လှပစွာ ပွင့်သည်၊ သို့သော် … ဆူးများနှင့်

ဧည့်လမ်းညွှန်လောကတစ်ခုလုံးက သူ့ကို မားဇော်ဟု ချစ်စနိုးဖြင့် ခေါ်ကြသည်။

နက်မှောင်သော ဆံပင်ရှည်ရှည်၊ စိမ်းလွှလွှဖြူသော အသားအရည်နှင့် သူကလည်း လိင်တူချစ်သူတစ်ဦးအဖြစ်ဖြင့် ထိုအမည်ကို တမြတ်တနိုး ခံယူ၏။

သူသည် နွဲ့သည်။ သို့သော် … သူ နွဲ့ခြင်းကား ပါးလှပ်သော ဓားတစ်စင်းနှယ် ထက်မြသောနွဲ့ခြင်းမျိုးဖြစ်သည်။

ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် မဖြတ်သန်းခင် ဟိုးဆယ်စုနှစ်များဆီတွင်တော့ သူသည် မြန်မာနိုင်ငံ၏ ခါးသီးသော အာဏာရှင်စနစ်ဆိုးကြီးကြောင့် ပြည်ပြေးတစ်ယောက် ဖြစ်ခဲ့ရသည်။

ထိုမတိုင်မီက သူသည် တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ဖြစ်ခဲ့လေသည်။

နူးညံ့ခြင်း၊ နွဲ့နှောင်းခြင်းတို့နှင့် တော်လှန်ခြင်း၊ ထက်ရှခြင်း၊ မာကြောခြင်း များဒွန်တွဲနေသည်က မားဇော် ခေါ် ကိုဇော်ထက်၏ ထူးခြားသော ဝိသေသလက္ခဏာများပင်ဖြစ်သည်။

မားဇော်ကို ပဲခူးမြို့တွင် မွေးဖွားသည်။

ဖခင်နှင့် မိခင်မှာ ကွန်းဗင့်ကျောင်းထွက်များဖြစ်ကြသည်။ ဖခင်ဖြစ်သူမှာ ဦးသန့်အရေးအခင်းတွင်ပါဝင်ခဲ့မှုကြောင့် ဆေးတက္ကသိုလ်မှ ထွက်ခဲ့ရသည်။

နှစ်အတန်ကြာမှ ဆေးတက္ကသိုလ်ပြန်တက်ခွင့်ရခဲ့ပြီး ဆရာဝန်တစ်ယောက် ဖြစ်ခဲ့၏။ မားဇော်သည် ငယ်စဉ်ကတည်းက အဘွားဖြစ်သူ၏ အချစ်တော်ဖြစ်ခဲ့ရသည်။

“ကိုယ်က ၂ နှစ် သုံးနှစ်သားလောက်မှာ အဘွားရဲ့ လက်ဝတ်လက်စားတွေကို လိုက်ကိုင်တယ်။ အမေ့မိတ်ကပ်ဘူးတွေ၊ နှုတ်ခမ်းနီတွေနဲ့ ဆော့တယ်။ ငယ်ငယ်က အဖေက ကိုယ်တို့ မောင်နှမသုံးယောက်ကို ဆံပင်စကစ်ထိုးတယ်။ ကိုယ်က အထိုးမခံဘူး။ ထွက်ပြေးတယ်။ ငယ်ငယ်ကတည်းက လှတပတပဲ နေချင်တာ”

ဇော်ထက်သည် ထိုစဉ်ကတည်းက ပင်စည်မှားပွင့်သော ပန်းကလေးဖြစ်ခဲ့သည်။

မူကြိုတက်သည့်အချိန်တွင်လည်း အခြားယောက်ျားလေးများကဲ့သို့ ပြေးလွှားဆော့ကစားခြင်းမပြုဘဲ လိမ်းထားသည့် သနပ်ခါးပျက်မည်ဆိုးသဖြင့် ငြိမ်ငြိမ်သက်သက်သာ ထိုင်နေခဲ့သည်။

“ကိုယ်ခုနစ်တန်းလောက်မှာ နှစ်ကျကျောင်းသားတစ်ယောက်က ကိုယ့်ကို နမ်းတာခံလိုက်ရတဲ့အချိန်မှာ ကိုယ်ဟာ လိင်တူချစ်သူတစ်ယောက်ဆိုတာ ကွဲကွဲပြားပြား သိလာတယ်”

ဖခင်ဖြစ်သူမှာ သားဖြစ်သူ၏ အခြေအနေကို ရိပ်စားမိသော်လည်း ဆေးပညာရှင်တစ်ဦးဖြစ်သည့်အတွက် ထိုကိစ္စကို အတင်းအဓမ္မ ပြောင်းလဲပစ်၍ မရနိုင်ကြောင်း သိသည်။

ပါလာသည့်သန္ဓေနှင့် ဗီဇကို ချိန်းမရသော်လည်း အစစအရာရာ ထိန်းသိမ်းနိုင်ရန် အသိပညာထည့်ပေးဖို့သာ အဖေနှင့် အမေက ကြိုးစားခဲ့သည်။

တစ်နည်းအားဖြင့် ထိုအချက်သည် မားဇော်ကို စနစ်တကျ ၊ စည်းကမ်းတကျ လိင်တူချစ်သူဖြစ်လာအောင် ထိန်းကျောင်းပေးခြင်းပင်ဟု မိဘနှစ်ပါးက ခံယူခဲ့သည်။

မားဇော်တို့နေအိမ်သည် ပဲခူးထောင်နှင့် နီးသည်။ ပဲခူးထောင်မှ အပြင်ဘုတ်အလုပ်ကြမ်းထုတ်ထားသော အကျဉ်းသားများကို မားဇော် ငယ်စဉ်ကတည်းက မြင်ဖူးခဲ့ရသည်။

အကျဉ်းသားများသည် လမ်းသွား လမ်းလာများထံ ဆေးလိပ်တောင်းတတ်ကြသည်။

ထိုအခါ မားဇော်က မိခင်ထံမှ စွန်ဝယ်ရန်ဟုဆိုကာ ငွေတောင်းပြီး ဆေးလိပ်များဝယ်ကာ အကျဉ်းသားများထံ ဝေငှပေးခဲ့သည်။

“ကိုယ်က မိန်းမပုံနွဲ့နေတော့ … တချို့အကျဉ်းသားတွေက ကိုယ့်ကို သွေးတိုး စမ်းချင်ကြတယ်။ ကိုယ်ကလည်း ဒါကို သာယာတယ်။ အဲ့ဒါကို အဘွားက သိသွားတော့ ကိုယ့်ကို တစ်ချိန်လုံးစောင့်ကြည့်တတ်တယ်။ အဲ့ဒီကိစ္စတွေထက် အလှအပဘက်ကို ရောက်သွားအောင် အဘွားက ဆွဲဆောင်ခဲ့တယ်”

မားဇော်သည် အရွယ်ရောက်စတွင် အခြားလူပျိုပေါက်လေးများကဲ့သို့ မဟုတ်ဘဲ အလှအပကိုသာ စိတ်ဝင်စားနေသည်။

နွဲ့နွဲ့နှောင်းနှောင်းဖြင့် သူ့ကို ရွယ်တူယောက်ျားလေးများက စကြ နောက်ကြသည်။

ထို့ကြောင့် မားဇော်သည် လွယ်အိတ်ထဲတွင် အုတ်ခဲတစ်လုံး အမြဲဆောင်သွားသည်။ အစအနောက်ကြမ်းသောသူများနှင့်တွေ့လျှင် လွယ်အိတ်ဖြင့် ရိုက်သည်။ ခေါင်းကွဲသူ ကွဲကုန်သည်။

ရပ်ကွက်ရုံးသို့ မကြာခဏ ရောက်သည်။

လူက နုနုနွဲ့နွဲ့ မိန်းမလျာပုံစံနေသော်လည်း လက်ရဲခြေရဲဖြစ်နေသော မားဇော် ၏ ရန်ပွဲများကို မိဘများက လိုက်ရှင်းပေးရသည်။

“ကိုးတန်း၊ ဆယ်တန်းမှာ အချစ်တော်ရည်းစားထားတယ်။ အင်း … ယောက်ျားချင်းပဲပေါ့။ နောက်ပိုင်း အိမ်ကသိသွားတော့ အရမ်းဆူတာ”

မားဇော် ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်ရောက်လာသည်။ ရန်ကုန်တက္ကသိုလ်က မားဇော်ကို စိတ်သစ်လူသစ် ဖြစ်လာစေသည်။

“ရန်ကုန်တက္ကသိုလ်ရောက်တော့ မိန်းမလျာစိတ်ကို ဖျောက်ပြီး ယောက်ျားလိုနေဖို့ ကြိုးစားတယ်။ ငါ့ကို အခြောက်လို့သိတဲ့အသိုက်အဝန်းက ပဲခူးမှာကျန်ခဲ့ပြီ၊ ဒီမှာတော့ ငါယောက်ျားစစ်စစ်တစ်ယောက် ပြန်ဖြစ်လာအောင် ကြိုးစားမယ်ဆိုပြီး ဇွတ်ကျားကြည့်သေးတယ်”

မားဇော်ဖြစ်လာမည့် ရှေးဟောင်းသုတေသနအဓိက တက္ကသိုလ်ကျောင်းသားလေး ဇော်ထက်သည် မိန်းကလေးရည်းစားထားကြည့်သည်။

သို့သော် … သူ့ရည်းစားကောင်မလေးနှင့် ချိန်းတွေ့သည့်အခါ သူက လုံးဝ မတို့မထိ။ အစပိုင်းတွင် မိမိရည်းစားမှာ စည်းစောင့်သည်ဆိုသည့်အသိဖြင့် မိန်းကလေးက ကျေနပ်နေသေးသည်။

နောက်ပိုင်းတွင် အခြေအနေကို ရိပ်စားမိလာ၏။

“နောက်တော့ သူ့ကို ကိုယ်က ဂေးပါလို့ ဖွင့်ပြောလိုက်တယ်။ ငါ နင့်ကို မိန်းမချင်းလိုပဲ သဘောထားမိတယ်လို့ ဝန်ခံလိုက်မိတော့တယ်။ မပြောလို့လည်း မရတော့ဘူး။ ကိုယ်က သူနဲ့ချိန်းတွေ့တိုင်း သူမိတ်ကပ်လိမ်းလာတာအချိုးမကျရင် ပြောမိတယ်။ ဆံပင်ကို ဘယ်လိုပုံဖော်ရတယ်ဆိုတာ ပြောမိတယ်။ တစ်ခါတလေ သူ့ကို မိတ်ကပ်တောင် လိမ်းပေးသေးတယ်။ ဒီတော့ သူလည်း သဘောကပေါက်လာပြီလေ။ ပြီးတော့ ကိုယ်တို့က ပဲခူးဆောင်မှာ နေရတော့ … အဆောင်မှာ တူရာတူရာစုလာကြတယ်။ ဖဲသမားက ဖဲသမားအစု၊ အရက်သမားက အရက်သမားအစု၊ ကိုယ်တွေလိုပဲ ပုန်းနေတဲ့ မိန်းမလျာတွေလည်း ကြာလာတော့ အချင်းချင်းရိပ်မိပြီး စုမိလာကြတယ်။ ကဲ … ဒီတော့ ကြာကြာဘယ်ဟန်ဆောင်နိုင်ကြတော့မလဲ”

မားဇော်သည် ပြင်ဆင်မရသောဖြစ်တည်မှုကို လက်ခံလိုက်ရပြီဖြစ်သည်။ ၁၉၉၆ တွင် လှည်းတန်းကျောင်းသားအရေးအခင်းဖြစ်သည်။

“YIT ကျောင်းသားတွေက လှည်းတန်းကို ချီတက်လာကြတဲ့အခါ ကိုယ်တို့ ရန်ကုန်တက္ကသိုလ်ကအဆောင်တွေကို ဆရာတွေက အကုန်ပိတ်ပစ်လိုက်တယ်။ ပြီးတော့ အဆောင်မှူးတွေက လိုက်ချော့ပြီး အဆောင်မှူးရဲ့ တီဗီ အောက်စက်တွေယူလာပြီး အပြာကားတွေထိုးပြတယ်။ အဲ့ဒီအချိန် ကိုယ်တို့ တစ်သိုက် သနပ်ခါးအဖွေးသားနဲ့ ဆင်းလာပြီး ငါတို့တော့ ထွက်ပြီဟေ့ဆိုပြီး ၀ရံတာ သံပိုက်လုံးကနေ တွယ်ဆင်းကြတာ။ အဲဒီမှာ အခြောက်အုပ်စုတောင် ဆင်းတယ်ဆိုပြီး ကျန်တဲ့ သူငယ်ချင်းအုပ်စုတွေပါ အကုန်ဆင်းလာကြရော။ နောက် ရာမညဆောင်ဘက်ကနေ ကျော်ထွက်ပြီး သွားပူးပေါင်းတယ်။ မီးသတ်ပိုက်တွေနဲ့ လူစုခွဲ၊ ပစ်ခတ်မှ ကိုယ်တို့ ထွက်ပြေးကြတာပေါ့”

တက္ကသိုလ်ကျောင်းများ ခေတ္တပိတ်သွားသည်။ ကျောင်းပိတ်ရက်များတွင် မားဇော်သည် ဖခင်ဖြစ်သူ၏ နိုင်ငံရေးစာအုပ်များ ဖတ်သည်။

ဖခင်သည် ထိုခေတ်က ပိတ်ပင်ထားသော တာတေစနေသားတို့ကဲ့သို့ စာအုပ်များကို နိုင်ငံခြားမှ လျှို့ဝှက်မှာယူပြီး ဖတ်လေ့ရှိသည်။ ပဲခူးတွင် ရှိနေစဉ်ကာလက သူ့တင်ပါးအား စနောက်ကာ လာကိုင်သည့် လူငယ်နှစ်ဦးကို ဓားဖြင့်လိုက်ခုတ်သဖြင့် နာမည်ကျော်သွားပြန်သည်။

“အဲဒီမှာ ကိုယ်အသိတရားတစ်ခု ရလိုက်တယ်။ ငါက ပျော့တယ်၊ နွဲ့တယ်ဆို လူတွေက အထင်သေးချင်ကြတယ်။ ဒါပေမဲ့ ပျော့တာနွဲ့တာက သက်သက် ကိုယ့်မတရားလုပ်ရင် သတ္တိရှိရှိတုံ့ပြန်တာက သက်သက်ပဲ။ အဲ့ဒီလို တုံ့ပြန်နိုင်သမျှ ငါ့ကို အထင်သေးချင်တာတွေ၊ နှိမ့်ချချင်တာတွေကို ချေဖျက်နိုင်တယ်လို့ သိလိုက်ရတယ်”

မကြာမီ ကျောင်းများပြန်ဖွင့်၏။ မားဇော်သည် နိုင်ငံရေးအရောင်ရှိပြီး စောင့်ကြည့်ခံရသည့် ကျောင်းသားစာရင်းထဲ ပါနေသည်။ ၂၀၀၂ ခုနှစ် ဘွဲ့လွန်ပြီးသည့်နောက် မားဇော်သည် တက္ကသိုလ်ဆရာလေး ဇော်ထက်ဖြစ်လာသည်။

“တက္ကသိုလ်ဆရာဘ၀ရောက်တော့ ကိုယ် တည်တည်တံ့တံ့နေတယ်။ ကိုယ်က စိတ်အရသာ မိန်းမလျာစိတ်ဖြစ်နေပေမယ့် … ကျောင်းသားတွေနဲ့ ဆက်ဆံတဲ့အခါ လူရယ်စရာဖြစ်အောင်မနေဘူး။ လူရိုသေ ရှင်ရိုသေပဲနေတယ်။ ငါကျောင်းဆရာဖြစ်ခြင်းဟာ ငါ့ရဲ့ လိင်စိတ်နဲ့ မသက်ဆိုင်ဘူးလို့ ယူဆတယ်။ ကျောင်းသားတွေက စချင် နောက်ချင်တာမျိုးရှိတယ်။ အဲဒါမျိုးဆို ကိုယ်က လုံးဝမခံဘူး။ တည်တည် တံ့တံ့နေပြတယ်”

၂၀၀၅ ခုနှစ်တွင် မားဇော်သည် ရန်ကုန်တက္ကသိုလ်မှ ဒဂုံတက္ကသိုလ်သို့ ပြောင်းရွှေ့ရသည်။ ထိုအခါ မားဇော်အတွက် ပြဿနာတစ်ခု စလာသည်။

“ဒဂုံတက္ကသိုလ်ရောက်တော့ ကိုယ်တို့လို နိုင်ငံရေးအသွေးအရောင်ရှိတဲ့လူတွေကို ဝန်ထမ်းစည်းမျဉ်း ၃၆ ချက် ကို လတိုင်းဖြည့်ခိုင်းတယ်။ ပြီးရင် ကိုယ့်ကို ဘယ်တော့မှ အတန်းမပေးဘူး။ ကိုယ်က အိမ်သာစောင့်ရတယ်။ စာမေးပွဲခန်းစောင့်ရတယ်။ ကျောင်းလုံခြုံရေးဂျူတီတွေချတယ်။ အဲဒီလိုချတဲ့အခါ ကိုယ်က လုံးဝ လက်မှတ်မထိုးဘူး။ ကိုယ်က စာသင်ဖို့ ကျောင်းဆရာလာလုပ်တာ။ ဂျူတီစောင့်ဖို့ မဟုတ်ဘူးလေ”

မားဇော်နှင့် ပါမောက္ခချုပ်တို့ ပြဿနာတက်ကြသည်။ ပါမောက္ခချုပ်သည် ထိုစဉ်က တန်ခိုးအာဏာထက်သည့် ဗိုလ်ချုပ်ကြီးတစ်ဦး၏ အစ်ကိုအရင်း ဖြစ်နေသည်။

ထိုအချိန်တွင် ၎င်းနှင့်တွဲနေသည့် ကထိကဆရာမတစ်ဦးက ထိုင်းဘက်ကို နိုင်ငံရေးခိုလှုံသွားရာမှ ၎င်းကို နှိပ်ကွပ်မှုများ လုပ်ခံရသည်ဟု သူယူဆခဲ့သည်။

ဒဂုံတက္ကသိုလ်တွင် မားဇော်အတွက် ပြဿနာအမျိုးမျိုး၊ ဖိအားအမျိုးမျိုး ကြုံလာရသည်။ ထို့ပြင် အာဏာရှိသူ၊ အာဏာရှိသူများနှင့် ပလဲနံပသင့်သူတို့၏ သားသမီးများသည် အတန်းချိန်လုံးဝလာမတက်ဘဲ အောင်စာရင်းတွင်ပါလာသည့်ကိစ္စများကို မားဇော် မနှစ်မြို့ခဲ့။

ထိုကိစ္စများကို အချက်အလက်သေချာစုဆောင်းပြီးနောက် မားဇော်က ပါမောက္ခချုပ်ထံ တင်ပြသည်။

“ပါချုပ်က မင်းက … အခြေအနေကို ဒီလောက်တောင် နားမလည်ဘူးလား။ ငါ ဘာကောင်လဲဆိုတာရော မင်းသိလားဆိုပြီး ကြိမ်းတယ်။ ကျွန်တော်က ဒီလိုမတရားမှုတွေကို တရားဝင်ဘောင်ထဲက တိုင်တာဆိုပြီးပြောတော့ အဲဒီမှာ ကိုယ်တို့အမှုက ပိုကြီးကျယ်လာတယ်”

ပြဿနာများဖြစ်ကြပြီးနောက် မားဇော်သည် ထိုစဉ်က ပညာရေးကော်မတီဥက္ကဋ္ဌဖြစ်သော အတွင်းရေးမှူး (၁) ရုံးထိုင်သည့် ဝန်ကြီးများရုံးသို့ ကိုယ်တိုင်သွားပြီး ထိုဖြစ်စဉ်များကို တိုင်ကြားသည်။

မကြာမီ ထိုကိစ္စကို အတွင်းရေးမှူး (၂) မှ ခုံရုံးဖွဲ့စစ်ဆေးခိုင်းလေသည်။

“ပါမောက္ခချုပ်ကိုတော့ ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာသတိပေးလိုက်သည်ဆိုတာပဲ အရေးယူခံရတယ်။ ကိုယ့်အထက်က ပါမောက္ခနှစ်ယောက်က ရာထူးကျပြီး နယ်ပြောင်းရတယ်။ ကိုယ့်ကိုလည်း ဒီလိုကျော်တိုင်လို့ ရာထူးတိုးသုံးနှစ်ရပ်ပြီး နယ်ပြောင်းရမယ်။ ခံဝန်ထိုးရမယ်လို့ ဆိုတယ်။ ကိုယ်က လုံးဝလက်မှတ်မထိုးဘူး။ ထွက်မယ်လို့ပြောလိုက်တယ်။ ကိုယ်ရစရာရှိတဲ့ လစာတွေကိုလည်း ဒဂုံတက္ကသိုလ်လမ်းခင်းတဲ့အထဲ အကုန်လှူပြီး ထွက်လာလိုက်တယ်”

မားဇော်သည် မိဘများရှိရာ ပဲခူးသို့ ပြန်လာခဲ့သည်။ NGO အဖွဲ့များတွင် အလုပ်လျှောက်သည်။

ထိုအချိန်တွင် ထိုင်းနိုင်ငံတွင် အခြေပြုနေသည့် အဖွဲ့တစ်ခုက မားဇော်အား သူတို့ထံတွင်လုပ်ရန် ကမ်းလှမ်းသည်။ ထို့ကြောင့် ထိုင်းသို့ထွက်ရန် မားဇော် ဆုံးဖြတ်သည်။

သို့သော် လေဆိပ်တွင် မားဇော်၏ ပတ်စ်ပို့ကို စစ်ဆေးပြီးနောက် ဌာနဆိုင်ရာများက တားဆီးထားလိုက်သည်။

“ကိုယ့်ကို သူတို့က Black List ထဲ ထည့်ထားပြီးသားဖြစ်နေတယ်။ ပြည်ပထွက်ခွာခွင့် တားဆီးထားတယ်။ လေဆိပ်မှာ ခဏစောင့်ပါဦးဆိုပြီး ပတ်စ်ပို့ကိုသိမ်းသွားတဲ့အချိန် ကိုယ်လည်း လူအုပ်ကြားထဲရောပြီး ပြန်ပြေးလာခဲ့တယ်။ မဟုတ်ရင် ကိုယ့်ကို အကြောင်းတစ်ခုခုပြ ဖမ်းဖို့များနေပြီလေ။ ပြီးတော့ လမ်း (၅၀) က ကိုယ့် အဘွားအိမ်ကို ပြန်ပြေးတယ်။ ထောက်လှမ်းရေးက အဲဒီအထိ ကိုယ့်ဆီလာဖမ်းတယ်။ ကံကောင်းတာက အဲဒီအချိန် ကိုယ်က အိမ်အောက်မှာ လက်ဖက်ရည်သောက်နေတာ။ အဘွားက လူလွှတ်ပြောခိုင်းတော့ ကိုယ်လည်း ပဲခူးဘက်တန်းပြေးတော့တာပဲ”

မားဇော်သည် ပဲခူးမှတစ်ဆင့် ဘုရားသုံးဆူလမ်းအတိုင်း ထိုင်းနိုင်ငံသို့ ပြေးသည်။

မားဇော် တက္ကသိုလ်တက်စဉ်က အဆောင်အတူနေခဲ့သော သူငယ်ချင်းများမှာ မွန်ပြည်သစ်ပါတီနှင့် KNU တွင် ရှိနေကြသည်။

သူတို့နှင့် ချိတ်ဆက်မိသဖြင့် သူတို့က မားဇော်ကို ထိုင်းနယ်စပ်ရောက်သည်အထိ ကူညီပို့ဆောင်ပေးကြသည်။

မားဇော်သည် ဘန်ကောက်သို့ ခြေချမိသည်။ ခေတ်ပြိုင်မီဒီယာတွင် သတင်းများတည်းဖြတ်သည့် အလုပ်လုပ်သည်။ ချင်းမိုင်တွင် စာနယ်ဇင်းသင်တန်း တက်ရသည်။

RFA တွင် Interviewer အလုပ် ရခဲ့သည်။ မြန်မာပြည်၏ ပညာရေးဆိုင်ရာကိစ္စ အမေးအဖြေကဏ္ဍများ လုပ်ကိုင်ရသည်။

“အဲဒီအချိန်က မယ်တော်ဆေးခန်းကတစ်ဆင့် ကိုယ်တို့လို ပညာအရည်အချင်းရှိတဲ့သူတွေကို တတိယနိုင်ငံတွေဆီ ပို့ပေးဖို့လုပ်တယ်။ ဒါပေမဲ့ ကိုယ် အဲဒီအခွင့်အရေးကို ငြင်းလိုက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ဘန်ကောက်မှာ ကျင်လည်ရတဲ့ မိန်းမလျာဘ၀ကြီးကို အရမ်းခုံမင်နေမိပြီလေ”

ဘန်ကောက်၏ Night Life သည် တကယ်လည်း မားဇော်အတွက် ပျော်စရာအတိဖြစ်နေသည်။ ပုန်းထားသမျှ ပွင့်နိုင်နေပြီ။ KNU မှ ဗိုလ်ကြီးတစ်ဦးက သူ့ နာမည်ဖြင့် ဘန်ကောက်မြို့လယ်တွင် တိုက်ခန်းတစ်ခု ငှားပေးထားသည်။

“ဘန်ကောက်မှာက ကိုယ်က မိန်းမလျာပေမယ့် မြန်မာပြည်မှာလို တစ်ဆင့်နိမ့်ဆက်ဆံခံနေရတာမျိုးမရှိဘူး။ ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူငယ်တွေက ကိုယ့်ကို လာဂျွိုင်းကြတာများတယ်။ မြန်မာပြည်မှာဆို ကိုယ်က လိုက်ရှာနေရတယ်လေ”

မားဇော် ဘန်ကောက်မှာပျော်သည်။ ထိုင်းစကားတတ်ပြီ။ RFA မှ အလုပ်ထွက်လိုက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သည်။

ကိုယ်ပိုင်လုပ်ငန်းမှာ နိုင်ငံခြားသားများကို အချိန်ပိုင်းနှိပ်ပေးခြင်း ဖြစ်သည်။

“ကိုယ် ဘတ်ငါးထောင်ပေးပြီး အနှိပ်သင်တန်းတက်လိုက်တယ်။ ပြီးတော့ ယောက်ျားလေးသီးသန့် အိမ်တိုင်ရာရောက် နှိပ်ပေးတဲ့အလုပ် လုပ်တယ်။ အွန်လိုင်းကနေ ချိတ်ဆက်တယ်။ အရမ်းငွေရှာရလွယ်တယ်”

၂၀၀၇ နှစ်ဦးပိုင်းတွင် မြန်မာပြည်သို့ ခိုးပြီး ပြန်လာခဲ့သည်။ နာမည်အတုဖြင့် ပတ်စ်ပို့လုပ်ပြီးနောက် စင်ကာပူနိုင်ငံသို့ အလုပ်လုပ်ရင်း ပညာသင်ရန် ထွက်ခွာခဲ့သည်။

စင်ကာပူရှိ ဘီယာဆိုင်များတွင် စားပွဲထိုးလုပ်ရင်း ဟိုတယ်နှင့် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ဘာသာရပ်ကိုတက်ရောက်ခဲ့သည်။

“စင်ကာပူမှာ ကိုယ်မပျော်ပါဘူး။ ဂေးတစ်ယောက်အတွက် ပျော်စရာမရှိဘူး။ လိင်တူဆက်ဆံတာလည်း ပြစ်မှုကြီးတစ်ခုဖြစ်နေတယ်။ ဒါကြောင့် ဘန်ကောက်ကိုပဲ ကိုယ်ပျော်တယ်”

မားဇော် စင်ကာပူမှာ မပျော်ပါ။ ၂၀၁၀ တွင် မားဇော်သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

“ကိုယ် ပြန်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂေးတစ်ယောက်အဖြစ် ခံယူတယ်။ ပြီးတော့ ဧည့်လမ်းညွှန်အလုပ်ကို ပရော်ဖက်ရှင်နယ်လုပ်တယ်။ ကိုယ့်အလုပ်မှာ ကိုယ်အောင်မြင်အောင် အားထုတ်နေတယ်” 

ဇော်ထက် သို့မဟုတ် မားဇော်။

စကားပြောကြွယ်သည်။ ပညာတတ်ဆန်သည်။ နွဲ့နွဲ့နှောင်းနှောင်းနေတတ်သော်လည်း သူ့တွင် မဟုတ်မခံသည့် သတ္တိရှိသည်။ မတရားမှုတစ်ခုကို ခေါင်းငုံ့ မခံတတ်သူ။

“ကိုယ့်ဘ၀နဲ့ပဲ ကိုယ်နေတယ်။ ကိုယ့်ဖြစ်တည်မှုအပေါ် မကြည်ဖြူတဲ့၊ လက်မခံနိုင်တဲ့သူတွေဆို ကိုယ်ကပဲ ရှောင်သွားလိုက်တယ်။ ကိုယ့်ကို မတရားလာစော်ကားရင်တော့ ပြန်တုံ့ပြန်မှာပဲ”

ဘ၀ထိုထိုထဲတွင် မားဇော်သည် ပန်းတစ်ပွင့်လို အစွမ်းကုန်လှပစွာ ပွင့်သည်။

သို့သော် … ဆူးများနှင့် …။ 

 

ခက်ဇော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *