ပြည်ပခရီးသွားများ နာဂပွဲတော်သွားလာခွင့် ခွင့်ပြုချက်ယူရန်မလို

ရန်ကုန်၊ နိုဝင်ဘာ၂၃

၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် (လေရှီး)သို့ သွားရောက်လည်ပတ်မည့် ခရီးသွားများအနေနှင့် လည်ပတ်ခွင့်ခွင့်ပြုချက်ယူရန် မလိုကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးလေရှီးမြို့၌ ဇန်နဝါရီလ ၁၄၊ ၁၅၊ ၁၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများအနေနှင့် နာဂနှစ်သစ်ကူးပွဲတော်နှင့်အတူ လေရှီးမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်လည်ပတ်ရာတွင် ခွင့်ပြုချက်ယူရန်မလိုတော့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောကြားသည်။

“အရင်က ဒီခရီးစဉ်မှာ ဒီပွဲကို ဒီလမ်းကြောင်းက သွားပါဆိုပြီးတော့ပဲ ခွင့်ပြုတာ။ နာဂပွဲတော်နဲ့တွဲပြီး တခြားရွာတွေကိုပါ သွားချင်တယ်ဆိုရင် သွားချင်တဲ့ နေရာကို Special Permission (အထူးခွင့်ပြုချက်) ထပ်ပြီး တောင်းရတယ်။ အခုက ခရီးလမ်းညွှန်ဆိုပြီးတော့ပဲ တင်ထားတဲ့အတွက် ခွင့်ပြုချက်တောင်း စရာမလိုတော့တဲ့ သဘောပေါ့။ တခြားရွာတွေကို သွားမယ်ဆိုရင်လည်း ခွင့်ပြု ချက်တောင်းဖို့ မလိုတော့ဘူး”ဟု ဦးနောင်းနောင်းဟန်က ပြောကြားသည်။
ယခင်က နာဂဒေသရှိ ဒေသအချို့မှာ သွားလာရခက်ခဲခြင်းနှင့် လုံခြုံမှုမရှိ သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက သွားလာခွင့်ကန့်သတ်ထားခြင်းဖြစ်ပြီး လေရှီးနှင့် လဟယ်မြို့နယ်တို့ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ကာ နန်းယွန်းမြို့တစ်ခုကိုသာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။
“အဓိကတော့ နာဂက သွားလာမှုခက်ခဲလို့ ပြည်ပခရီးသွားတွေ သိပ်မရောက် ကြတာပါ။ ခွင့်ပြုထားတာက ကြာပါပြီ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ထွေးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့တွင် ကျင်းပခဲ့ပြီး နန်းယွန်း၊ လဟယ်နှင့် လေရှီးမြို့တို့တွင် အလှည့်ကျကျင်းပခြင်းလည်း ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *