မြန်မာ့သစ်သီး ထိုးစစ် ခံစစ်

မြန်မာ့မြေထွက် သစ်သီးများအတွက် တရုတ်တို့က လေယာဉ်ဖြင့်ပင် လာရောက်ဝယ်ယူမည်ဟု ကမ်းလှမ်းချက်များရှိသည်။ သို့သော် အခွင့်အလမ်းနှင့်အတူ ကန့်သတ်ချက်များလည်းရှိနေသည်။

“AQSIQ List (တရုတ်နိုင်ငံ အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုစာရင်း) ထဲပါသွားရင်တော့ ကျွန်တော်တို့ ဘယ်လောက်အထိ ကမ်းလှမ်းမှုရထားလဲဆိုရင် သစ်သီးဝလံတွေကို တရုတ်နိုင်ငံ ကျန်းစုပြည်နယ်က လေယာဉ်နဲ့ လာဝယ်မယ်ဆိုပြီး ပြောထားတယ်”ဟု ဆိုလာသူက ဦးကျော်သူ ဖြစ်သည်။

ဦးကျော်သူသည် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (MFVP) ၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။

မြန်မာ့ပို့ကုန်မြှင့်တင်ရေးတိုက်ပွဲတွင် သစ်သီးဝလံထွက်ကုန်များသည် အဓိကတစ်နေရာမှ ပါဝင်လာခဲ့ပြီဖြစ်သည်။

နှစ်ပရိစ္ဆေဒကြာမြင့်စွာ အဖိုးတန် သစ်နှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ သယံဇာတထွက်ကုန်များကို အဓိကထုတ်ကုန်အဖြစ် ပြည်ပသို့ တင်ပို့ရောင်းချခဲ့ရာမှ ကုန်ထုတ်လုပ်မှုအပေါ် အခြေပြုသည့် ဦးစားပေးပို့ကုန်များ ပြောင်းလဲရွေးချယ်ရာတွင် သစ်သီးဝလံကဏ္ဍသည် အလားအလာကောင်းသော လုပ်ငန်းတစ်ခု ဖြစ်လာသည်။

ပို့ကုန်မြှင့်တင်ရေးစီမံကိန်းကြီး တစ်ခုဖြစ်သော အမျိုးသားပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာ (NES) တွင်လည်း သစ်သီးဝလံထွက်ကုန်များကို ဦးစားပေးပို့ကုန်အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

သို့သော် ပလိုင်းပေါက်နှင့် ဖားကောက်သလို ဖြစ်နေသည့်ကိစ္စရပ်လည်း ရှိနေပြန်သည်။

မြန်မာ့သစ်သီးဝလံကို ဦးစားပေးပို့ကုန်အဖြစ် မြှင့်တင်၍ နိုင်ငံခြားဝင်ငွေရှာရန် ကြံဆောင်နေသော်လည်း အိမ်နီးချင်းနိုင်ငံများမှ အလုံးအရင်းနှင့် စီးဝင်လာသော သစ်သီးဝလံသွင်းကုန်များကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားငွေများ ပြန်လည်စီးထွက်လျက်ရှိနေသည်။

ယင်းသို့ အခြေအနေတွင် မြန်မာ့သစ်သီးဝလံ ထုတ်လုပ်မှုနှင့် ဈေးကွက်အလားအလာက အဘယ်နည်း။  သစ်သီးဝလံပို့ကုန်၊ သွင်းကုန် အားပြိုင်မှုတွင် မည်သူက အသာစီးရမည်နည်း။

ခေတ်က တောင်းဆိုသော သစ်သီး

ကမ္ဘာ့လူသားတို့၏ စားသောက်မှု ပုံစံပြောင်းလဲလာသည်နှင့်အမျှ သစ်သီးဝလံထုတ်လုပ်မှုသည် တစ်စတစ်စကြီး ထွားလာသည်။ ကျန်းမာရေးရှုထောင့်အရ သစ်သီးဝလံစားသုံးခြင်းသည် လူသားတို့ အစာချေစနစ်အတွက် အထူးကောင်းမွန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က လူတစ်ဦးသည် တစ်ရက်လျှင် ပျှမ်းမျှ သစ်သီးနှင့် ဟင်းရွက် ၄၀၀ ဂရမ်စားသုံးသင့်ကြောင်း အကြံပြုသည်။ ယင်းသို့စားသုံးလျှင် နာတာရှည် ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးရောဂါ စသည်တို့ကို ကာကွယ်နိုင်သည်ဟုဆိုသည်။

ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ နေ့စဉ်အစားအသောက်စာရင်းတွင် သစ်သီးဝလံသည် မပါမဖြစ်။ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် စားသုံးမှုအများဆုံး သစ်သီးများမှာ သရက်သီး၊ ဖရဲသီးနှင့် ငှက်ပျောသီးတို့ ဖြစ်သည်။

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (MFVP) ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် တွင် သရက်သီး ၃၂၀,၀၀၀ တန် ၊ ဖရဲသီး ၁၄၀,၀၀၀ တန်နှင့် ငှက်ပျောသီး ၈၀,၀၀၀ တန်ခန့် စားသုံးသည်။

ယင်းအချက်အလက်များသည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြား မြန်မာနိုင်ငံ၏ သစ်သီးဝလံထုတ်လုပ်မှုကဏ္ဍအပေါ် လေ့လာထားသော MFVP ၏ သုတေသနစာတမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ တစ်ဦးချင်းသစ်သီးစားသုံးမှုနှုန်းသည် နိုင်ငံတကာနှင့် ယှဉ်လျှင်နိမ့်ပါးလျက်ပင် ရှိသေးသည်။

ကမ္ဘာ့နိုင်ငံများ၏ ပျှမ်းမျှ လူတစ်ဦးချင်းသစ်သီးစားသုံးနှုန်းသည် တစ်နှစ်လျှင် ၇၀ ကီလိုဂရမ်ခန့် ရှိသော်လည်း မြန်မာနိုင်ငံသည် ၁၁ ကီလိုဂရမ်ခန့်သာ ရှိသည်။ ယခုနောက်ပိုင်းတွင် ကျန်းမာရေးရှုထောင့်အရ သစ်သီးဝလံ စားသုံးမှုနှုန်းတိုးတက်မှု ရှိလာသည်။

“စားသောက်မှုပုံစံစနစ်က ပြောင်းသွားပြီလေ။ အရင်တုန်းက ဒီသီးနှံတွေ၊ ဘာတွေစားတာ နည်းတယ်။ အခုတော့ စားတာက များလာတယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့သူများ အသင်း (MFVP) ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဆိုသည်။

သို့သော်…

စိုက်ပျိုးရေးနိုင်ငံဟု ခေတ်အဆက်ဆက်က ကြွေးကြော်ခဲ့သော မြန်မာသည် အခြားသော အိမ်နီးချင်းနိုင်ငံများထံမှလည်း သစ်သီးများကို ဝယ်ယူတင်သွင်းနေရပြန်သည်။ အိမ်နီးချင်း ထိုင်း၊ တရုတ်နိုင်ငံတို့သာမက အနောက်နိုင်ငံများမှ တန်ဖိုးမြင့် ထုတ်ကုန်သစ်သီးဝလံများသည် မြန်မာ့ ဈေးများ၊ အဆင့်မြင့်ဆူပါမားကက်ကြီးသို့ နယ်ကျော်မြေကျော် ရောက်ရှိလာကြ သည်။

ဒေါ်လာစားသော သစ်သီးများ

တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှုအတွက် သစ်သီးထုတ်လုပ်သော်လည်း လိုအပ်ချက်ရှိသဖြင့် မြန်မာနိုင်ငံအပါဝင် ပြည်ပနိုင်ငံများက သစ်သီးတင်သွင်းရသည်။

တရုတ်နိုင်ငံ၏ သစ်သီးစားသုံးမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာကြောင်း ဦးစိုးသန်းမင်းဒင်က ဆိုသည်။

နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလမှ စတင်ကာ ဧပြီလကုန်အထိ တရုတ်နိုင်ငံမြောက်ပိုင်း သစ်သီးဝလံစိုက်ပျိုးရာ ပြည်နယ်များသည် သစ်သီးမထုတ်လုပ်နိုင်သဖြင့် မြန်မာနိုင်ငံမှ သစ်သီးဝလံများကို တင်သွင်းရခြင်းဖြစ်သည်။ စားသုံးသူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် တရုတ်နိုင်ငံသည်၏ သစ်သီးစားသုံးနှုန်းမြင့်မားလာခြင်းသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်း ဖြစ်သည်။

အထူးသဖြင့် ဖရဲနှင့် သခွားသည် တရုတ်နိုင်ငံက ကြိုက်နှစ်သက်သော သစ်သီးများဖြစ်ပြီး ယခင် ရာသီပေါ်ချိန် တစ်ပိုင်တစ်နိုင်ရောင်းဝယ်ခဲ့ကြရာမှ လက်ရှိတွင် နှစ်နိုင်ငံသစ်သီးကုန်သွယ်မှုပုံစံအဖြစ် ကြီးထွားလာသည်။ တရုတ်နိုင်ငံတွင် သစ်သီးအထွက်နည်းချိန် မြန်မာနိုင်ငံတွင် သစ်သီးပေါ်သောကြောင့် ဈေးကွက်ကောင်းသည်။

“တရုတ်ရဲ့ Demand (ဝယ်လိုအား) ကတော့ တောက်လျှောက်တိုးနေတယ် ပြောရမှာဗျ။ ကျွန်တော်တို့ဘက်က တောင်သူတွေက နည်းပညာကောင်းကောင်းနဲ့ အထွက်နှုန်းကောင်းကောင်း ရအောင် ကြိုးစားရမှာပေါ့” ဟု မူဆယ်အခြေစိုက် စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံလုပ်ငန်းရှင် ဦးစိုင်းမြင့်ဗိုလ်က ဆိုသည်။

နိုဝင်ဘာလမှ စတင်ကာ မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ဖရဲ၊ သခွားကုန်တင်ယာဉ်များ မန္တလေး -မူဆယ်လမ်းပေါ်တွင် ခြေချင်းလိမ်နေတက်သည်။ မူဆယ်(၁၀၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင်သို့ တစ်နေ့လျှင် ဖရဲ၊ သခွားတင်ယာဉ်များ ရာနှင့်ချီဝင်ထွက်လျက် ရှိသည်။

ဖရဲသီးသည် ပြည်ပဈေးကွက်သို့ တစ်နှစ်လျှင် တန်ချိန် ခြောက်သိန်းကျော် တင်ပို့ပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ရရှိသည်။ သစ်သီး တင်ပို့မှုဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ဖရဲတင်ပို့မှုမှ ရရှိနေခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် သစ်သီးမျိုးစုံ တန်ချိန်တစ်သန်း၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၅၇ သန်း ရရှိထားကြောင်း သိရသည်။

သရက်သီးကိုလည်း တရုတ်ဈေးကွက်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများ၊ အမေရိကနှင့် စင်ကာပူနိုင်ငံတို့သို့ တိုးချဲ့တင်ပို့နေပြီဖြစ်ပြီး ငှက်ပျော၊ နာနတ်၊ ထောပတ်သီးများကို ပြည်ပဈေးကွက်များ နှင့်ချိတ်ဆက်နိုင်သဖြင့် သစ်သီးတင်ပို့မှု တိုးတက်လာနိုင်ကြောင်း MFVP အသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်သူက ဆိုသည်။

မြန်မာ့သစ်သီးဝလံတင်ပို့မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်ဈေးကွက်သို့ တင်ပို့ပြီး မြန်မာနိုင်ငံထွက်သစ်သီးဝလံအမျိုးအစားစုံကို လက်ခံရန် ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးရေးဌာန (AQSIQ) အဖွဲ့သည် မြန်မာ့သစ်သီးရှစ်မျိုးကိုသာ တရားဝင် လက်ခံသည်။

AQSIQ က လက်ခံသည့်စာရင်းတွင် မပါဝင်သေးသော ထောပတ်သီး၊ ငှက်ပျော၊ ကျွဲကော၊ ၀ဥ သီးနှံများကို စာရင်းတွင် ထည့်သွင်းနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ ယင်းသစ်သီးဝလံများသည် တရုတ်ဈေးကွက်က လိုအပ်ချက်ရှိသည့် သီးနှံများလည်းဖြစ်သည်။

အလားတူ သစ်သီးဝလံအမျိုးအစားအလိုက် အခြားနိုင်ငံဈေးကွက်သစ်များ ပိုမိုချိတ်ဆက်ပေးနိုင်ရန် နိုင်ငံတကာသစ်သီးဝလံကုန်စည်ပြပွဲများသို့ သွားရောက်ပြသလျက်ရှိပြီး သစ်သီးထုတ်လုပ်မှု အပိုင်းတွင်လည်း GIZ ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက နည်းပညာအကူအညီ ပံပိုးပေးလျက်ရှိသည်။

တဖြည်းဖြည်းချင်း အရှိန်ယူဆောင်ရွက်ပါက သစ်သီးဝလံထုတ်လုပ်မှု၊ တင်ပို့မှုတိုးတက်လာမည်ဖြစ်ပြီး သစ်သီးဝလံကဏ္ဍမှ နိုင်ငံခြားဝင်ငွေ နှစ်ဆမှ သုံးဆအထိ ရှာဖွေနိုင်မည်ဖြစ်ကြောင်း ၎င်းက ယုံကြည်သည်။

ပြည်ပ သစ်သီးဝလံလှိုင်း

သို့သော်လည်း သစ်သီးပို့ကုန်မြှင့်တင်ရေး ထိုးစစ်ပြင်နေချိန် ပြည်ပသစ်သီးများသည် မြန်မာနိုင်ငံဈေးကွက်သို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

တရုတ်နိုင်ငံမှ ပန်းသီး၊ ပျားလိမ္မော်၊ ထိုင်းနိုင်ငံမှ စပျစ်၊ ဒူးရင်းနှင့် သရက်၊ နယူးဇီလန်မှ ကီဝိနှင့် စတော်ဘယ်ရီ၊ အမေရိကန်ပြည်ထောင်စုမှ စပျစ်၊ စတော်ဘယ်ရီနှင့် ပန်းသီး အစရှိသော သစ်သီးမျိုးစုံ သည် မြန်မာ့မြေရှိ ဈေးဝယ်စင်တာများတွင် အခန့်သားဝင်ရောက်နေရာယူလျက် ရှိနေသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံထွက်သရက်သည် ဧပြီ၊ မေ၊ ဇွန်လတို့တွင် လှိုင်လှိုင်ထွက်သည်။ ကျန်လများတွင် ရာသီကုန်ချိန်ဖြစ်သည်။ ထိုင်းသရက်မျိုးများသည် စိုက်ပျိုးရေးနည်းပညာသုံးပြီး ၁၂ ရာသီလုံးဈေးကွက်ဝင်ရန် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

“တရားဝင်စာရင်းတွေအရဆိုရင် အများကြီးမရှိဘူး။ တချို့သစ်သီးတွေက မှောင်ခိုဝင်တာပေါ့။ ဒါတွေကို အားမပေးဘူး။ သို့သော် နိုင်ငံခြားသားတွေ စားတဲ့ အသီးတွေကျတော့ ပြည်တွင်းမှာ မရှိသေးတာလည်းရှိတယ်။ ဒါတွေတော့ ဝင်လာနေတာပေါ့” ဟု ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် လိုအပ် ချက်ရှိနေခြင်းကြောင့် နိုင်ငံခြားသစ်သီးများ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြည်ပမှ သစ်သီးတင်သွင်းမှုနှင့်ပတ်သက်၍ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ချယ်ရီသီး၊ မန်ကျည်းချိုသီးနှင့် စွန်ပလွန်သီး၊ တယ်သီး၊ သလဲသီးအစိုများကို တရားဝင်တင်သွင်းခွင့်ပြုထားသည်။

ဒူးရင်း၊ ပျားလိမ္မော်၊ ဆန်းကစ်၊ မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း အစရှိသည့် သစ်သီးများကို မြန်မာနိုင်ငံတွင် ထွက်ရှိသည့်ကာလမဟုတ်ပါက တင်သွင်းခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်ပသစ်သီးများသည် ထုတ်လုပ်မှုစရိတ်နည်းနည်းဖြင့် အရည်အသွေးမြင့်မြင့်ထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းဖြစ်သည်။ ယင်းမှာ စိုက်ပျိုးရေးနည်းပညာ မြင့်မားလာခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးပညာသင်ကြားရေးအတွက် လူငယ်များကို အစ္စရေးနိုင်ငံသို့ စေလွှတ်ခြင်းများရှိသော်လည်း ပြန်လည်အသုံးချမှုအပိုင်းတွင် မရှိသလောက် အားနည်းကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ဆိုသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သည် မြန်မာလူငယ်များကို အစ္စရေးသို့ စိုက်ပျိုးရေးပညာသင်ကြားရေး ပညာတော်သင်များစေလွှတ်လေ့ရှိပြီး ဦးနှင်းဦးသည် ပညာတော်သင်ရွေးချယ်ရေးအဖွဲ့တွင် ဦးဆောင်သူတစ်ဦးလည်း ဖြစ်သည်။

ပြည်တွင်းသို့ သစ်သီးဝလံများထက် ဟင်းသီးဟင်းရွက်ကို ပိုမိုတင်သွင်းရကြောင်း ဦးကျော်သူက ဆိုသည်။ ယေဘုယျအားဖြင့် နယ်စပ်ဒေသတွင် ဟင်းသီးဟင်းရွက်အမျိုးအစား ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည်ဟု ဦးကျော်သူ၏ အဆိုအရ သိရသည်။

သစ်သီးသွင်းကုန်များကို အစားထိုးနိုင်လျှင် နိုင်ငံခြားငွေစီးထွက်မှုကို တားဆီးနိုင်မည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ပို့ကုန်မြှင့်တင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်မြှင့်တင်ရေး အဆင့်ဆင့်ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များအတွက် သစ်သီးဝလံကဏ္ဍ အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းအဖြေရှာမည်ဟု ဦးအောင်စိုးက ပြောကြားသည်။

လက်ရှိတွင် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန် သစ်သီးဝလံစိုက်ပျိုးရေးဇုန်များ ဖန်တီးပေးရန် လိုကြောင်း သစ်သီး ၀လံလုပ်ငန်းရှင်များက ဆိုသည်။ သစ်သီး အမျိုးအစားအလိုက် ဇုန်များ တည်ဆောက်နိုင်ပါက (Mass Production) အမြောက်အမြား ကုန်ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် အဆိုပါ ဇုန်များဖြင့် တည်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း တိုင်းနှင့် ပြည်နယ်အလိုက် သီးနှံကုန်ထုတ်ဇုန်များ ဖော်ထုတ်နိုင်လျှင် ကုန်ကျစရိတ်လျှော့ချနိုင်မည့်အပြင် သီးနှံအရည်အသွေးထိန်းသိမ်းမှုကိုပါ စနစ်တကျ ဆောင်ရွက်နိုင်သည်။ နောက်ထပ်အရေးကြီးသည့် အချက်မှာ အရည်အသွေးမြင့် သစ်သီးဝလံ ကုန်ချောထုတ်လုပ်သော လုပ်ငန်းများဖွံ့ဖြိုးလာရေး ဖြစ်သည်။

ပြည်ပသစ်သီးများသည် အရည်အသွေးနှင့် ဈေးနှုန်းမြင့်မားပြီး ပြည်တွင်းရှိ City Mart ၊ Capital ၊ Ocean အစရှိသည့် ဈေးဝယ်စင်တာများတွင် အခန့်သား နေရာယူနေသည်။ ယင်းသစ်သီးများသည် ရာသီပေါ်ချိန် မဟုတ်သော်လည်း ဈေးကွက်တွင်း ဝင်ရောက်လာသောသစ်သီးများ ဖြစ်သည်။

တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သည့်အလျောက် ဈေးနှုန်းများမှာ မြန်မာ့ မြေထွက်သစ်သီးများနှင့် နှိုင်းယှဉ်လျှင် ကွာခြားလှသည်။ Sule Square ၊ City Mart တွင် တင်ရောင်းသော နယူးဇီလန်ထွက် အလုံးကြီး၊ အရွယ်လှ၊ အရောင်စိုသော စတော်ဘယ်ရီသီး ၅၀ ဂရမ်တစ်ဘူးလျှင် ၆၅၀၀ ကျပ် ဖြစ်သည်။

မြန်မာ့စတော်ဘယ်ရီသီးဆိုလျှင် အဆိုပါ ၅၀ ဂရမ်ဆိုပါက မြန်မာငွေ ၁၀၀၀ ကျပ်ထက် ပိုမပေးရပေ။ သို့သော်လည်း တန်ဖိုးမြင့်ထုတ်ကုန်မဖြစ်ခြင်းက ဈေးနှုန်းအရ ကွာခြားသွားခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိအနေအထားအရ မြန်မာ့သစ်သီးများသည်ပင် တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ AQSIQ က အသိအမှတ်ပြုပါက မြန်မာ့ထောပတ်သီး၊ မြန်မာ့ငှက်ပျော၊ မြန်မာ့ကျွဲကောနှင့် ၀ဥတို့ကို တရုတ်နိုင်ငံ ကျန်းစုပြည်နယ်က လေယာဉ်ဖြင့် လာရောက်ဝယ်ယူမည်ဟူသည့် ကမ်းလှမ်းမှုမျိုးပင် ရရှိထားပြီးဖြစ်သည်။

အလားအလာကောင်းများနောက်တွင် အရည်အသွေးမြင့် သစ်သီးဝလံများ ထုတ်လုပ်ရန်မူ လိုအပ်လျက်ရှိသည်။ တန်ဖိုးမြင့်သစ်သီးဝလံများ ထုတ်လုပ်လာနိုင်ပြီး ယင်းလုပ်ငန်းများဖွံ့ဖြိုးလာလျှင် သစ်သီးဝလံထုတ်လုပ်မှု ကဏ္ဍတွင် ခံစစ်အားကောင်းပြီး တိုက်စစ်တွင်လည်း ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာနိုင်မည်ဖြစ်ကြောင်း ဦးစိုးသန်းမင်းဒင်က ယခုကဲ့သို့ဆိုသည်။

“(သစ်သီးဝလံ) ကျွန်တော်တို့ ပို့တာနဲ့ သွင်းတာနဲ့က သိပ်မကွာဘူး။ ကျွန်တော်တို့ပိုပြီးတော့ တင်ပို့နိုင်ဖို့အတွက်က ဇုန်တွေလုပ်ပေးနိုင်တယ် ဆိုရင်ကောင်းတယ်”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *