အပြင်ဖိအားနှင့် အတွင်းအကွဲအပြဲကြားက ရခိုင်အရေး

မြန်မာအပေါ် ကျရောက်နေသည် နိုင်ငံတကာဖိအား မလျော့ကျသည့်အပြင် တိုးသထက်တိုးမည့် အခြေအနေ ဖြစ်နေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ် နိုင်ငံတကာဖိအား ကြောင့် မစတင်နိုင်ခဲ့ပေ။ ဘင်္ဂါလီများ မြန်မာ နိုင်ငံသို့ ပြန်မရောက်ခြင်းကို အကြောင်းပြုကာ မြန်မာအပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုမှာ ပိုတိုးလာဖွယ်သာရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အခြားနိုင်ငံမှ ခေါင်းဆောင်များကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ဦးချင်းတွေ့ဆုံစဉ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အချို့နိုင်ငံ့ခေါင်းဆောင်များမှာ မီဒီယာမှတစ်ဆင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ယင်းသို့ နိုင်ငံတကာဖိအားများ ကျရောက်နေချိန် ယင်းဖိအားကို တွန်းလှန်ရန် ပြည်တွင်းတွင် မညီမညွတ်ဖြစ်နေသည်ဟု ဝေဖန်မှုကလည်း ရှိနေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အရေးမှာ အတွင်းမီး၊ အပြင်မီး ဝိုင်းနေသည့်အခြေအနေဟု ဆိုရမည်ဖြစ်သည်။

အပြင်ဖိအား

မြန်မာနိုင်ငံ၏ ထိပ်ဆုံးခေါင်းဆောင်ကို အခြားနိုင်ငံခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြသည်။

အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က လုံခြံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ (၎င်းခေါ်ဝေါ်သည့် အသုံးအနှုန်း) ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရခြင်းမှာ လက်ခံနိုင်သည့်ကိစ္စမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြစ်တင်ဝေဖန်သည်။

လူအများအပြားသေဆုံးသည့် ယင်းဖြစ်ရပ်တွင် တာဝန်ရှိသူများက တာဝန်ခံရန် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းလည်း မေးခွန်းထုတ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာအသိဆုံးဟု တုံ့ပြန်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အကာအကွယ်ပေး၍ မရသည့်ကိစ္စကို ကာကွယ်ပေးရန် ကြိုးပမ်းနေသည်ဟု အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်စဉ် မီဒီယာမှတစ်ဆင့် ဝေဖန်ခဲ့သည်။ တပ်မတော်လုပ်ရပ်ကို အကာအကွယ်ပေးဆနေသည်ဟု အပြစ်တင်ခြင်းဖြစ်သည်။

အတိုက်အခံအဖြစ် ရပ်တည်စဉ်က နိုင်ငံတကာမျက်နှာစာတွင် ဩဇာကြီးမားကာ ဒီမိုကရေစီသူရဲကောင်းဟု တင်စားခံရသည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယင်းသို့ဝေဖန်ခြင်းမှာ ရခိုင်ပြည်နယ်အရေးအပေါ် နိုင်ငံတကာဖိအားကို ပိုမိုမြင်သာစေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အခြားနိုင်ငံခေါင်းဆောင်များက ပြင်းပြင်းထန်ထန်ဝေဖန်မှုအပေါ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကမူ အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ဒီလိုအချိန်မှာ ဒီစကားမျိုးကို ဒီလို Audiences ရှေ့မှာ မြန်မာနိုင်ငံကလာမယ့်ခေါင်းဆောင်ကို ပြောမယ်လို့ သူတို့အနေနဲ့လည်း ဒီလိုစီစဉ်ပြီးသားလို့ ထင်တယ်”

သို့သော်လည်း အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ကြေညာချက်က မည်သို့သဘောဆောင်သည်သာ ပိုအရေးကြီးကြောင်း ၎င်းကပြောဆိုသည်။

နိုင်ငံ့ခေါင်းဆောင်အပေါ် ယင်းသို့ ဝေဖန်ခြင်းအပြင် အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာက မြန်မာကိုအရေးယူရန် ကြိုးပမ်းနေကြသည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက မြန်မာ့တပ်မတော်အပေါ် လူပုဂ္ဂိုလ်တစ်ဦးချင်း ပစ်မှတ်ထားအရေးယူပိတ်ဆို့ထားကြပြီး ဖြစ်သည်။

ဥရောပသမဂ္ဂကလည်း တစ်ဦးချင်း ပစ်မှတ်ထားအရေးယူသည့်အပြင် မြန်မာနိုင်ငံအပေါ် ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုပ်သိမ်းရန်စဉ်းစားနေသည်။ ယင်းအခွင့်အရေးရုပ်သိမ်းလျှင် အထည်ချုပ်လုပ်ငန်းကဲ့သို့ လက်ခစားလုပ်ငန်းများ အထိနာကာ သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နိုင်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နှင့် ဥရောပသမဂ္ဂတို့က တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲကာ အတည်ပြုလိုက်ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆိုသော်လည်း ၉၀ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်က မွတ်ဆလင်များ၏ အခွင့်အရေးကိုသာ အသားပေးထားကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ယင်းညီလာခံတွင် ဝေဖန်ခဲ့သည်။
ရန်လိုမှုနှင့် ဒဏ်ခတ်လိုမှုသာ ပြည့်နှက်နေကြောင်းလည်း ၎င်းက ဆက်လက်ဝေဖန်သည်။

ရှုမြင်ချက် ကွဲလွဲခြင်းလော

ရခိုင်ပြည်နယ်အရေးအပေါ် ပြည်တွင်းတွင် အုပ်စုနှစ်ခုကွဲနေသည်။ အမျိုးသားလုံခြုံရေး အလေးပေးရန်လိုသည်ဟု ယူဆသူများရှိသကဲ့သို့ နိုင်ငံတကာနှင့်ပူးပေါင်းရန်လိုအပ်သည်ဟု ယူဆသူများလည်း ရှိသည်။

ရခိုင်ပြည်နယ်အရေးတွင် နိုင်ငံတကာနှင့် ပြည်တွင်းက ရှုမြင်ချက်မတူသည့် အကြောင်းအရင်းနှစ်ရပ်ရှိကြောင်း အုပ်ချုပ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက မှတ်ချက်ပေးသည်။

တစ်ချက်မှာ ဘင်္ဂါလီများ ထွက်ပြေးရခြင်း၏ နောက်ကွယ်တွင် အခြားသောအကြံအစည်များရှိသည်ဟု မြန်မာဘက်က ရှုမြင်ပြီး နိုင်ငံတကာကမူ လူရှစ်သိန်းခန့် အစုလိုက်အပြုံလိုက်ထွက်ပြေးခြင်းမှာ ခေတ်သစ်သမိုင်းတွင် အကြီးကျယ်ဆုံး အဆိုးဝါးဆုံးအဖြစ်အပျက်ဟု ရှုမြင်ခြင်း ဖြစ်သည်။

နောက်တစ်ချက်မှာ မောင်တောဒေသအရေးတွင် ဘင်္ဂါလီများအပေါ် ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးမယူဘဲ လွှတ်ပေးလိုက်သည့်အခြေအနေမျိုး မဖြစ်စေရဟု နိုင်ငံတကာက ရှုမြင်နေခြင်းဖြစ်သည်။

“အမေရိကန်တို့ကလည်း ဒါပဲပြောတာပေါ့” ဟု ဦးအောင်သူငြိမ်းက မှတ်ချက်ပေးသည်။

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည်ဟု ရှုမြင်သူများလည်းရှိသည်။ ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာဖိအား အလွန်ကြီးမားနေပြီး နိုင်ငံ့ခေါင်းဆောင်များ၏ ပြည်ပခရီးစဉ်များတွင် ရခိုင်ပြည်နယ်အရေးကို ထောက်ပြဝေဖန်ခံနေရသည်။

နိုင်ငံတကာနှင့် မည်သို့ပူးပေါင်းဆောင်ရွက်မည်ဆိုသည်ကို မေးခွန်းထုတ်မှုများစွာ ကြုံတွေ့နေရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်း က ပြောဆိုသည်။

ပြန်လည်လက်ခံရေးတွင် ဒုက္ခသည်များ စိုးရိမ်မှုကြီးမားနေသဖြင့် မပြန်လိုဘဲ ဖြစ်နေကြောင်း၊ အစိုးရက ကြိုဆိုလက်ခံသည်ဆိုရုံဖြင့် မလုံလောက်ဘဲ လုံခြုံမှုကို ကာကွယ်ပေးနိုင်သည့်လုပ်ရပ်မျိုး လုပ်ဆောင်ပေးရန်လိုကြောင်း ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာဖြစ်သူ ၎င်းက ဝေဖန်သည်။

ယင်းသို့လုပ်ဆောင်ရာတွင် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံအပြင် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းကာ လုံခြုံစိတ်ချရသည့် အခြေအနေရောက်အောင် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောဆိုသည်။

“ဖိအားကတော့ ဒီထက်ပိုများလာမယ့် သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြဿနာကြီးကို မဖြေရှင်းနိုင်ဘူး။ ရေရှည်ဖြေရှင်းနိုင်မယ့် အဖြေမျိုးမဟုတ်ရင် ဖိအားတွေပိုများလာမယ်” 

နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုနေချိန်တွင် ပူးပေါင်းဆောင်ရွက်မှုအားနည်းလျှင် အခြေအနေမကောင်းဘဲ ဖိအားများ ပိုမိုဆိုးဝါးလာနိုင်ဟု ရှုမြင်သူများလည်းရှိသည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာတောင်းဆိုချက်အတိုင်း လုပ်ဆောင်လျှင် အမျိုးသားလုံခြုံရေး၊ အချုပ်အခြာအာဏာကိုဝင်ရောက်စွက်ဖက်ခွင့်ပြုလိုက်ခြင်း ဖြစ်သွားနိုင်ကြောင်း သတိပေးမှုများလည်း ရှိသည်။

အရေးယူရန် ပြင်ဆင်နေသဖြင့် ဥရောပသမဂ္ဂကဲ့သို့ နိုင်ငံတကာ၏ တောင်းဆိုချက်အတိုင်း လိုက်နာလုပ်ဆောင်လျှင် မြန်မာအတွက် အထိနာနိုင်သည်ဟု မှတ်ချက်ပေးသူမှာ ရခိုင်ပြည်နယ်အရေးကို လေ့လာသုံးသပ်နေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ဖြစ်သည်။

မြန်မာဘက်က လိုက်နာလုပ်ဆောင်လျှင် နိုင်ငံတကာက တောင်းဆိုမှုမှာလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်ပြီး ရခိုင်ဒေသမှာ ဘင်္ဂါလီများကြီးစိုးသည့် အခြေအနေအထိရောက်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ဘေးကင်းလုံခြုံပြီလော၊ ပြစ်မှုကျူးလွန်သူများကို အရေးယူပြီးပြီလောဟု နိုင်ငံတကာက မေးခွန်းများထုတ်နေပြီး ဘင်္ဂါလီများ နေရပ်ပြန်သည်နှင့်တစ်ပြိုင်နက် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသား၊ နိုင်ငံသားအခွင့်အရေးပေးရန် တောင်းဆိုနေကြသည်။

“သူတို့ကျေနပ်အောင် အကုန်လိုက်လုပ်ပေးရင်တော့ ဒီနိုင်ငံက မကြာခင်အတောအတွင်းမှာ စစ်တကောင်းသားaတွ ခိုးဝင်လာတာကို မတားနိုင်တဲ့အနေအထားမျိုး ရောက်သွားမယ်” ဟု ဦးရဲထွန်းက သတိပေးသည်။

မြန်မာအစိုးရကမူ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်ဝင်ခွင့်ငြင်းပယ်ထားပြီး နိုင်ငံတကာ ရာဇဝတ်မှုခံရုံး (ICC) တွင် တရားစွဲဆိုမှုကိုလည်း ပယ်ချထားသည်။ သို့သော်လည်း ဒုက္ခသည် ပြန်လည်လက်ခံရေးတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုးထားသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်လည်း အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ညှိနှိုင်းရေးစင်တာ (AHA Center) ကို ရခိုင်ပြည်နယ်အရေးတွင် ပူးပေါင်းကူညီရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။

ထို့ကြောင့် စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းသုံးနိုင်ငံပါဝင်သည့်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလတွင် လာရောက်ကာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကို လေ့လာမည်ဖြစ်သည်။

“ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ရမလဲ စုံစမ်းမယ်ပေါ့။ ဒါကတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နည်း တစ်နည်းပေါ့ဗျာ” ဟု ဦးအောင်သူငြိမ်းက ပြောဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း ရင်ဆိုင်ရမည့်အခြေအနေဖြစ်နေသဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာနှင့် ပူးပေါင်းမှုဆိုရာတွင် မြန်မာနိုင်ငံသို့လာရောက်လေ့ရှိသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ညှိနှိုင်းကာ မည်သို့ပူးပေါင်းဆောင်ရွက်မည်ကို လုပ်ဆောင်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။

“သူကတော့ တံခါးပေါက်လို ဖြစ်နေတာပေါ့”

ဖိအားလျော့နိုင်မည်လော

ထွက်ပြေးဘင်္ဂါလီ အရေအတွက် အများအပြား မြန်မာနိုင်ငံသို့ ပြန်မလာမချင်း ဖိအားပေးမှုလျော့ကျဖွယ်မရှိဟု သုံးသပ်မှုများ ရှိနေသည်။
ဘင်္ဂါလီများသည် နိုင်ငံတကာဖိအားအပေါ်မူတည်ပြီး အချက်ကျကျလှုပ်ရှားနေကြပြီး မြန်မာနိုင်ငံက ပြန်ခေါ်ချိန်တွင် ပြန်မလာခြင်းမှာ နိုင်ငံတကာ၏ ဖိအားကို အားကိုး၍သာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ဝေဖန်သည်။

“နိုင်ငံတကာ ဖိအားနဲ့လုပ်ရင် ဖြတ်လမ်းက နိုင်ငံသားဖြစ်လာမယ်။ သူတို့တောင်းဆိုတာမှာ နိုင်ငံသားဖြစ်မယ့်ဟာတွေ၊ ရိုဟင်ဂျာနာမည်ကို လိုချင်တာ။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို လျော်ကြေးပေးရမယ် စသဖြင့် တောင်းဆိုတာတွေက နိုင်ငံတကာဖိအားအပေါ်မူတည်ပြီး ရဲရဲတင်းတင်းတောင်းဆိုတာလို့ မြင်တယ်”

ကုလသမဂ္ဂ၊ အနောက်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားနှင့် နိုင်ငံတကာ သတင်းမီဒီယာများက ဘင်္ဂါလီများဘက်က ရပ်တည်သဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအား အဆက်မပြတ်လာနေမည်ဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

ယင်းသို့ နိုင်ငံတကာဖိအားနှင့် ကြုံတွေ့နေချိန် ဒေါ်အောင်ဆန်းစုကြည် မည်သို့ရပ်တည်မည်ကို စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဖေသန်းက ဆိုသည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ လိုက်လျောဆောင်ရွက်ခြင်း ရှိ မရှိ လက်တွေ့မြေပြင်အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ဥပမာ- ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် စစ်ဆေးခြင်း ရှိ မရှိ စောင့်ကြည့် ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအခြေအနေအရဆိုလျှင် ဖိအားများလျော့ကျမည့် အခြေအနေမရှိ ဟု သုံးသပ်သူများလည်းရှိသည်။

ဖိအားပေးလေ့ပေးထမရှိသည့် အာဆီယံကပင် ဝေဖန်မှုများရှိလာသဖြင့် အာဆီယံထဲမှာပင် တပ်ပြိုသည့်အဆင့်ရောက်ကာ မြန်မာအစိုးရအတွက် အကျပ်အတည်းပိုဖြစ်စေကြောင်း ဦးအောင်မျိုးမင်း က ဆိုသည်။

ယင်းသို့ဝေဖန်သော်လည်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးကြေညာချက်တွင် မြန်မာကို ပြစ်တင်ဝေဖန်ဖိအားပေးမှုမရှိဘဲ မြန်မာအစိုးရကြိုးပမ်းချက်ကို ဆက်လက်ထောက်ခံမည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။ မြန်မာ၏ကြိုးပမ်းမှုကို အာဆီယံက ဆက်လက်ထောက်ခံကြောင်း မြန်မာအစိုးရကလည်း ကြေညာချက်ထုတ်ပြန်ထားသည်။

အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဆိုသည့် အာဆီယံ၏ မူဝါဒအတိုင်း ယင်းသို့ထုတ်ပြန်ခြင်းဖြစ်သော်လည်း အာဆီယံနိုင်ငံ အစိုးရတစ်ခုချင်းစီက ထုတ်ပြန်ပြောဆိုချက်ကိုကြည့်လျှင် ရခိုင်ပြည်နယ်အရေးအပေါ် ၎င်းတို့၏ စိုးရိမ်မှုကိုတွေ့ရကြောင်း ဦးအောင်မျိုးမင်းက ချေပသည်။

“အာဆီယံအစိုးရတစ်ဦးချင်းထုတ်ပြန်ပြောဆိုချက်ကို ကြည့်မယ်ဆိုရင် ရခိုင်အရေးနဲ့ပတ်သက်လို့ သူတို့ စိတ်မအေးဘူး။ လက်ရှိအစိုးရအပေါ်မှာ အားမလို အားမရဖြစ်မှုတွေ၊ ဝေဖန်မှုတွေ ရှိလာခြင်းက အာဆီယံအတွင်း တပ်ပြိုတယ်လို့ ပြောနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ နိုင်ငံတကာဖိအားပေးမှု ပိုများလာနိုင်သလောဆိုသည့် မေးခွန်းအပေါ် အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“ဒါကတော့ အနောက်နိုင်ငံတွေက ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်တာတွေမှာ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ရေးအတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှု ဘယ်လောက်ရှိလဲအပေါ်မှာ မူတည်တယ်”

ဘင်္ဂါလီများ ပြန်ပို့ရေးလုပ်ငန်းစဉ် မအောင်မြင်အောင် နောက်ကွယ်တွင် စနစ်တကျကိုင်တွယ်နေသည့် အဖွဲ့အစည်းရှိနေသည်ဟု သံသယရှိကြောင်း၊ မြန်မာအပေါ် နိုင်ငံတကာဖိအားတိုးလာရန် ရည်ရွယ်ကာ နှောင့်နှေးအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

“ဘာကြောင့်လဲဆိုတော့ ဒီလို နှစ်နိုင်ငံအဆင်ပြေပြီး ပြန်လည်လက်ခံတဲ့ အစီအစဉ်စတင်ပြီဆိုရင် သူတို့ရဲ့တောင်းဆိုချက်တွေ မရမှာစိုးရိမ်တဲ့အတွက် ပြန်လည်လက်ခံရေးအစီအစဉ်ကို နှောင့်နှေးအောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်လို့ သံသယရှိတယ်”

ဘင်္ဂါလီများအပေါ် ပြစ်မှုကျူးလွန်သည်ဟုဆိုသူများကို မည်သည့်အတိုင်းအတာအထိ အရေးယူသည်ကို နိုင်ငံတကာက စောင့်ကြည့်နေပြီး ထွက်ပြေးသွားသူများ မည်မျှအတိုင်းအတာအထိ ပြန်ဝင်လာမည်ကို စောင့်ကြည့် နေကြသည်။

“နှစ်ရာလောက် ပြန်လာတာ၊ နှစ်ထောင်လောက် ပြန်လာတာက စကားထဲထည့်ပြောလို့မရဘူး။ အရေအတွက် တော်တော်များများ ပြန်လာမှ နိုင်ငံတကာက လက်ခံမယ့် အတိုင်းအတာရှိတာပေါ့။ အဲဒီလိုမှမဟုတ်ရင် ဖိအားပေးတာတွေ နောက်ထပ်ဆက်လာနေမှာပေါ့” ဟု ဦးအောင်သူငြိမ်းက သုံးသပ်သည်။

နိုင်ငံတကာသည် ဘင်္ဂါလီအားလုံးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ဆိုသည့်အချက်ဖြင့် ဒုက္ခသည် ပြန်ပို့ရေးကို ဖိအားပေးနေခြင်းမှာ မြန်မာနိုင်ငံက လက်ခံနိုင်သည့်အချက်မဟုတ်ကြောင်း ဒေါက်တာ မျိုးညွန့်က ဆိုသည်။

“လူသားချင်းစာနာမှုအရ ပြန်လည်လက်ခံမယ်။ နိုင်ငံသားဖြစ်မှုကတော့ နိုင်ငံရဲ့အချုပ်အခြာအာဏာအရ၊ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေအရပဲ ဆုံးဖြတ်မယ်” ဟု ၎င်းက ပြောဆိုသည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၊ ကုလသမဂ္ဂလူ့အခွင့်အရေး တတိယကော်မတီ၏ အစီရင်ခံစာ၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးထုတ်ပြန်ချက်တို့ကို မြန်မာဘက်က ပယ်ချထားသည်။

ယင်းသို့ငြင်းပယ်ထားခြင်းအပေါ် ဦးအောင်သူငြိမ်းက “လုံးဝ ငြင်းပယ်တယ်ဆိုတဲ့ဟာမျိုး လုပ်ထားလိုက်တယ်။ အဲဒါကလည်း ပြဿနာရှိလိမ့်မယ်လို့ ထင်တယ်” ဟု သုံးသပ်သည်။

အထိနာနေသည်

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာ့စီးပွားရေးကိုလည်း အထိနာနိုင်သည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ ဥရောပသမဂ္ဂက အရေးယူရန် စဉ်းစားနေသည့်အပြင် နိုင်ငံတကာ၏ အကူအညီအထောက်အပံ့များမှာလည်း လျော့ကျသွားကြောင်း ထောက်ပြသူများ ရှိသည်။

ယခုအခြေအနေအတိုင်းဆိုလျှင် ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းသွားနိုင်ခြေရှိပြီး အထူးသဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရာတွင် လူ့အခွင့်အရေးကို နိုင်ငံခြားရေးပေါ်လစီတွင် ထည့်ထားသည့် နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ကြုံရနိုင် ကြောင်း သုံးသပ်မှုများရှိသည်။

“မြန်မာနိုင်ငံက အခုအချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီးတော့ သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ ကူညီထောက်ပံ့မှုအပိုင်းမှာ ကန့်သတ်တာတွေ ရှိလာနိုင်သလို အရင်တုန်းက လုပ်ဆောင်ခဲ့တဲ့ ပိတ်ဆို့မှုတွေအထိ ပြန်လည်သွားနိုင်မယ့်အခြေအနေ ရှိနေတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထိခိုက်နေပြီး အနောက်နိုင်ငံခရီးသွား မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာလည်း လျော့ကျသွားသည်။ ခရီးသွားဝင်ရောက်မှု လျော့နည်းခြင်းမှာ နိုင်ငံများက ပိတ်ဆို့မှုကြောင့် မဟုတ်သော်လည်း မြန်မာအပေါ် သပိတ်မှောက်သည့်အနေနှင့် မလာကြခြင်းဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အရေး အစိုးရကမည်သို့ကိုင်တွယ်နေသည်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များရှိ နိုင်ငံခြားရေးရာ ကော်မတီများက မေးခွန်းထုတ်ရမည့်အချိန်ဟု ယူဆသူများရှိသည်။

“အစိုးရကို မေးခွန်းထုတ်သင့်တာပေါ့။ ဒါမျိုးတွေ အခုအချိန်အထိ မတွေ့ဘူး။ မေးခွန်းလည်း မထုတ်ရဲဘူးထင်ပါတယ်” ဟု ဦးအောင်သူငြိမ်းက ဝေဖန်သည်။

စည်းလုံးချိန်တန်ပြီ

မြန်မာအပေါ် အရေးယူလျှင် NLD အစိုးရတစ်ရပ်တည်းကိုသာ ထိခိုက်မည်မဟုတ်ဘဲ ထောက်ခံသူ ဆန့်ကျင်သူအားလုံးအပါအဝင် ဆယ်စုနှစ်ချီပြီး တစ်နိုင်ငံလုံးကို ထိခိုက်နိုင်သဖြင့် ပြည်တွင်းတွင် ညီညွတ်သင့်ပြီဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ဒ်ီမိုကရေစီအရေး ကြိုးပမ်းသည့် ကာလတစ်လျှောက်လုံးတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ခဲ့ကြသည်။ အစိုးရတာဝန်ယူချိန်တွင် နိုင်ငံတကာရှုမြင်ချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကလုပ်ဆောင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း တိုင်းပြည်အခြေအနေနှင့် တပ်မတော်ကြားဆက်ဆံရေးကို ထောက်ရှုကာ ဘင်္ဂါလီအရေးတွင် ရေငုံနှုတ်ပိတ်နေသည်ဟု စွပ်စွဲကာ နိုင်ငံတကာက ဖိအားအလွန်အကျွံပေးသည့်အပြင် ဆုတံဆိပ်များ ဆက်တိုက်ရုပ်သိမ်းနေကြောင်း ဦးဖေသန်းက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က နှစ်ဖက်ကြား ညှပ်နေတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ NLD အစိုးရ၏ ဆောင်ရွက်ချက်များတွင် ပြည်တွင်းအင်အားစုများ၏ ကန့်ကွက်မှုကိုခံရသည်။ အထူးသဖြင့် နိုင်ငံတကာပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်များနှင့် ပတ်သက်၍ ဖြစ်သည်။

အတိုက်အခံပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ကလည်း NLD အစိုးရ၏ ဆောင်ရွက်ချက်များကို ဆက်တိုက်ကန့်ကွက်မှုများရှိနေသည်။ ထို့ကြောင့် အစိုးရဆောင်ရွက်ချက်အပေါ် ပြည်တွင်းတွင်လည်း နှစ်ခြမ်းကွဲနေသည်။

နိုင်ငံတကာကို အလျှော့ပေးလွန်းသဖြင့် အမျိုးသားလုံခြုံရေး၊ အချုပ်အခြာအာဏာကို ထိခိုက်သည်ဟု ရှုမြင်သူများရှိပြီး အခြားတစ်ဖက်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုဟုဆိုကာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ရှုမြင်သူများလည်း ရှိနေသည်။

နိုင်ငံတကာဖိအားများကို ကြံ့ကြံ့ခံရင်ဆိုင်နေရချိန် ပြည်တွင်းတွင်လည်း ညီညွတ်မှုမရှိဘဲ အစွန်းနှစ်ဖက်၏ တိုက်ခိုက်မှုကို အစိုးရခံနေရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ထောက်ပြသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ နိုင်ငံတကာဖိအား အလွန်အကျွံဖြစ်နေချိန်တွင် ပြည်တွင်းအင်အားစုများ ညီညီညွတ်ညွတ်ဖြင့် ရင်ဆိုင်ရန် အရေးကြီးကြောင်း ပြောဆိုသည်။ ယင်းသို့မဟုတ်ဘဲ NLD အစိုးရ ဒုက္ခတွေ့လျှင် အခွင့်ကောင်းဟုဆိုကာ လူမျိုးစွဲပြင်းထန်သည့် လှုပ်ရှားမှုများ လုပ်ဆောင်လာလျှင် နိုင်ငံအတွက်မကောင်းဟု ၎င်းက ဝေဖန်သည်။

စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရေးမှာ လက်ရှိအာဏာရ အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ထောက်ပြသူများရှိသည်။ ပြဿနာများကို ဖြေရှင်းရာတွင် အစုအဖွဲ့အားလုံး၏ သဘောတူညီချက်ရရှိရန် မလွယ်ကူသော်လည်း အခြေအနေကို အကျိုးသင့်အကြောင်းသင့် ရှင်းပြကာ သဘောထားများကို နားထောင်သင့်ကြောင်း ထောက်ပြသူများလည်း ရှိသည်။

ပြည်တွင်းအင်အားစုများ၊ ရခိုင်ဒေသခံများ၏ ခံစားချက်၊ သဘောထားများကို နားလည်အောင် မေးမြန်းနားထောင်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းများ လုပ်ဆောင်သင့်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချရန်မှာ အစိုးရတာဝန်သာဖြစ်ကြောင်း ထောက်ပြသူများ ရှိသည်။

“ကမ္ဘာ့အလယ်မှာ အများနဲ့နေရတာဆိုတော့ သိပ်ပြီးတော့ ပြင်းထန်တင်းမာလွန်းလို့ မရဘူးဆိုတဲ့အကြောင်း ဆွေးနွေးတဲ့အခါကျတော့ သဘောထားမတူ ဆန့်ကျင်ကွဲလွဲမှုတော့ ရှိမှာပေါ့။ အဲဒါကို မကြောက်ဖို့လိုတယ်” ဟု ဦးရဲထွန်းက မှတ်ချက်ပေးသည်။

ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းနေသော်လည်း ရခိုင်ပြည်နယ်အတွင်း နေရာအများစု အနိုင်ရသည့် ရခိုင်အမျိုးသားပါတီနှင့် ဆွေးနွေးအဖြေရှာခြင်း၊ ရခိုင်တိုင်းရင်းသားများ၏ သဘောထားကို ရယူခြင်း အားနည်းကြောင်း ထောက်ပြမှုများလည်းရှိသည်။

“ညီညွတ်ချင်တယ်။ ညီညွတ်အောင်လုပ်ဖို့ လိုတယ်ဆိုတာက အဓိကအားဖြင့် အာဏာရနေတဲ့ နိုင်ငံရေးပါတီ၊ အစိုးရတွေက ဦးဆောင်ရတာပဲလေ။ သူတို့ လုပ်မှရမှာပေါ့” ဟု ဦးရဲထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရာတွင် အစိုးရက ရခိုင်အမျိုးသားပါတီ (ANP) ကို ဆွေးနွေးဖက်အဖြစ် သဘောမထားသေးကြောင်း၊ ရခိုင်ပြည်သူလူထု၏ သဘောဆန္ဒကို အလေးထားရန် လိုအပ်ကြောင်း ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ဝေဖန်သည်။

“ဆွေးနွေးဖက်အဖြစ် သဘောမထားရင်တော့ ဒီကိစ္စတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရင် တချို့ကိစ္စတွေကို အလိုလိုပြေလည်သွားနိုင်တယ်။ ဂရုမစိုက်ဘဲ ငါလုပ်ချင်ရာ လုပ်မယ်ဆိုရင် ဘယ်တော့မှ ပြေလည်မှာမဟုတ်ဘူး။ အဲဒါကို နားလည်ဖို့လိုတယ်”

NLD သည် အစိုးရတာဝန်ယူပြီး ချိန်မှစ၍ ရခိုင်ပြည်နယ်အရေးကို အလေးပေးကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ပြဿနာဇာစ်မြစ်အထိရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းနေကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောဆိုသည်။

“အဲဒါမှာ အရေးကြီးတဲ့အချက်က သတိပြုသင့်တဲ့အချက်ကတော့ အစိုးရသစ်က ရခိုင်အရေးကို ဖြေရှင်းတဲ့အခါမှာ နိုင်ငံတည်ဆဲဥပဒေကနေ ကျော်လွန်ပြီး ဆောင်ရွက်တာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

လူ့အခွင့်အရေး၊ လူသားချင်းစာနာရေးဆိုသည့် အကြောင်းပြချက်ဖြင့် အကြမ်းဖက်များကိုလည်း ခွင့်ပြုထားခြင်း မရှိကြောင်း၊ ယင်းအချက်များကိုမြင် အောင်ကြည့်နိုင်လျှင် ပြည်တွင်းစည်းရုံးမှုကို တည်ဆောက်ရာတွင် နားလည်မှုရကြမည်ဟုယူဆကြောင်း ၎င်းက မှတ်ချက် ပေးသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့က မြန်မာဘက်က ရပ်တည်နေဆဲဖြစ်သဖြင့် အစိုးရနှင့် တပ်မတော်တို့ စည်းလုံးညီညွတ်လျှင် ပြဿနာမဆိုးဝါးနိုင်ဟု ယူဆမှုများ ရှိသည်။

“ကိုယ့်အချင်းချင်း သွေးကွဲသွားမှာ၊ အပြန်အလှန်ယုံကြည်မှု ကင်းမဲ့သွားမှာပဲ စိုးရိမ်ကြတာပါ။ အခု ဒေါ်အောင်ဆန်းစုကြည် ရပ်ခံပြောဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကလည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦးရဲထွန်းက မှတ်ချက်ပေးသည်။

ရခိုင်ပြည်နယ်အရေးကို NLD အစိုးရက ခေါင်းခံဖြေရှင်းနေချိန်တွင် အခြားသောပြည်တွင်းအင်အားစုများက ပံ့ပိုးကူညီခြင်းမရှိဘဲ အချင်းချင်းချသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်နေကြသည်ဟု ဝေဖန်မှုများ ရှိနေသည်။

ရခိုင်ပြည်နယ်အရေးမှာ အရေးကြီးသဖြင့် ပြည်တွင်းအင်အားစုများ၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများလိုအပ်နေကြောင်း၊ မိမိကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ကာ လုပ်ဆောင်နေလျှင် အများအတွက် အကျိုးဖြစ်ထွန်းနိုင်မည် မဟုတ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ထို့ကြောင့် တပ်မတော်အပါအဝင် တိုင်ရင်းသားအားလုံး၊ နိုင်ငံသားအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြစ်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုပြီး ပြည်တွင်းအင်အားစုများ စည်းရုံးညီညွတ်ရေးအတွက် အောက်ပါအတိုင်းလည်း မှတ်ချက်ပေးသည်။

“အချုပ်အခြာအာဏာကို ထိပါးလာစေမယ့် တောင်းဆိုမှုတွေကို ညီညီညွတ်ညွတ်နဲ့ ခုခံရမယ်” 

ဒေါ်အောင်ဆန်းစုကြည် ဆုများ ရုပ်သိမ်းခံရမှုအချို့

– ၂၀၁၈ ခုနှစ်မတ်လအတွင်းက အမေရိကန်ပြည်ထောင်စု Holocaust အမှတ်တရပြတိုက်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် ၎င်းတို့၏ အမြင့်ဆုံးဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

– ယင်းကာလအတွင်းမှာပင် ဒဗ္ဗလင်နှင့် အောက်စဖို့ဒ်မြို့တော်တို့၏ လွတ်လပ်မှုဆုများအပါအဝင် အခြားဂုဏ်ထူးဆောင်ဆုများလည်း ပြန်လည် ရုပ်သိမ်းခံခဲ့ရသည်။

– ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့က ၂၀၀၅ ခုနှစ်တွင် ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လွတ်မြောက်ရေးဆုကို ယခုနှစ် ဩဂုတ်လက ပြန်လည်ရုပ်သိမ်းသည်။

– ကနေဒါနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် ကနေဒါနိုင်ငံလွှတ်တော်က ပြန်လည်ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

– ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အောက်စဖို့ဒ်တက္ကသိုလ်ကလည်း ယင်းတက္ကသိုလ်တွင် ချိတ်ဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ဖြုတ်ချခဲ့သည်။

– နောက်ဆုံးအနေနှင့် ယခုလအစောပိုင်းက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် ဂုဏ်သိက္ခာအမြင့်ဆုံးဆုဖြစ်သည့် လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းသည်။

– နိုင်ငံတကာက ဝေဖန်သူများက ၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုပင် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသော်လည်း ဆုပေးခဲ့သည့်အဖွဲ့အစည်းက ယင်းဆုကို ပြန်လည်ရုပ်သိမ်းမည် မဟုတ်ဟု တုံ့ပြန်ထားသည်။

 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *