ခေတ်သစ် ‘အ’ တစ်လုံး ကျေပြီလော

အာရှနိုင်ငံများကြားတွင်ပင် မြန်မာနိုင်ငံသည် ယှဉ်ပြိုင်စွမ်းအား ပိုမိုလျော့နည်းလာလျက်ရှိသည်။

ကမ္ဘာနှင့် အာရှနိုင်ငံများအပါအဝင်နိုင်ငံပေါင်း ၈၈ နိုင်ငံတွင် ကောက်ယူထားသော အင်္ဂလိပ်စာ ကျွမ်းကျင်မှုစစ်တမ်းတစ်ခုတွင် မြန်မာနိုင်ငံသည် အဆင့် ၈၂ ဖြင့် ရပ်တည်နေသည်။ မကြာသေးမီက ထွက်ရှိလာသော ထိုစစ်တမ်းအရ မြန်မာနိုင်ငံနောက်တွင် နိုင်ငံခြောက်နိုင်ငံသာ ကျန်တော့သည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု မည်သို့ရှိမည်နည်း။

ကမ္ဘာကရွာကြီးဖြစ်ချိန်တွင်အင်္ဂလိပ်စာကိုလူတိုင်းတတ်ရန်လိုအပ်လာသည်။ ယခင်က ‘အရေး၊ အဖတ်၊ အတွက်’ အခြေခံ ‘အ’ သုံးလုံးကျေအောင်လုပ်ရသည်။

ယခုခေတ်သစ် ‘အ’ သုံးလုံးတွင် အင်္ဂလိပ်စာ ၊ အိုင်တီ (အင်တာနက်)၊ အိုင်ဒီယာ ဟူ၍ဆိုကြသည်။

မြန်မာနိုင်ငံရှိ လူငယ်များ မည်သည့် ‘အ’ ကျေပါသနည်း။

“အလုပ်ထဲဝင်ပြီးမှ အင်္ဂလိပ်စာ ပြန်ဆက်တက်ဖြစ်တယ်။ နောက်ဆုံးတစ်ခေါက်ပဲ လေ့လာတော့မယ်” ဟု မဖြိုးက ဆိုသည်။

မဖြိုး၏ ဇာတိမှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့မှ ဖြစ်ကာ B.E (Civil) ဖြင့် ကျောင်းပြီးထားသူဖြစ်ပြီး လုပ်ငန်းခွင်ဝင် အင်္ဂလိပ်စာသင်တန်းရောက်နေသူလည်းဖြစ်သည်။ ဗြိတိသျှကောင်စီတွင် အင်္ဂလိပ်စာသင်တန်းကို Elementary အဆင့်မှ စတင်တက်ရောက်နေကြောင်း ၎င်းကဆိုသည်။

တက္ကသိုလ်ပညာရေးပြီးဆုံးချိန်ဘွဲ့ရပြီးနောက်ပိုင်း လုပ်ငန်းခွင် ဝင်ရောက်လာသည့်အခါတွင် အင်္ဂလိပ်စာအရေးကြီးကြောင်း မဖြိုး သိလာသည်။  နိုင်ငံခြားသားများနှင့် အလုပ်ကိစ္စ ဆွေးနွေးကြသည့် အခါတွင် အင်္ဂလိပ်စကားကို အနည်းငယ်သာ သူပြောနိုင်သည်။

“တခြားနေရာအတွက်ရော အင်္ဂလိပ်စာ တအားလိုအပ်တယ်” ဟု မဖြိုးက ဆိုသည်။

ဗြိတိန်နိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာစကား လေ့လာရေးအကြောင်း ဖော်ပြသည့် Education First (EF) ဝက်ဘ်ဆိုက်က ကမ္ဘာ့နိုင်ငံများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေအနေကို ယခုနှစ် နိုဝင်ဘာလအတွင်းက စစ်တမ်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့၏ ရှစ်ကြိမ်မြောက်ထုတ်ပြန်သည့် စစ်တမ်းတွင် မြန်မာနိုင်ငံက ပထမဆုံးပါဝင်လာသည်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု သတ်မှတ်ချက် English Proficiency Index တွင် မြန်မာနိုင်ငံ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုမှာ ၈၂ ဖြစ်သည်။

Education First (EF) ကို ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆိုပါဝက်ဘ်ဆိုက်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများ၊ ကုလသမဂ္ဂ၏ အစီရင်ခံစာ၊ လူများကို အင်္ဂလိပ်စာစစ်ဆေးမှုတို့အပေါ် မူတည်ပြီး အဆင့်သတ်မှတ်ခြင်းဖြစ် သည်။

ယင်းအချက်အလက်တွင် ပြည်တွင်းတစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၅၅၃၀၊ ကျောင်းတက်နှုန်း၊ အင်တာနက်အသုံးပြုနိုင်မူနှင့် လူဦးရေနှုန်းများပေါ်မူတည်ကာ သတ်မှတ်ထားခြင်း ဖြစ်သည်။ မြန်မာသည် အာဆီယံနိုင်ငံများထဲတွင် ကျွမ်းကျင်မှုအနည်းဆုံး ဖြစ်သည်။

အာဆီယံနိုင်ငံများထဲမှ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်အဖြစ် စင်ကာပူ အဆင့် ၃၊ ဖိလစ်ပိုင် ၁၄၊ မလေးရှား ၂၂၊ ဗီယက်နမ် ၄၁၊ အင်ဒိုနီးရှား ၅၁ အဆင့်တို့ဖြစ်သည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံ ထိုင်းကမူ အဆင့် ၆၄ ရသည်။ တိုင်းတာချက်များအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် အစစအရာရာတွင် သာသည်။ ယင်းအပြင် တရုတ်နိုင်ငံသည် အဆင့် ၄၇ နေရာတွင်ရှိသည်။

အဆိုပါ အချက်အလက်များကိုကြည့်ခြင်းဖြင့် အိမ်နီးချင်းတိုင်းပြည်နှစ်ခုကြားတွင် တည်ရှိသော မြန်မာသည် အဆင့်အနိမ့်ဆုံး ဖြစ်သည်။

ကမ္ဘာပေါ်တွင် အင်္ဂလိပ်စာ၊ စကားကို အများဆုံးပြောဆိုသူသန်း ပေါင်း ၆၀၀ မှ ၇၀၀ ကြားတွင် ရှိသည်။ အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုနေသောနိုင်ငံ ၂၇ နိုင်ငံရှိသည်။

အင်္ဂလိပ်စာ ဘာကြောင့်အားနည်းလဲ

မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာသင်ကြားသည့် နည်းစနစ်သည် ဘာသာစကားထက် ဘာသာရပ်တစ်ခုအဖြစ် ချဉ်းကပ်သင်ကြားခြင်းကြောင့် အင်္ဂလိပ်စာ တတ်ကျွမ်းမှုနည်းကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဆိုသည်။

“ဆိုလိုတာက စာသင်ခန်းထဲမှာ အင်္ဂလိပ်စာကို ကျွမ်းကျင်မှုရှိအောင် သင်ပေးတာထက် အင်္ဂလိပ်စာကို စာမေးပွဲဖြေရမယ့် ဘာသာရပ်တစ်ခုလို ချဉ်းကပ်တဲ့စနစ်က မှားယွင်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၃၀ ခန့်ကတည်းက ယင်းသဘောတရားများဖြစ်လာကာ အခြေခံပညာတွင် သာမက အဆင့်မြင့်ပညာရေးတွင်လည်းရှိကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် သာမန်အားဖြင့် အင်္ဂလိပ်စာအဆင့်နိမ့်သွားသည်ကို လက်ခံကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ဖြစ်နေမှုကို မည်ကဲ့သို့ ကုစားမည်နည်း။

ပြင်ပအာရုံ ဆွဲဆောင်မှုသိပ်များသည့် ခေတ်တွင် အချိန်ကိုစီမံခန့်ခွဲနိုင်မှသာ အင်္ဂလိပ်စာတတ်မြောက်မည်ဟု ၎င်းက အကြံပေးသည်။

“နိုင်ငံခြားက ကလေးတွေကို လေဆိပ်မှာတောင် အိမ်စာလုပ်နေကြတယ်။ အခုကလေးတွေက ပျက်စီးသွားပြီ။ ဂိမ်းတွေဆော့နေကြတယ်” ဟု ဒေါက်တာကြည်ရွှင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အရေးအခင်းဖြစ်ချိန် ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အင်္ဂလိပ်စာအခြေအနေ ထိခိုက်သွားကြောင်း၊ နိုင်ငံရေး မငြိမ်သက်ချိန်တွင် ကျောင်းများပိတ်လိုက်ခြင်းကြောင့် ပညာရေးပိုင်း အားနည်းသွားခဲ့ကြောင်း Empowerment for Excellence (E4E) မှ အမှုဆောင်ဒါရိုက်တာ ဦးမင်းသူက ဆိုသည်။

အင်္ဂလိပ်စာအရည်အသွေးနိမ့်ကျသွားမှုမှာ သင်ကြားနည်းစနစ်ဖြင့်လည်း သက်ဆိုင်ပြီး  ဘာသာစကားတစ်ခုအနေနှင့် ချဉ်းကပ်ပြီး သင်ခြင်းမျိုးထက် ဘာဘာရပ်တစ်ခုကဲ့သို့ ချဉ်းကပ်ပြီး သင်ကြားခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

ကျောင်းခန်းထဲတွင် အင်္ဂလိပ်စာကို ကျွမ်းကျင်မှုရှိအောင် သင်ပေးခြင်းထက် စာမေးပွဲဖြေရမည့် ဘာသာရပ်တစ်ခုအဖြစ်သာ သင်ကြား ခဲ့ခြင်းမှာ မှားယွင်းသည့်စနစ်ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မြန်မာကျောင်းသားနှင့် နိုင်ငံခြားကျောင်းသားချင်း ယှဉ်ပါက မြန်မာကျောင်းသားက အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်းမရှိကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

“မြန်မာတွေက အင်္ဂလိပ်စာညံ့သွားသလားဆို သိသိသာသာကြီး ညံ့သွားတာမဟုတ်ပေမယ့် ဟိုခေတ်နဲ့ စာရင်တော့ အနည်းငယ် ညံ့သွားတယ်။ ဟိုခေတ်လိုအပ်ချက်နဲ့ ဒီခေတ်လိုအပ်ချက်က မတူဘူး။ ဒီခေတ်လိုအပ်ချက်တွေကို မြန်မာတွေ မဖြည့်ဆည်းနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုနယ်ပယ်တွင် အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည့်သူ များလာသော နိုင်ငံများစွာ ရှိလာသည်။

တရုတ်နိုင်ငံသည်လည်း မြန်မာတို့ထက် အင်္ဂလိပ်စာတတ်မြောက်မှု ပိုကောင်းလာသည်။

ဥပမာအားဖြင့် တရုတ်တက္ကသိုလ်ဝင်းထဲရှိ ကျောင်းသားများကို အင်္ဂလိပ်ဘာသာဖြင့် စကားပြောကြည့်လျှင် အင်္ဂလိပ်စကားမပြောတတ်သည့် ကျောင်းသား ၃၀၀၀ နှင့် ၄၀၀၀ ခန့်ရှိပြီး ယင်းတို့ထဲမှ ကျောင်းသား ၂၀၀ ခန့်သည် လူပုံအလယ်တွင် ပွဲလယ်တင့်စွာ စကားပြောနိုင်သူများ ဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

မြန်မာနိုင်ငံတွင်မူ မည်ကဲ့သို့အခြေအနေ ရှိသနည်း။

“နိုင်ငံခြားသားတွေမေးလိုက်ရင် အိုးတိုးအန်းတန်းဖြစ်နေတယ်။ ဘာမှသေချာမသိသလိုဖြစ်နေတယ်” ဟု မဖြိုးက ဆိုသည်။

အင်္ဂလိပ်စာသင်ကြားရေး

ကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားသည့် အတန်းချိန်အတွင်း အင်္ဂလိပ်စကားပြောကြားခြင်း မရှိခြင်း၊ နားထောင်မှုစွမ်းရည်မြင့်စေရန် အင်္ဂလိပ်စကားသံများ နားထောင်ရမှု မရှိခြင်း၊ အင်္ဂလိပ်စာဘာသာရပ်ကို အလွတ်ကျက်ဖြေဆိုခြင်းတို့ကို ပြင်ရမည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဆိုသည်။

“၁၉၈၃ ခုနှစ် အင်္ဂလိပ်စာအဓိက ကျောင်းသားမဖြစ်ခင်မှာ တော်တော်ကို ကြိုးစားခဲ့တာ ရွပ်ရွပ်ချွံချွံ။ အိတ်ဆောင်ရေဒီယို မရှိဘူး။ တစ်တောင်နီးနီးရှိတဲ့ ဖိလစ်ရေဒီယိုကို အိတ်ထဲထည့် သွားလေရာ သယ်ရတဲ့ ခေတ်” ဟု အင်္ဂလိပ်စာကြိုးစားခဲ့ရပုံကို ဒေါက်တာကြည်ရွှင်က ဆိုသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာကို မာလ်တီမီဒီယာအသုံးပြုကာ သင်ကြားမှုပုံစံကြောင့် အင်္ဂလိပ်စကားကို နားထောင်ကာ လိုက်ဆိုရကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာစကားအဖြစ်သာ သတ်မှတ်ထားသည်။

အဘက်ဘက်မှအကြောင်းကြောင်းသော ကိစ္စရပ်များကြောင့် အင်္ဂလိပ်စာလေ့လာသင်ယူမှုပိုင်း၊ တတ်မြောက်မှုပိုင်းတွင် အားနည်းချက်များစွာ ရှိနေသည်ဟု ပြောရမည်ပင်။

ထို့ကြောင့် အစိုးရကျောင်းများမှ အတန်းပညာအောင်မြင်ထားသော်လည်း အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ရေးအတွက် ကျောင်းပြင်ပပညာရေးကို ဆက်လက်သင်ကြားရပြန်သည်။

အင်္ဂလိပ်စာသင်တန်းကျောင်း

လက်ရှိတွင် သင်တန်းကြော်ငြာများကိုကြည့်ပါက အင်္ဂလိပ်စာသင်တန်းများက အများဆုံးဖြစ်သည်။ သင်တန်းကြေးသိန်းချီပေးရသည့် American Center,British Council,EDUKINK ,Wall Streets သင်တန်းကျောင်းများနှင့် ဈေးနှုန်းသင့်တင့်သည့် အင်္ဂလိပ်စာသင်တန်းကျောင်း များပြားစွာ ရှိနေပြီဖြစ်သည်။

ယင်းအချက်ကိုကြည့်ခြင်းဖြင့် အင်္ဂလိပ်စာသင်ယူမှုပိုများလာကာ အင်္ဂလိပ်စာလိုအပ်ချက်ကို နားလည်လာကြကြောင်း DynamicEducationCenter မှ အင်္ဂလိပ်စာဆရာ ဦးဝင်းဇော်မင်းက ဆိုသည်။

“ကလေးကလည်း စာမကြိုးစားဘူး။ ဒါပေမဲ့ သင်တဲ့ကျောင်းက ကောင်းနေရင် အနည်းဆုံးအင်္ဂလိပ်လို ပြောဆိုဆက်ဆံလို့ ရတယ်” ဟု  အင်္ဂလိပ်စာဆရာ ဦးဝင်းဇော်မင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အခြေအနေနှစ်ရပ်ရှိသည်။ အစိုးရကျောင်းမှ အောင်မြင်လာသော လူငယ်အများစုသည် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို ထပ်မံတက်ရောက်မှသာ ကျွမ်းကျင်မှုအဆင့်ထိ ရောက်ရှိတတ်ကြပြီး ပုဂ္ဂလိကနှင့် နိုင်ငံတကာကျောင်းများမှ အောင်မြင်လာသော လူငယ်များမှာမူ ထပ်မံသင်ယူရန်ပင်မလိုဘဲ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်နေကြခြင်းပင်။

သို့သော် ပုဂ္ဂလိကနှင့် နိုင်ငံတကာကျောင်းများ၏ ကျောင်းလခမှာ လွန်စွာမြင့်မားသည့်အတွက် လူကုံထံအသိုင်းအဝိုင်းကသာ လက်လှမ်းမီ နိုင်လေသည်။

အင်္ဂလိပ်စာနှင့် အလုပ်အကိုင် အချိတ်အဆက်

အလုပ်အကိုင်အခွင့်အလမ်းအတွက် အင်္ဂလိပ်စာသည် အရေးကြီးဆုံးဖြစ်လာသည်။ ပွင့်လင်းလာသည့် ခေတ်တွင် ကမ္ဘာနှင့် ရင်ပေါင်တန်းကာ ပေါင်းစည်းဆက်ဆံနေရသော ကုမ္ပဏီများက အင်္ဂလိပ်စာကို ကြားခံဘာသာစကားအနေနှင့် မဖြစ်မနေသုံးကြသည်။

ယင်းအချက်ကြောင့်ပင် လုပ်ငန်းခွင်ဝင်ရောက်မည့် လူငယ်များအတွက် အင်္ဂလိပ်စာ တတ်မြောက်ထားရေးသည် မဖြစ်မနေလိုအပ်သော အရည်အချင်းဖြစ်လာသည်။ လုပ်ငန်းခွင်အတွင်း ရာထူးနေရာကောင်း ရရှိရေးနှင့် ဝင်ငွေကောင်းမွန်စွာရရှိရေးတို့တွင် အင်္ဂလိပ်စာတတ်မြောက် ထားမှု ရှိ မရှိ၊ ကျွမ်းကျင်မှု ရှိ မရှိသည် အရေးကြီးသောအကဲဖြတ်ချက် ဖြစ်လာလေသည်။

အင်္ဂလိပ်စာတတ်မြောက်မှုကြောင့် ဒူဘိုင်းရှိ ဟိုတယ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်သူများစွာ ရှိကြောင်း ဦးဝင်းဇော်မင်းက ဆိုသည်။

ယင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းများလာလျှင် အင်္ဂလိပ်စာလေ့လာသူ ပိုများလာကြောင်း၊ နိုင်ငံ၏ စီးပွားရေးကောင်းလာခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းပိုများလာကာ အင်္ဂလိပ်စာတတ်မြောက်လိုသူ ပိုများလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အင်္ဂလိပ်စာတတ်အောင် ဘယ်လိုသင်မလဲ

အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်ကြသူများထဲတွင် အမှန်တကယ် သင်ယူလိုမှုနည်း၍ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဆိုသည်။

“အင်္ဂလိပ်စာတတ်ဖို့က ပံ့ပိုးမှုဆိုတာအများကြီး မလိုဘူး။ ပိုက်ဆံလည်း နည်းနည်းရှိဖို့ လိုတာပေါ့နော်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အင်္ဂလိပ်စာသင်သည့် ကျောင်းကောင်းကောင်းမတက်နိုင်သော်လည်း အင်္ဂလိပ်စာပေါ်တွင် အချိန်နှစ်မြှုပ်ထားပါက အင်္ဂလိပ်စာတတ်မြောက်မည်ဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

ယင်းအပြင် အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများ၏ အရည်အချင်းကို မြှင့်တင်ပေးခြင်း၊ ဖတ်စာနှင့် သင်ကြားနည်းစနစ်များ ပြောင်းလဲခြင်းဖြင့်သာ လူတိုင်း အင်္ဂလိပ်ဘာသာကျွမ်းကျင်ပိုင်နိုင်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း Dynamic Education Center မှ အင်္ဂလိပ်ဆရာ ဝင်းဇော်မင်းက ဆိုသည်။

“အင်္ဂလိပ်စကားပြောနိုင်အောင် Communicative Approach အနေနဲ့ချဉ်းကပ်မယ်ဆိုရင် ဖတ်စာအုပ်၊ အခန်းအကုန် ပြောင်းလဲရမယ်။ ကုန်ကျစရိတ်များတယ်။ အကြီးကြီးပြောင်းလဲမှရမယ်” ဟု ၎င်းက သုံးသပ်သည်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *