ဆန်းမောင်နှမ၏ ဘ၀ကောက်ကြောင်း

ဆယ်စုနှစ်ပေါင်းများစွာ လူထု၏ လေးစားချစ်ကြည်မှုကို ခံနေရဆဲ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်အနေနှင့် တစ်အူထုံ့ဆင်းဆိုသော်လည်း တစ်လမ်းတည်း မသွားနိုင်ခဲ့ကြပါ။

ယင်းကပင် ပြည်သူတို့၏ စိတ်ကို ရှုပ်ထွေးစေသည်။

တစ်လမ်းတည်းမသွားသည် မဟုတ်သေး။ တစ်ခုတည်းသော အထင်ကရ အိမ်ကြီးကိုပင် ထုခွဲရောင်းချဖို့ လေလံပစ်ရန်ပင် ဆန္ဒရှိနေသူလည်း ရှိသည်။

လူအများက ချစ်ခင်ခြင်းခံရသည့် ကမ္ဘာကျော်နိုင်ငံရေး မိသားစုများစွာ ရှိသည်။

အိန္ဒိယတွင် နေရူးနှင့် ဂန္ဒီမိသားစု၊ အမေရိကတွင် ကနေဒီမိသားစု။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းမိသားစု။

ပြည်သူအများ ချစ်ခင်ခြင်းခံရသည့်ကမ္ဘာကျော်နိုင်ငံရေးမိသားစုဖြစ်သည်။

ထိုမိသားစုမှ နောက်ဆုံးမျိုးဆက် ရင်သွေးနှစ်ဦးကမူ ခြားနားချက်များစွာဖြင့် လူအများ၏ စိတ်ဝင်စားမှုခံနေကြရသည်။

အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ် လုပ်ကိုင်ခြင်းကို ဝါသနာထုံသည့် မိဘနှစ်ဦးက မွေးဖွားလိုက်သော သားသမီးများ၏ စိတ်နေစိတ်ထားနှင့် ခံယူချက်၊ ရပ်တည်မှုများက အဘယ်သို့ ရှိနေသနည်း။

တစ်ဦးက နိုင်ငံ၏ အရေးပါသည့် ရာထူးနှင့် ဂုဏ်သိန်တို့ကို ရယူထားချိန်တစ်ဦးက အများမြင်ကွင်းမှ ကွယ်ပျောက်ကာ ကာလကြာရှည်သိုသိုသိပ်သိပ်နေသည်။

သူတို့နှစ်ဦး၏ လမ်းခွဲသည် ယခုနောက်ဆုံးအချိန်တွင် ပို၍ ထင်ရှားလာသည်။

သမီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ နောက်ပိုင်းမှစ၍ ဒီမိုကရေစီတိုက်ပွဲ ဝင်ခဲ့သူ၊ ယခုထိလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေဆဲ။

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူသားကြီး ဦးအောင်ဆန်းဦးကတော့ ထိုသို့မဟုတ်။ ထူးထူးခြားခြား အေးအေးလူလူ နေတတ်ခဲ့သူ။ အာဇာနည်နေ့အခမ်းအနား တစ်ရက်တွင်သာ ရုပ်မြင်သံကြားမှ တစ်ဆင့် လူထုမြင်ကွင်းရှေ့ ပေါ်လာတတ်သူဖြစ်သည်။

မိသားစုအရင်းအချာဟု မယ်မယ် ရရ နှစ်ဦးတည်းသာ ကျန်တော့သည့် သူတို့မောင်နှမနှစ်ဦးအကြား ပုံမှန်မိသားစု၏ မောင်နှမဆက်ဆံရေးမျိုး မရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာပင် ရှိခဲ့လေပြီ။

မိခင်ဒေါ်ခင်ကြည်ဆုံးပါးချိန် မြန်မာပြည်သို့ ၂၆ နှစ်ကျော်အကြာတွင်မှ ပြန်လည်  ခြေချခဲ့သော အစ်ကိုကြီးဦးအောင်ဆန်းဦးကို ညီမဖြစ်သူက စကားမပြောခဲ့ဟု ဦးအောင်ဆန်းဦးက ဘီဘီစီနှင့်  ယခု နိုဝင်ဘာလအတွင်း ပြုလုပ်ထားသော အင်တာဗျူးတွင် ဖြေကြားထားသည်။

ထိုအခြေအနေ၏ နောက်ကွယ်တွင် မမြင်ရသည့် အကြောင်းတရားများစွာ ရှိနိုင်သော်လည်း မြင်သာပြီး လူအများကို ချပြထားသည့် အကြောင်းကား မိဘပိုင်အိမ်ကိစ္စ၊ အမွေကိစ္စ ဖြစ်သည်။

ထိုအမှုစတင်ကတည်းကပင် ၎င်းတို့ မောင်နှမအကြား ပြောဆိုဆက်ဆံရေး အေးစက်ခဲ့သည်။

မိခင်ကြီးဒေါ်ခင်ကြည်ဆုံးပါးပြီးနောက် ခြံအမှတ်၅၄/၅၆ ကို အမွေခွဲဝေယူရန် စတင်ခဲ့သည့် ၁၉၈၈ တွင်ပင် ၎င်းတို့နှစ်ဦးအကြား ပဋိပက္ခအစပြုသည်ဟုပင် ဆိုရမည်။

ခွဲဝေလိုသည့် နေအိမ်ခြံဝင်းမှာ လူကုံထံ အသိုင်းအဝိုင်းနှင့် သူဌေးသူကြွယ်တို့သာ အနားသီနိုင်သည့် ရန်ကုန်မြို့အင်းလျားကန်စောင်း၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က လူအများသိသည့် နေအိမ်ခြံဝင်း ဖြစ်သည်။

ယင်းအမွေမှုကို လိုက်ပါဆောင်ရွက်လျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ၏ အဆိုအရ မိခင်ဆုံးပါးပြီးနောက် ကျန်ရှိခဲ့သည့် အမွေထဲမှ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ကြောင်းနှင့် ဦးအောင်ဆန်းဦး ပိုင်ဆိုင်သည့် တစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်က ခေတ္တအသုံးပြုနေထိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သည်။

“ဦးအောင်ဆန်းဦးက သူ့ရဲ့ ထက်ဝက်ပိုင်ဆိုင်မှုကို ခေတ္တခဏ နေခွင့်ပေးတာ။ စာချုပ်လည်း ရှိတယ်။ နေခွင့်ပေးတာကို ပြန်ရုပ်သိမ်းပြီးတော့ သူ့ရဲ့ထက်ဝက်ပိုင်ဆိုင်မှုကို ခွဲပေးပါလို့ တောင်းတာ” ဟု ဦးအောင်ဆန်းဦး၏ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က ရှင်းပြသည်။

ထိုပြန်ရုပ်သိမ်းကြောင်း စာနှင့် ပိုင်ဆိုင်မှုခွဲပေးရန် စာကို ပို့သည်မှာ ၂၀၀၀  ပြည့်နှစ်က ဖြစ်ပြီး ထိုအချိန်ကစတင်၍ မောင်နှမနှစ်ယောက်ဆက်ဆံရေးကလည်း ကျို့တို့ကျဲတဲသာ။

အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။

ဦးအောင်ဆန်းဦးကို ၁၉၄၃ ခုနှစ် ဇွန်လ ၁၃ ရက်တွင် မွေးဖွားခဲ့သည်။ ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂ နှစ်သာ ကွာသည်။

ဦးအောင်ဆန်းဦးက ရန်ကုန်ရှိ ကက်သလစ်ကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းနှင့် အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း (ယခု အထက ၁ ဒဂုံ) တို့တွင် ပညာသင်ယူခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ၁၉၅၆ ခုနှစ်တွင် ယခုတရားရင်ဆိုင်နေသည့် ခြံအမှတ် (၅၄) သို့ မိသားစုသုံးယောက် စတင်ပြောင်းရွှေ့ခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ မိခင် ဒေါ်ခင်ကြည်နှင့် အတူ အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်သို့ မောင်နှမနှစ်ယောက်စလုံး လိုက်ပါခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၂ မှ ၁၉၆၃ ခုနှစ်အထိ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို  လေ့လာသင်ယူသည်။ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်တို့ကို လေ့လာဆည်းပူးခဲ့ပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။

၁၉၆၈ မှ ၁၉၇၂ ခုနှစ်အတွင်း လန်ဒန်အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာနတွင် သုတေသနလက်ထောက်၊ ဘူတန်နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိ၊ နယူးယောက်ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံး အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ အကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် မြောက်ပိုင်းဗုဒ္ဓဘာသာမဟာယန၏ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာသမိုင်းကြောင်း သုတေသီဖြစ်သော ဒေါက်တာမိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် သားကြီး မြင့်ဆန်းအောင် ခေါ် အလက်ဇန္ဒားဂျွန်ခရစ္စတိုဖာအဲရစ်ကို မွေးဖွားခဲ့ပြီး ၁၉၇၅ – ၇၇ခုနှစ်များတွင် အောက်စဖို့ဒ်တက္ကသိုလ်ဘော့ဒလီယန် စာကြည့်တိုက်တွင် မြန်မာစာနှင့် ပေပုရပိုက်ကက်တလောက်ပြုစုသူ ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ပင် သားငယ်ထိန်လင်း ခေါ် ကင်မ်ကို မွေးဖွားခဲ့သည်။

ထို့နောက် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသီအဖြစ် သွားရောက်သုတေသနပြုခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင်ခဲ့သည်။

“အစ်မက ငယ်ငယ်ကတည်းက စာတော်တယ်။ သူတို့မောင်နှမနှစ်ယောက်စလုံးကို ဂိုက်တွေနဲ့ သေချာအနီးကပ် သင်ကြားပေးခဲ့တယ်လို့ ကြားဖူးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျချိန်တွင် ခြောက်နှစ်ကျော်  အတူနေထိုင်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်ခင်ခင်ဝင်းက ပြောကြားသည်။

၁၉၈၈ ခုနှစ် မိခင်ဒေါ်ခင်ကြည် ကျန်းမာရေးထိခိုက်ချိန် သားနှစ်ယောက် မိခင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင်ပင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြမည့်  မြန်မာလူထု၏ ခေါင်းဆောင်နေရာသို့  စတင်ရောက်ရှိခဲ့သည်။

“ကျွန်မတို့ ပြည်သူ၊ ပြည်သားအများစုဟာ လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံနိုင်တဲ့နိုင်ငံရေးစနစ်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ရယူတည်ဆောက်ချင်တယ်ဆိုတဲ့  ယုံကြည်ချက်နဲ့ ကျွန်မ ‘၈၈၈၈’ အရေး တော်ပုံထဲ ပါခဲ့တာပါ”ဟု ၂၀၁၃ ခုနှစ် ဩဂုတ်လ ၅ ရက်က ထုတ်ဝေသည့် ဒီလှိုင်းစာစောင်အတွဲ ၂၊ အမှတ် ၃၀ ၏ ဒီစကားကဏ္ဍတွင် ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားထားသည်။

သို့ဖြင့် နိုင်ငံရေးဇာတ်ခုံပေါ်တွင်  နေအိမ်အကျယ်ချုပ် ၁၆ နှစ်တာကို ဖြတ်သန်းခဲ့သည်။ နှမဖြစ်သူနှင့် ဆန့်ကျင်ဘက် ဦးအောင်ဆန်းဦးကမူ နိုင်ငံရေးအပေါ် စိုးစဉ်းမျှဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့။

ဦးအောင်ဆန်းဦးမှာ ၁၉၅၉ ခုနှစ်  အသက် ၁၆ နှစ်တွင် ဆယ်တန်းအောင်ကာ ပညာသင်ဆု ရရှိခဲ့သော်လည်း ဗြိတိန်နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။ အင်္ဂလန်တွင်ပင် တက္ကသိုလ် ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သည်။

မြန်မာအမျိုးသမီး ဒေါ်လဲ့လဲ့နွယ်သိန်းနှင့် လက်ထပ်ယူခဲ့သည်။ ဇနီးသည်မှာ စာပေအနုပညာရှင်တစ်ဦးဖြစ်ပြီး ခရီးသွားဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် အင်္ဂလန်မှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ခဲ့သည်။ အမေရိကန်ရေတပ်တွင် အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း အမေရိကန်ဆင်န်ဒီအေကို မြို့တွင် အရစ်ကျစနစ်ဖြင့် အိမ်နှင့်ခြံ ဝယ်ယူနေထိုင်ခဲ့သည်။

အမေရိကတွင် အခက်အခဲများစွာ ဖြင့်နေထိုင်ခဲ့ရပြီး အလုပ်ရရှိရန် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ရသည်။

“ဟိုမှာလည်း ဗိုလ်ချုပ်အောင်ဆန်း သားဆိုလို့ အခုဗိုလ်ချုပ်တွေရဲ့ သားသမီးလို အကြီးအကျယ်ချမ်းသာနေတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ် လုပ်စားနေရတဲ့ အခါ အလုပ်ရအောင် အမေရိကန်နိုင်ငံသား ခံယူရတာပေါ့”ဟု ဦးအောင်ဆန်းဦးက ဆိုသည်။

၁၉၈၈ ခုနှစ်တွင် မိခင်ကွယ်လွန်ခဲ့ချိန်တွင် ၎င်းမှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသည့်အတွက် ဗိုလ်ချုပ်ကြီး စောမောင်၏ အထူးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရခဲ့သည်။

ထိုပြန်လာရန် အကြောင်းကြားစာကို ဗိုလ်ချုပ်အောင်ကြီးက သံရုံးမှတစ်ဆင့် ပို့ဆောင်ရန် ကြိုးစားချိန် စာမပို့ရန် ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ခဲ့ဖူးသည်ဟု ဦးမြတ်ခိုင်၏ ‘နိုင်ငံရေးသမား လက်ဟောင်းသခင်အောင်ကြီး(ပေါင်းတည်)နှင့် တွေ့ဆုံခြင်း’ အင်တာဗျူးစာအုပ်တွင် ဗိုလ်ချုပ်အောင်ကြီးက ဖြေကြားထားသည်။

ဗိုလ်ချုပ်အောင်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် အိမ်ထောင်ပြုစဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြန်လည်အခြေချသော ဦးအောင်ဆန်းဦးတွင် သားသမီး မရှိ။ ၎င်း၏အလုပ်မှ အငြိမ်းစားယူထားပြီး မြန်မာနိုင်ငံတွင် ခြောက်လ၊ အမေရိကတွင် ခြောက်လ နေထိုင်လျက်ရှိသည်။

လက်ရှိ ပုဂံ ညောင်ဦးမြို့နယ် တောင်ဘီရွာတွင်ရှိသော ၎င်းပိုင်အိမ်တွင် နေထိုင်ပြီး ထိုအိမ်ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများကို ကန်ထက်ရိုက် ရရှိဆောက်လုပ်ပေးခဲ့သည့် နာမည်ကျော် ACE ကုမ္ပဏီက ကန်ထရိုက်ရရှိကာ ၂၀၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

ထို့နောက် ၂၀၀၄ ခုနှစ်တွင် အိမ်ဆောက်လုပ်ခြင်း ရပ်နားသွားပြီးနောက် ၎င်းကိုယ်တိုင် တဖြည်းဖြည်းချင်း အပြီးသတ်ဆောက်လုပ်ခဲ့သည်။

ယနေ့ထိလည်း အိမ်က မပြီးစီးသေးပေ။ အမွေကိစ္စအဆင်ပြေလျှင် အိမ်ကို  ဆက်ဆောက်လုပ်ရန်လည်း သူက ရည်ရွယ်ထားသည်။ ထို့ပြင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် နောင်ရေးအတွက်ကိုလည်း ထိုအမွေထဲက ခွဲခြမ်းစိတ်ဖြာသုံးစွဲရန် ၎င်းက စီစဉ်ထားသည်။

အေးဆေးစွာနေထိုင်နေသော်လည်း နိုင်ငံရေးကို စိတ်မဝင်စား၍ ရသလို စိတ်ဝင်စားပါက လုပ်ဆောင်၍လည်း ရသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးစိတ်ဝင်စားမှုမရှိဘဲ သီးခြားနေထိုင်ခဲ့သော်လည်း အမေရိကရှိ နေအိမ်ရှေ့တွင် ဆန္ဒပြခံရခြင်း၊ ဒီမိုကရေစီမဆန်သောသူများနှင့်ပေါင်းသင်းသူဟုဆိုကာ အနှောင့်အယှက်ပေးခံရခြင်းတို့ကို ဦးအောင်ဆန်းဦး ကြုံတွေ့ခဲ့ဖူးသည်။

ဦးအောင်ဆန်းဦး မြန်မာပြည်တွင် နေထိုင်စဉ် နေ့စဉ်ပုတီးစိပ်တရားထိုင်၊ စာအုပ်ဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်းနှင့် ၎င်းစောင့်ရှောက်နေသည့် ကလေး၂၈ ဦး ထံ သွားရောက်ကြည့်ရှုခြင်းတို့ လုပ်ဆောင်သည်။

မိမိ လူမျိုးတိုးတက်ရန်၊ နေထိုင်မှု ကောင်းရန်နှင့် ကျန်းမာရေး၊ ပညာရေးကောင်းလာရန် လုပ်ပေးခြင်းမှာ သူ့အတွက် နိုင်ငံ့အရေးလုပ်ဆောင်ခြင်းဟု ခံယူထားလေသည်။

ထို့ကြောင့် သူနေထိုင်သည့် ရွာအတွင်းရှိ ကလေး ၂၈ ဦး၏ ကျန်းမာရေးနှင့် ပညာရေးအတွက် ဂရုစိုက်ထောက်ပံ့ပေးထားသည်။

“အဲဒါတွေ အကုန်လုံးလုပ်တယ်ဆို နိုင်ငံရေးလုပ်တယ်လို့ ယူဆတာပဲ”ဟု ဦးအောင်ဆန်းဦးက 7Day  ဂျာနယ်နှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

ထို့ပြင် ရွာအတွင်း ထရန်စဖော်မာတပ်ဆင်ကာ မီးအလင်းပေးထားသည်။  အစ်ကိုကြီးဖြစ်သူ၏ နိုင်ငံရေးစိတ်ဝင်စားမှုက ထိုမျှသာ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ နိုင်ငံအရေးသည်အသက်ကြီးသည်  ငယ်သည်မဟူအားလုံး၏ အနာဂတ်ဟု  ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ် လွတ်ပြီးချိန်က ဆိုခဲ့သည်။

“ဒီနိုင်ငံရေးဟာ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လူတိုင်း၊ လူတိုင်းရဲ့ အနာဂတ်နဲ့ ဆိုင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး တစ်လကျော်အကြာတွင် တွေ့ဆုံမေးမြန်းထားသည့် ကိုကို (စက်မှုတက္ကသိုလ်)၏ ‘ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း’စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားသည်။

နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သော နှမငယ်နှင့် ခပ်အေးအေး နေထိုင်သူ အစ်ကိုကြီး ဖြစ်သူတို့ကို ယှဉ်ထိုးပြောဆိုမှုများစွာလည်း ရှိသည်။

သို့သော် ထိုပြောဆိုမှုများအတွက်လည်း ဦးအောင်ဆန်းဦးက ၎င်းတို့နှစ်ဦး အကြား Value ခြင်းမတူဟု အတိအလင်းပြောကြားထားပြီး ဖြစ်သည်။

သို့သော် ဖခင်၏အမွေအဖြစ် ပြတ်သားမှုရှိသည့် စရိုက်ကမူ မောင်နှမနှစ်ဦး စလုံးတွင် တူညီကြသည်။

အပြောအဆို အလုပ်အကိုင် လွန်စွာပြတ်သားသူများ ဖြစ်သည်။

“အစ်ကိုကြီးက စိတ်ဆတ်တယ်။ ပြတ်ပြတ်သားသားရှိတယ်။ မဟုတ်မမှန်တာ မပြောဘူး။ အဲဒီလိုပြောရင်လည်း မကြိုက်ဘူး။ တိတိကျကျ ပြောတတ်တယ်” ဟု ခြံအမှတ် ၅၄ အမွေကိစ္စကို ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က ပြောကြားသည်။

ထိုသို့ ပြတ်သားမှုများကပင် မောင်နှမ နှစ်ဦးကို ပြတ်ပြတ်သားသားဆက်ဆံရေး ဖြစ်ခဲ့သည်။

ယခုလက်ရှိတွင် အမွေခွဲသည့်ကိစ္စ ဖြစ်လာချိန်တွင် နှစ်ဦးအကြားပဋိပက္ခအရှိန်မှာ အမြင့်ဆုံးကို ရောက်ရှိခဲ့လေသည်။ ခြံအမှတ် (၅၄) ကို လေလံတင်ကာရရှိသည့် ပမာဏကို တစ်ယောက် တစ်ဝက်ခွဲဝေရန် တရားရုံးသို့ လျှောက်ထားသည်အထိ ဖြစ်လာခဲ့သည်။

တရားမျှတမှုမရှိသော ခွဲဝေမှုဖြစ်သောကြောင့် တရားမျှတမှုရှိစေရန် လေလံတင်လိုခြင်းဟု ဦးအောင်ဆန်းဦးက ပြောကြားထားသည်။

“ရတာက နည်းတာမဟုတ်ဘူး။ ရတာက မတရားတာ” ဟု ဦးအောင်ဆန်းဦးက ဆိုသည်။

ခြံလေလံတင်၍ ရရှိလာမည့် ငွေကြေးကို နှမဖြစ်သူနှင့် တစ်ယောက်တစ်ဝက်  ခွဲယူလိုသည်ဟု ဦးအောင်ဆန်းဦးက နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံးသို့ အောက်တိုဘာလ ၁၇ ရက်က အထူးအယူခံ တင်သွင်းခဲ့သည်။

မတရားဘူး ထင်လျှင် မည်သူ့မျက်နှာမျှ မထောက်တတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဗီဇသွေးများပင်။

သို့သော် မောင်နှမ၊ မိသားစုအကြား တရားရုံးသို့ ရောက်ရသည့်အခြေအနေမှာ နောက်ဆုံး အခြေအနေဖြစ်သလို နှစ်ဦး နှစ်ဖက်ကြားက မိသားစုဆက်ဆံရေးနှင့် သံယောဇဉ်များ အရောင်မှေးမှိန်လေပြီလားဟု မေးခွန်းထုတ်စရာပင်။

မြန်မာနိုင်ငံတွင် အမွေကိစ္စများတွင် ကိတ္တိမသား (မွေးစားသား)နှင့် အမွေခွဲဝေခြင်း၊ မောင်နှမချင်း အမွေခွဲဝေခြင်းကိစ္စများတွင် တရားရင်ဆိုင်ကြလေ့ရှိပြီး မောင်နှမအချင်းချင်းအမွေခွဲဝေမှုမှာ အများဆုံးဟု ဦးအေးလွင်က ၎င်း အတွေ့အကြုံအရ ရှင်းပြသည်။

ကမ္ဘာကျော်နိုင်ငံရေးမိသားစုဖြစ်သည့် စင်ကာပူဝန်ကြီးချုပ်လီကွမ်ယု၏မိသားစုသည်လည်း ဖခင်ကွယ်လွန်ပြီးချိန်တွင် ကျန်ရစ်ခဲ့သော သားသမီးသုံးဦးအကြား အိမ်အမွေခွဲဝေခြင်း ပြဿနာဖြစ်ပွားခဲ့သည်။

မောင်နှမသုံးဦးအနက် အစ်ကိုဖြစ်သူ ဝန်ကြီးချူပ်လီရှန်လွန်းက ၎င်း၏ဩဇာအာဏာကိုသုံး၍ အနိုင်အထက်ပြုကျင့်လာမည်ကို စိုးရိမ်နေရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အမွေကိစ္စအမှုများစွာထဲမှာ ယခုအမွေကိစ္စမှာမူ သာမန်မိသားစု၏ အမွေကိစ္စ မဟုတ်။ ကမ္ဘာကျော်ဗိုလ်ချုပ်အောင်ဆန်း၏ ကမ္ဘာကျော်သားသမီးများ  အမွေခွဲဝေခြင်း မဟုတ်ပါလား။

မိသားစုကိစ္စပင်ဖြစ်သော်လည်း တိုင်းပြည်၏ အထင်ကရများဖြစ်သည့်အတွက် ပြင်ပဘ၀နေထိုင်မှုပုံစံများက စိတ်ဝင်စားဖွယ် ဖြစ်လာသည်။

နိုင်ငံရေးပြင်ပမိသားစုကိစ္စဖြစ်သည့်အတွက် အမွေခွဲဝေခြင်းကိစ္စကို ထောက်ခံသူ၊ မထောက်ခံသူများကလည်း များစွာ။ သို့သော် ထိုကိစ္စကြောင့်ပင် မောင်နှမ နှစ်ဦးအကြားပိုမို၍ ဝေးကွာသွားစေမည်လား။ ပိုမို၍ ကွဲလွဲသွားစေမည်လား။

မြန်မာပြည်သူများကတော့ နိုင်ငံကို ချစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ သွေးသားများဖြစ်သည့်အတွက် နိုင်ငံရေးဆောင်ရွက်မည်လားဟု မျှော်လင့်ချက်ဖြင့် ကြည့်ရှုကြခြင်းဖြစ်သော်လည်း အသွေးအသားဗီဇများဖြင့် တည်ဆောက်ထားသည့် လူသားများပင် မဟုတ်ပါလား။

တစ်ဦးနှင့် တစ်ဦးအကြား တူညီမှု များရှိသလို ကွဲပြားမှုများကလည်း ရှိနေမည်သာ။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *