန်းကျောင်းအဆောက်အအုံမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကော်ဖီသင်တန်းကျောင်း၏ စာမေးပွဲပုံစံသည် စာကျက်ဖြေသည့်ပုံစံမဟုတ်ဘဲ စာတွေ့၊လက်တွေ့ပေါင်းစပ်လုပ်ကိုင်စေမည်ဟု ၎င်းက ဆိုသည်။

Genius ကော်ဖီသည် စင်ကာပူ၊ ကနေဒါနှင့် ကမ္ဘောဒီးယားအစရှိသည့် ပြည်ပနိုင်ငံသုံးခုတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ပြည်ပနိုင်ငံပေါင်း ၂၀ သို့ ကော်ဖီများ တင်ပို့လျက်ရှိကြောင်း အောင်နေလင်းထွန်းကုမ္ပဏီထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *