သုံးဘီးမြို့တော်

ခြောက်နှစ်ခန့် လုပ်ကိုင်လာသည့် ဆိုင်ကယ်ကယ်ရီအလုပ်မှာ ဈေးဦးမပေါက်သည့်နေ့ရက် များပြားလာသဖြင့် လုပ်ငန်းပြောင်းရန် သူစဉ်းစားရတော့သည်။

“ဆိုင်ကယ်ကို အပေါင်ဆိုင်မှာပါ ထားရတဲ့အဆင့်ထိ ဖြစ်လာတယ်” ဟု ဆိုင်ကယ်ဖြင့် တက္ကစီဆွဲသည့် ကယ်ရီသမားဘ၀၏ နောက်ဆုံးစာမျက်နှာများကို ကိုထက်က ပြောပြသည်။

ယခုမူ ကိုထက်သည် အိန္ဒိယနိုင်ငံထုတ် သုံးဘီးမော်တော်ယာဉ်ငယ်လေးတစ်စီးကို ပိုင်ဆိုင်နေပြီ။ ခေတ်ပေါ် အက်ပလီကေးရှင်း (Application) ကို အသုံးပြု၍ အငှားယာဉ်၊ အငှားဆိုင်ကယ် ခေါ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုဖြင့် ချိတ်ဆက်ပြီးနောက် ပိုင်ဆိုင်လာခြင်း ဖြစ်သည်။

“ထောက်ခံစာတို့၊ မှတ်ပုံတင်တို့ အပြင် ငွေကျပ်တစ်သိန်းနှစ်သောင်းပဲ သွင်းရတယ်။ သုံးနှစ်အရစ်ကျနဲ့ပေါ့” ဟု ကိုထက်က ရှင်းပြသည်။

ဤနည်းဖြင့် မန္တလေးမြို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ သုံးဘီးယာဉ်ပေါ်ရောက်သွားကြသည်မှာ တစ်နှစ်ဝန်းကျင် ရှိပြီ ဖြစ်သည်။

သုံးဘီးဆိုင်ကယ်တစ်စီး ပိုင်ဆိုင်နိုင်ရန်အတွက် ငွေကြေးမတတ်နိုင်သူများက ကုမ္ပဏီများဖြင့် ချိတ်ဆက်ကြရသည်။ ကနဦး ကျပ်တစ်သိန်းနှစ်သောင်း စသွင်းရပြီး နေ့စဉ် ကျပ်ရှစ်ထောင်ခန့်ပေးရသည်။

ယင်းအပြင် အက်ပလီကေးရှင်းဖြင့် ချိတ်ဆက်ထားသည့် မိုဘိုင်းလ်ဖုန်းအတွက် တစ်လလျှင် ကျပ်တစ်သိန်းကို လေးလသွင်းရသည်။ တစ်ရက်ကျပ်ရှစ်ထောင် ခြောက်လပြည့်လျှင် နေ့စဉ်သွင်းရသည့် ငွေပမာဏလျော့ကျသည်။

“ဆိုင်ကယ်နဲ့ ကယ်ရီဆွဲတုန်းက တစ်ရက်ကို ခုနစ်ထောင်ရဖို့ အနိုင်နိုင်ပဲ။ အခုကျတော့ နှစ်သောင်းလောက်အထိရတယ်” ဟု ဆိုင်ကယ်မှ သုံးဘီးသို့ပြောင်းလဲသည်မှာ ရက်ပိုင်းသာရှိသေးသည့် ကိုထက်က ပြောပြသည်။

မန္တလေးမြို့တွင် အသုံးပြုမှုများပြားနေသည့် အိန္ဒိယနိုင်ငံထုတ် သုံးဘီးဆိုင်ကယ်များ၏ တန်ဖိုးသည် ကျပ် ၄၆ သိန်းဝန်းကျင်ခန့်ရှိသည်။ အရောင်း ကုမ္ပဏီများတွင် လက်ငင်း၊ အရစ်ကျစနစ် တို့ဖြင့် ဝယ်ယူနိုင်သလို ဝန်ဆောင်မှုကုမ္ပဏီများဖြင့်လည်း အရစ်ကျဝယ်ယူနိုင်သည်။ တန်ဖိုးကမူ သိန်းခြောက်ဆယ်ခန့်အထိ ဖြစ်သွားနိုင်သည်။

“သူက အင်ဂျင်က သုံးနှစ် အာမခံတယ်။ ကုမ္ပဏီနဲ့ ချိတ်ထားသလို ကိုယ့်မိတ်နဲ့ ကိုယ်လည်း ဆွဲနေရတော့ ဒီသုံးနှစ်ထဲမှာ ကိုယ်လည်း စားဝတ်နေရေး ပြေလည်သလို သုံးဘီးဖိုးလည်း ကျေမယ်လို့ တွက်ဆထားတယ်” ဟု ဝန်ဆောင်မှုကုမ္ပဏီဖြင့် ချိတ်ဆက်ကာ သုံးဘီးအငှားယာဉ် မောင်းနှင်နေသည့် ဦးကျော်ကျော်မိုးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ခရီးသွားအချို့သည် ဆိုင်ကယ်ကယ်ရီသမားအချို့၊ Taxi သမားအချို့တို့၏ အုပ်စုဖွဲ့ အနိုင်ကျင့်လုယက်ခြင်း၊ ယာဉ်စီးခ မတန်တဆ တောင်းခံခြင်း စသည့်တို့ကို ကြုံတွေ့ခဲ့ရပြီးနောက် အချိန်ကိုက်ပင်ဆိုသလို လုံခြုံစိတ်ချရသည့် အငှားယာဉ်ဝန်ဆောင်မှုတို့က ပေါ်ပေါက်လာခဲ့သည်။

Mini Oway အမည်ဖြင့် ပထမဆုံး မိတ်ဆက်ခဲ့ပြီး မြို့လူထု၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ မန္တလေး၏ မည်သည့်နေရာသွားသွား မီနီအိုးဝေဖြင့်သွားမည်ဟု ဆိုရသည်အထိ အောင်မြင်ခဲ့ပြီးနောက် Grab နှင့် Get Ride တို့ကလည်း ထပ်မံဝင်ရောက်လာခဲ့သည်။

ယခု နောက်ဆုံး Ok Taxi  လည်း ဝင်ရောက်လာသည်။ ဝန်ဆောင်မှု ကုမ္ပဏီတို့ဖြင့် ချိတ်ဆက်ထားခြင်းသည် ဖုန်းတွင်းထည့်သွင်းထားသော Application ကို အသုံးပြုငှားရမ်းသည့် ခရီးသည်ဖြင့် အလွယ်တကူ ချိတ်ဆက်နိုင်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးများ၊ ယာဉ်မောင်းနှင့် ခရီးသည်အတွက်အာမခံ၊ တိကျသည့်ဈေးနှုန်း စသည့် အားသာချက်များရှိသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုများ၊ အရှိန်ပြင်းစွာ မောင်းနှင်မှုများကို ၂၄ နာရီ စောင့်ကြည့်နေပြီး သတိပေးနေကြောင်း Mini Oway ကုမ္ပဏီမှစီနီယာ ဒါရိုက်တာဦးကျော်မင်းဆွေ က ပြောသည်။

ယင်းအပြင် ခရီးသွားလာရင်း အန္တရာယ်စသည့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ၂၄ နာရီ အကူအညီ တောင်းခံနိုင်သည့် Oway Ride အက်ပလီကေးရှင်းကို အောက်တိုဘာ ၁၉ မှ စတင်အသုံးပြုနိုင်ပြီဟု ၎င်းက ဆိုသည်။

ညဘက် အရေးပေါ် ခရီးထွက်ခြင်း၊ ခရီးမှ အချိန်မတော် ပြန်ရောက်လာခြင်း စသည့်အခြေအနေမျိုးတွင် မီနီအိုးဝေ သုံးဘီးဆိုင်ကယ်ကို လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန်အတွက် ယင်း Application ကို သုံးစွဲနိုင်ကြောင်း ၎င်းကပြောသည်။

“အရေးပေါ်အခြေအနေကြုံလာရင် Application မှာပါတဲ့ SOS Button ကို နှိပ်လိုက်တာနဲ့ အနီးကပ်ဆုံး မီနီအိုးဝေသုံးဘီးက ယာဉ်မောင်းတွေဆီ ရောက်နိုင်သလို ကျွန်တော်တို့ရဲ့ Call Center မှာ လည်း Alert (အချက်ပေး) မှာပါ။ အမျိုးသမီးတွေအတွက် လုံခြုံရေး အထူးအစီအမံနဲ့ ပြုလုပ်ထားတာပါ” ဟု ဦးကျော်မင်းဆွေက ရှင်းပြသည်။

ယင်းအပြင် မိမိသွားနေသည့်လမ်းကြောင်းကို မိသားစုဝင်များထံ Facebook ၊ Viber ၊ Messsenger၊  Gmail တို့မှတစ်ဆင့် ပေးပို့စောင့်ကြည့်ခိုင်း၍လည်းရကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

လက်ရှိ မန္တလေးမြို့တွင် ပြေးဆွဲနေသည့် မီနီအိုးဝေ၏ ယာဉ်တိုင်းတွင် ယာဉ်မောင်း၏ ဓာတ်ပုံ၊ မှတ်ပုံတင်နံပါတ် စသည့် လုံခြုံရေးမှတ်တမ်းများကို မြင်သာအောင် ချိတ်ဆွဲထားပြီး ပိုမိုစိတ်ချစေရန်အတွက် Oway Ride Application ကို အသုံးပြုနိုင်မည်ဖြစ်သည်။

အလားတူ Grab နှင့် Get Ride  တို့တွင်လည်း ယာဉ်စီးနင်းသူ အန္တရာယ်ကင်းစေရန်အတွက် လုံခြုံရေးအစီအမံများကို ပြုလုပ်ထားသည်။

“မကြာသေးမီက Share My  Ride ဆိုတဲ့ လုံခြုံရေး လုပ်ဆောင်ချက်အသစ်ကို အက်ပလီကေးရှင်းထဲမှာထည့် သွင်းမိတ်ဆက်ခဲ့ပါတယ်။ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံလည်း ပေးအပ်ထားပါတယ်” ဟု Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က ပြောသည်။

“အလုပ်ကိစ္စအတွက် ရန်ကုန်တို့ဘာတို့ သွားတဲ့အခါ သုံးဘီးဆိုင်ကယ်နဲ့ သွားဖြစ်တယ်။ အခုနောက်ပိုင်း ရွေးစရာ သုံးဘီးအမျိုးအစားတွေ များနေတော့ ကိုယ့်အတွက် ပိုပြီးလုံခြုံမှုပေးနိုင်မယ့် သုံးဘီးနဲ့ပဲသွားမှာပေါ့။ ဈေးကတော့ အကုန်လုံးလိုလို အတူတူလောက်ပဲလေ” ဟု ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းဖြစ်သည့် မမေသူက ဆိုသည်။

အလားတူ ကုမ္ပဏီတို့ဖြင့် မချိတ်ဆက်ဘဲ မိမိဘာသာ ဝယ်ယူပြေးဆွဲသူများလည်း ရှိသည်။

“ကိုယ့်ဘာသာကိုယ် အပိုင်ဝယ်ပြီးဆွဲတော့ ရသမျှ ကိုယ့်အတွက်ပဲ။ ကုမ္ပဏီနဲ့ မချိတ်ရင်လည်း အဆင်ပြေပါတယ်။ ကုမ္ပဏီတွေက လာချိတ်ဆက်တာမျိုးလည်း ရှိပေမယ့် အခုထိ လက်မခံဖြစ်သေးဘူး” ဟု ကိုယ်ပိုင်ပြေးဆွဲသည့် ကိုစိုးမြင့်(ခ) ကိုဖက်တီးက ပြောသည်။

သုံးဘီးယာဉ်စီးနင်းသူများတွင် Application အသုံးပြုချိတ်ဆက်ကာ စီးနင်းသူများရှိသလို ရှေ့တွင်တွေ့သည့် ယာဉ်ကိုတား၍ စီးသူများလည်း ရှိသည်။

“ကိုယ်စီးနင်းတဲ့ ယာဉ်ရဲ့ ယာဉ်မောင်းနာမည်၊ ဖုန်းနံပါတ် စတာတွေကိုတော့ သိထားရင် အကောင်းဆုံးပဲ။ Application နဲ့ချိတ်ပြီးစီးရင် ဒါတွေကို တကူးတက မေးစရာမလိုဘဲ သိနိုင်တဲ့ အားသာချက်ရယ်၊ သူတို့ရဲ့ကုမ္ပဏီက ကိုယ့်လုံခြုံရေးအတွက် စောင့်ကြည့်ပေးနေတယ်ဆိုတဲ့ စိတ်ကြောင့် စိတ်ချလက်ချ စီးနိုင်တယ်။ အလွတ်ဘီးတွေကတော့ ခုထိ မစီးရဲသေးဘူး” ဟု ကုမ္ပဏီဝန်ထမ်း မမေသူက သူ့အမြင်ကို ပြောပြသည်။

သို့သော် အလွတ်ပြေးဆွဲသူများမှာ ယာဉ်လိုင်စင်၊ ယဉ်မောင်းလိုင်စင်များ အပြည့်အဝရှိပြီး ဖုန်းနံပါတ်ကိုလည်း ယာဉ်နံဘေးတွင် ရေးကပ်ထားပေးကြောင်း ကိုဖက်တီးက ဆိုသည်။

“ကျွန်တော်တို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မဖောက်ဘူး။ သူတို့ မဝင်ရဘူးဆိုတဲ့ နေရာတွေမဝင်ဘူး။ အရှိန်ပြင်းပြင်း မမောင်းဘူး” ဟု ၎င်းကပြောသည်။

သုံးဘီးဆိုင်ကယ် Taxi များကို စတင်ခွင့်ပြုခဲ့ချိန်ကစပြီး မဝင်ရလမ်းများ သတ်မှတ်ပေးခဲ့သည်။ ၇၈ လမ်း (၂၆ လမ်းမှ တံခွန်တိုင်လမ်းဆုံအထိ)၊ ၈၄ လမ်း (၂၆ လမ်းမှ ဘုရားကြီးအနောက် မုခ်အထိ)၊ ၆၆ လမ်း (၁၂ လမ်းမှ သိပ္ပံ လမ်းအထိ)၊ သိပ္ပံလမ်း ( ၇၈ လမ်းမှ ၆၂ လမ်းအထိ)၊ ၂၆ လမ်း (၆၆ လမ်းမှ လမ်း ၉၀ အထိ)၊ ကျုံးပတ်လည် ၂၆ လမ်း၊ ၆၆ လမ်း၊ ၁၂ လမ်းနှင့် လမ်း ၈၀ တို့ ဖြစ်သည်။

ယင်းလမ်းများသို့ ဝင်ရောက်လျှင် ဒဏ်ငွေ ကျပ်သုံးသောင်း ဒဏ်ကြေးရိုက် ခံရမည် ဖြစ်သည်။

“တချို့ ခရီးသည်တွေက ကျုံးဘေးကို သွားချင်တာရှိတယ်။ ၇၈ လမ်းအတိုင်း သွားချင်တာမျိုး ရှိတယ်။ ဒါမျိုးကျရင် ရှင်းပြပေးရတာပေါ့” ဟု သုံးဘီး Taxi မောင်းနှင်သည့် ဦးမြင့်အေးက ပြောသည်။

သို့သော် စည်းကမ်းဖောက်သည့် သုံးဘီးယာဉ်တို့လည်း ရှိသည်။ မဝင်ရနေရာများတွင် ဝင်ရောက်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ လိုင်စင်မရှိသေးဘဲ မောင်းနှင်ခြင်းများ ရှိသည်။

သုံးဘီးယာဉ်တို့သည် ခရီးသည်များအတွက် အဆင်ပြေသော်လည်း မြို့ခံများအတွက်မူ အသုံးဝင်လှသည်တော့မဟုတ်။ တစ်နေရာနှင့်တစ်နေရာ ဆိုင်ကယ်ဖြင့်သာ သွားလာမှုများပြားသဖြင့် သုံးဘီးယာဉ်တို့ကို စီးနင်းခြင်းမရှိကြ။ အရှိန်မြှင့် မောင်းနှင်ကြသည့် စည်းကမ်းမဲ့ သုံးဘီးအချို့ကြောင့် ကားနှင့် ဆိုင်ကယ်တို့အတွက် အနှောင့်အယှက်ဖြစ်ရသည်ဟု ဆိုသူများလည်း ရှိသည်။

“သုံးဘီးတွေ အရှိန်များလို့ အက်ဆီးဒင့် မကြာခဏဖြစ်တယ်။ တိုက်ပြီဆိုရင် သုံးဘီးနဲ့ပဲ။ ၂၇ လမ်းက အဆိုးဆုံးဖြစ်မယ်။ လမ်းထောင့်တွေမှာ မကြာခဏတိုက်လေ့ရှိတယ်။ လမ်းပေါ်မှာလည်း တစ်မိနစ်ကို တစ်စီးလွှတ်နေသလား မှတ်ရတယ်။ ပြေးနေကြတာပဲ” ဟု ၂၇ လမ်းအနီးတွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပြုသည်။

ယင်းအပြင် နားကြပ်တပ်၍ မောင်းနှင်ခြင်း၊ အချက်ပြမီးမပြဘဲ ကွေ့ခြင်း၊ နောက်ကြည့်မှန်မကြည့်ဘဲ မောင်းနှင်ခြင်းများကိုလည်း တွေ့ရသည်ဟု ၎င်းကပြောသည်။

ကယ်ရီ၊ Taxi ငှားရမ်းမည့် ရပ်ဝေးခရီးသည်များ လုံခြုံစိတ်ချရစေရန်အတွက် မော်တော်ဆိုင်ကယ် Taxi များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ စနစ်တကျ ပြေးဆွဲနိုင်ရန် စီစဉ်ပေးထားသော်လည်း သုံးဘီးယာဉ်များကိုမူ စီမံခန့်ခွဲမှုမရှိသေးပေ။

ကုမ္ပဏီဖြင့် ပြေးဆွဲမှု၊ အလွတ်ပြေးဆွဲမှု၊ လိုင်စင်မရှိဘဲ ပြေးဆွဲမှု စသဖြင့် အစီးရေပေါင်း ထောင်နှင့်ချီ၍ ရှိလာသည့် သုံးဘီးယာဉ်များကို အချိန်မီ စီမံခန့်ခွဲနိုင်ရန် လိုအပ်နေသည်။ လက်ရှိတွင်မူ ကုမ္ပဏီယာဉ်များ၏ စည်းကမ်းဖောက်ဖျက်မှုများကို ကုမ္ပဏီတို့က အရေးယူနေသော်လည်း ပြင်ပသုံးဘီးယာဉ်များကိုမူ အရေးယူနိုင်ခြင်း မရှိသေး။

နိုဝင်ဘာလ ၁ ရက်မှစ၍ ၂၃ ရက် အထိ မန္တလေးမြို့တွင် ပြေးဆွဲနေသည့် မှတ်ပုံတင်မဲ့သုံးဘီးဆိုင်ကယ်များနှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်တို့ကို One  Stop Service စီမံချက်ဖြင့် လိုင်စင်ပြုလုပ်ပေးနေပြီး စီမံချက်ကာလပြီးဆုံးလျှင် ဖမ်းဆီးအရေးယူပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စပယ် က ဆိုသည်။

သုံးဘီးယာဉ် သုံးစွဲမှု များလာသည်နှင့်အမျှ မြို့နေလူထု၏ နှုတ်ဖျားတွင် သုံးဘီးမြင်တိုင်း မီနီအိုးဝေဟု ခေါ်ဆိုတတ်ကြကာ စည်းကမ်းချိုးဖောက်သည့်ယာဉ်များနှင့်ရောနှော၍ အပြောအဆိုခံနေရကြောင်း၊ မီနီအိုးဝေသည် ယာဉ်နံဘေးတွင် စတေကာအပြာများကပ်ကာ ယာဉ်မောင်းများကိုလည်း သင်တန်းများ ပို့ချပေးထားကြောင်း မီနီအိုးဝေကုမ္ပဏီ အကြီးတန်းဒါရိုက်တာ ဦးကျော်မင်းဆွေက ပြောသည်။

လက်ရှိ ယာဉ်မောင်းနှင်နေသည့် သုံးဘီး Taxi ဆရာတို့ကလည်း လိုင်စင်မဲ့များကြောင့် အနှောင့်အယှက် ဖြစ်ရသည်ဟု ၎င်းကဆိုသည်။

“တစ်ခုခုဆိုရင် သုံးဘီးတွေ စည်းကမ်းမရှိဘူးလို့ အပြောခံနေရတာ ဒီရက်ပိုင်း များနေတယ်။ ဘယ်သူပဲမောင်းမောင်း ယာဉ်စည်းကမ်း လမ်းစည်း ကမ်းလိုက်နာပြီး မောင်းမယ်ဆိုရင် အကုန်အဆင်ပြေမှာပဲလေ” ဟု ဆိုင်ကယ်ကယ်ရီသမားဘ၀မှ သုံးဘီးမောင်းသက် ခြောက်လခန့်ရှိပြီဖြစ်သည့် ဦးမြင့်အေးက ပြောသည်။

မန္တလေးရှိ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတို့သည် သုံးဘီးယာဉ်မောင်းအဖြစ်သို့ ပြောင်းရွှေ့လျက်ရှိသည်။ ငွေကြေးတတ်နိုင်သူတို့ကလည်း သုံးဘီးဝယ်ကာ အငှားချစားကြသည်။ မိသားစုလုပ်ငန်းသုံးအဖြစ် သုံးဘီးယာဉ်ကို သုံးစွဲမှုများလာသည်။

ခွေးဘီလူးဟုခေါ်သည့် Mini Truck ယာဉ်များ သုံးစွဲမှုများလာသလို သုံးဘီးယာဉ်သုံးစွဲမှုက မန္တလေးတွင် တစ်နှစ်အတွင်း များပြားလာသည်။ မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရမူ အစီးရေ နှစ်သောင်းထက်မနည်း ရှိနေ သည်။

ဆိုင်ကယ် Taxi များနေရာတွင် အစားထိုးလာသည်ဟု ပြောနိုင်သော်လည်း ဆိုင်ကယ်ကယ်ရီ ဈေးကွက်ကမူ မပျောက်သေး။ ခရီးပိုမြန်ခြင်း စသည့်အားသာချက်ကြောင့် ဆိုင်ကယ်ကယ်ရီကိုလည်း စီးနေကြဦးမည်။

သို့သော် ပြည်တွင်းပြည်ပခရီးသွားများစွာ နေ့စဉ်ဝင်ထွက်သွားလာနေသည့် မန္တလေးမြို့အတွက် မရှိမဖြစ် သယ်ယူပို့ဆောင်ပေးမည့်ကဏ္ဍကို ဖြည့်ဆည်းနိုင်သည့် သုံးဘီး Taxi များကို စနစ်တကျ ထိန်းသိမ်းပေးမည့်အဖွဲ့အစည်းက လိုအပ်လျက်ရှိသည်။ ယင်းကို စည်ပင်က ကြိုးပမ်းလျက်ရှိသော်လည်း ယနေ့အထိ မရနိုင်သေးပေ။

သုံးဘီးမြို့တော်ဟု ဆိုရလောက်အောင် များပြားလာသည့် သုံးဘီးယာဉ်ငယ်များကို စည်းကမ်းတကျ ပြေးဆွဲမှသာ ရေရှည်အခွင့်အလမ်းရမည် ဖြစ်ပါသည်။ 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *