အမှတ်အသားသရုပ် (၆) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

စိတ်ဝိညာဉ်၏ သဘောသဘာဝနှင့်ဆိုင်သော အဓိကဆွေးနွေးချက်ကို (သမ္မတနိုင်ငံကထာ) ၏ အတွဲ (၄) တွင် တွေ့နိုင်ပါသည်။ ဆိုခရတ္တိ၏ အလိုအရ စိတ်ဝိညာဉ်တွင် အပိုင်းသုံးပိုင်းပါဝင်သည်ဟုဆိုသည်။ ပထမပိုင်းမှာ ‘လိုအင်ဆန္ဒပိုင်း’ (Desiring Part) ဖြစ်သည်။ ဤ အပိုင်းက ‘စားစရာ’၊ ‘ရေ’ စသည်တို့ကို ရှာဖွေသည်။ သို့နှင့်တိုင် တစ်ခါတစ်ရံတွင် ရေဆာနေသောလူပင်ဖြစ်စေ ရေသောက်ခြင်းကို ပြန်လည်ထိန်းချုပ်ရသည်မျိုး ရှိနိုင်သည်။ မိမိသောက်နေသောရေသည် မသန့်ရှင်းသောရေ ဖြစ်နေပြီ၊ ရောဂါတစ်ခုခုသို့ ဦးတည်သွားနေ၍ သောက်သုံးရန် ရှောင်ကြဉ်လိုက်ရသည့်အခါမျိုးဖြစ်သည်။ ဤတွင် ဆိုခရတ္တိက စိတ်ဝိညာဉ်တွင် ရေသောက်ရန် အမိန့်ပေးသည်မျိုးရှိနေသလို တစ်ပြိုင်နက်တည်းမှာပင် မသောက်ဖို့တားဆီးနေသည်မျိုးလည်း ရှိနိုင်သည်ဟု တွေးမိသည်။ အက်ဒီမန်တုနှင့် ဆိုခရတ္တိနှစ်ဦးလုံးက အဆိုပါ ဒုတိယတားဆီးစိတ်ရှိနေသည်ကို သတိပြုမိသည်။ ဤစိတ်ကို သူတို့နှစ်ဦးလုံးက  ‘မြော်မြင်တွက်ချက်သည့်အပိုင်း’ (Calculating Part) ဟု အမည်ပေးသည်။ ဤအပိုင်းကို ဆင်ခြင်တုံတရားက ရှေ့ဆောင်၍ ‘ဆင်ခြင်တုံတရား’ (Reason) ဟုလည်းခေါ်သည်။ ပထမပိုင်းဖြစ်သော လိုအင်ဆန္ဒပိုင်းကမူ ရုပ်ခန္ဓာလိုအပ်ချက်ကလာသည်ဖြစ်၍ ဆင်ခြင်တုံတရားကို အခြေမခံပါချေ။

ဤနေရာသို့အရောက်တွင် ဆိုခရတ္တိနှင့် အက်ဒီမန်တုတို့က ခေတ်သစ်စီးပွားရေးပုံစံတစ်ခုကို ထုတ်ပြပြီး သူတို့၏တွေ့ရှိချက်နှင့် နှိုင်းယှဉ်ပြသည်။ ‘လိုအင်ဆန္ဒပိုင်း’ မှာ တစ်ဦးချင်းတစ်ဦးစားပေးမှုနှင့် တူညီ၍ ‘မြော်မြင်တွက်ချက်သည့်အပိုင်း’ မှာ ဆင်ခြင်တုံတရားကို အခြေခံသော အများဆုံးရအောင် ဆောင်ရွက်သူသဘောဖြစ်သည်ဟု ဆိုသည်။ ဤနှစ်ခုကြား ကွာဟချက်မှာ စိတ်ပညာရှင် ‘ဆစ်ဂမန် ဖရိုက်’ ညွှန်းသော ‘လိုချင်ဆန္ဒနှင့်ဆိုင်သော မသိစိတ်’ နှင့် ၎င်းကိုထိန်းချုပ်ထားသော ‘အတ္တမာန’ အထူးသဖြင့် ‘လူမှုရေးမှလာသောဖိအားများ’ တို့နှင့် နီးစပ်တူညီသည်ဟု ကောက်ချက်ချသည်။

သို့နှင့်တိုင် ဆိုခဲ့ပါအပိုင်းနှစ်ပိုင်း (လိုအင်ဆန္ဒပိုင်းနှင့် မြော်မြင်တွက်ချက်သည့်အပိုင်း) မျှလောက်နှင့် စိတ်ဝိညာဉ်ကိစ္စမှာ မပြီးပြတ် သေး။ အေသင်သား ‘လီယွန်တပ်’ ၏ ဇာတ်ကြောင်းနှင့် ဆက်စပ်ပြီး နောက်ထပ်အပြုအမူတစ်ရပ်ကို ဆန်းစစ်ကြသည်။ ‘လီယွန်တပ်’ မှာ အာဏာပါးကွက်သားတို့ သတ်ဖြတ်ထားသော အလောင်းကောင်တွေကို ကြည့်လိုသည်။ တစ်ချိန်တည်းမှာပင် ဤသို့လည်း လှည့်မကြည့်လိုပြန်ပေ။ စက်ဆုပ်ရွံရှာစွာဖြင့် အဝေးသို့ထွက်ပြေးလိုသည်။ ဤသို့ဖြင့် သူ့စိတ်ထဲတွင် ချီတုံချတုံဖြစ်ရင် မျက်နှာကို လက်ဖဝါးဖြင့် အုပ်လိုက်သည်။ နောက်ဆုံး ဆန္ဒတစ်ခုက အခြားဆန္ဒတစ်ခုကို အနိုင်ရလိုက်တော့မှ မျက်လုံးကိုဖွင့်ပြီး အလောင်းကောင်များရှိရာသို့ ပြေးသွားလိုက်သည်။ “ကိုင်း ကြည့်စမ်း၊ အားရပါးရကြီး ကြည့်လိုက်စမ်း၊ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ အလောင်းကောင်တွေ …”

ဤတွင် ဆိုခရတ္တိအနေနှင့် သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်လေတော့သည်။

“အခြားနေရာများတွင်ကော ဤအတိုင်း မဖြစ်နိုင်ပါသလော…။ မြော်မြင်တွက်ချက်သည့်အပိုင်းနှင့်ဆန့်ကျင်စွာ လိုအင်ဆန္ဒပိုင်းက တစ်စုံတစ်ရာကို တပ်မက်နေလျှင် အကြောင်းတစ်ခုခုကြောင့် လိုအင်ဆန္ဒကို ဦးစားမပေးနိုင်လျှင် …၊ ထိုသူသည် သူ့ကိုယ်သူ အပြစ်တင်ပေ လိမ့်မည်။ သူ့လိပ်ပြာက သူ့ကို ဆန့်ကျင်နေပေလိမ့်မည်။ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေသော အပြုအမူနှစ်ရပ်တွင် အဆိုပါပုဂ္ဂိုလ်၏ လိပ်ပြာမှာ ဘယ်ဘက်က ရပ်တည်ပေးမည်နည်း …။”

ဤပြဿနာကို ပို၍ခေတ်ပြိုင်သဘောဆောင်သော ဥပမာတစ်ရပ်ဖြင့် နောက်ခံပြုသည့် ပတ်ဝန်းကျင်ကို ပြောင်းကြည့်ပါမည်။ ‘ဆေးစွဲနေသူ၊ အရက်စွဲနေသူ တစ်ယောက်အနေနှင့် သူ့အတွက် ကောင်းကျိုးမပေးသော ‘ဆေးတစ်ရှိုက်’ သို့မဟုတ် ‘အရက်တစ်ခွက်’ ကို သိသိကြီးနှင့် ‘ရှိုက်’ လိုက်မိသည်။ သို့မဟုတ် ‘သောက်’ လိုက်မိသည်။ ပြီးသည်နှင့် မိမိကိုယ်ကိုယ် မနှစ်မြို့သော၊ စက်ဆုပ်သော ခံစားမှုတို့ တဖွားဖွား ပေါ်ထွက်လာတော့သည်။’ ဤနေရာတွင် ဆိုခရတ္တိက ဝေါဟာရအသစ် ‘Spirit’ ဆိုသည်ကို သုံးလိုက်သည်။ (ဤနေရာတွင် Spirit ကို Soul နှင့်ကွဲစေရန် ‘လိပ်ပြာ’ ဟု ဘာသာပြန်ပါသည်။) မိမိကိုယ်ကိုယ် ဒေါသထွက်အပြစ်ဆိုသော စိတ်ဝိညာဉ်၏ နေရာတစ်ခုအဖြစ် ရည်ညွှန်းသုံးလိုက်ခြင်းဖြစ်သည်။ အဆိုပါ ‘Spirit’ ဆိုသော ဝေါဟာရသည်ပင် ဂရိစကားလုံး ‘သိုင်မို့စ်’ (Thymos) ၏ ခပ်ညံ့ညံ့ဘာသာပြန်ဟု ဆိုရပါလိမ့်မည်။

ဆိုခရတ္တိက အက်ဒီမန်တုကို မေးခွန်းထုတ်ပြန်သည်။ ‘အချင်း အက်ဒီမန်တု အလောင်းကောင်တွေကို လှည့်မပြည့်လိုသော စိတ်ဝိညာဉ် ၏ အပိုင်းသည် အခြားသော လိုအင်ဆန္ဒလော …၊ သို့မဟုတ် မြော်မြင်တွက်ချက်သည့်အပိုင်း၏ လက္ခဏာသွင်ပြင်တစ်ရပ်သာလော …။ ဤနှစ်ခုလုံးက တူညီသောလားရာဘက်သို့ တွန်းပို့နေသည်ကား အမှန်ပင်ဖြစ်သည် …။’ ပထမအမြင်မှာ ခေတ်ပြိုင်ဘောဂဗေဒရှုထောင့်ပင် ဖြစ်သည်။ တစ်စုံတစ်ရာသော လိုအင်ဆန္ဒကို အခြားတစ်စုံတစ်ရာပေါ် မြော်မြင်တွက်ချက်မှုဖြင့် ကန့်သတ်ထားရသည်။ နောက်ဆုံး ပို၍အရေးကြီးသော လိုအင်ဆန္ဒနှင့် အစားထိုးလိုက်ရသည့်သဘောဖြစ်သည်။ ဤတွင် ဆိုခရတ္တိက မေးပြန်သည်။ ‘ဤအတိုင်းဆိုလျှင် စိတ်ဝိညာဉ်တွင် တတိယအစိတ်အပိုင်းတစ်ခု မရှိနိုင်ပါသလော …။’

“Spirit နှင့်ဆိုသောအပိုင်း တစ်နည်း ‘လိပ်ပြာပိုင်း’ (Spirited) ကို ကျွန်ုပ်တို့နားလည်လာမှုအရ မကြာခင်က မှန်ကန်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်နှင့် ဆန့်ကျင်ဘက်လို ဖြစ်နေပါတော့သည်။ ထိုစဉ်ကတော့ ကျွန်ုပ်တို့မှာ ဤအပိုင်းသည် လိုအင်ဆန္ဒပိုင်းနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ယခုအခါတွင်ကား ထိုသည်နှင့် ဆန့်ကျင်စွာပင် စိတ်ဝိညာဉ်၏ အဆိုပါအပိုင်းမှာ မျှော်မြင်တွက်ချက်သည့်အပိုင်းနှင့် ပခုံးချင်းယှဉ်ရပ်တည်နေသည်ကို တွေ့ရသည်။

ဤတွင် ‘လုံးဝ မှန်ကန်ပါပေသည်’ ဟု ‘အက်ဒီမန်တု’ က ထောက်ခံသည်။

ဤသို့တပြီကား ဆိုခဲ့ပါအပိုင်းမှာ မြော်မြင်တွက်ချက်သည့်အပိုင်းနှင့် မတူကွဲပြားစွာ တည်ရှိနေပါသလော …။ သို့မဟုတ် မြော်မြင်တွက်ချက်သည့်အပိုင်း၏ အခိုင်အမာပုံသဏ္ဌာန်တစ်ရပ်ပေလော …။ ဤသို့ဆို လျှင် စိတ်ဝိညာဉ်တွင် အစိတ်အပိုင်းသုံးမျိုး ရှိလိမ့်မည်မဟုတ်။ နှစ်မျိုးသာရှိရပါလိမ့်မည်။ မြော်မြင်တွက်ချက်သည့်အပိုင်းနှင့် လိုအင်ဆန္ဒပိုင်း ဖြစ်ပါ၏။

ဤသို့မဟုတ်လျှင် စိတ်ကူးထဲမှ မြို့တော်တွင်ရှိသော လူတန်းစားသုံးရပ်လို အတူယှဉ်တွဲတည်ရှိနေပါသလော …။ ငွေကြေးဖန်တီးခြင်း၊ အကူအရန်နှင့် စဉ်းစားဆင်ခြင်ခြင်းတို့ဖြစ်သည်။ စိတ်ဝိညာဉ်တွင်ကော အဆိုပါတတိယကဏ္ဍရှိနိုင်ပါသလော …။ အမှန်စင်စစ် ‘လိပ်ပြာပိုင်း’ မှာ သဘာဝအရပင် မြော်မြင်တွက်ချက်သည့်အပိုင်း၏ ‘အကူအရန်’ မျှသာဖြစ်ပါသည်။ ဤသို့မဟုတ်လျှင် မှားယွင်းသောမွေးမြူစောင့်ရှောက် ခြင်းဖြင့် အကျင့်ပျက်သွားနိုင်ပေသည် …။”

ဆိုခရတ္တိ၏စကားကို အက်ဒီမန်တုက ချက်ချင်းပင် သဘောတူလိုက်သည်။ လိပ်ပြာပိုင်း တစ်နည်း ‘သိုင်မို့စ်’ သည် လိုအင်ဆန္ဒမဟုတ် သလို ဆင်ခြင်တုံတရားလည်းမဟုတ်။ စိတ်ဝိညာဉ်၏ လွတ်လပ်သော အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်။ ‘သိုင်မို့စ်’ သည် ဒေါသနှင့် ဂုဏ်ယူဝံ့ကြွားမှု၏ တည်ရာမှီရာဖြစ်သည်။ လီယွန်တပ်အနေနှင့် အလောင်းကောင်တွေကို မကြည့်ဘဲမနေနိုင်သည့်အတွက် ဂုဏ်ယူသည်။ သူ့တွင် ပိုမိုကောင်းမွန်သော ‘အတ္တ’ ရှိသည်ဟု ယုံကြည်သည်။ သူ၏ လိုအင်ဆန္ဒကို မတွန်းလှန်နိုင်ဘဲ အလောင်းကောင်တွေကို ကြည့်ဖြစ်လိုက်သောအခါတွင်မူ သတ်မှတ်စံနှုန်းအတိုင်း အနေနိုင်သည့်အတွက် မိမိကိုယ်ကိုယ် စိတ်ပျက်ရသည်။

ဤသို့ဖြင့် လွန်ခဲ့သော ထောင်စုနှစ်ခုကျော်ကပင် ဆိုခရတ္တိနှင့် အက်ဒီမန်တုတို့မှာ ခေတ်သစ်ဘောဂဗေဒပညာက သိမှတ်လက်ခံခြင်းမရှိသော တစ်စုံတစ်ရာကို နားလည်သိရှိခဲ့ကြသည်။ ‘လိုအင်ဆန္ဒနှင့် ဆင်ခြင်တုံတရားတို့မှာ လူသားထုစိတ်ဝိညာဉ်၏ အစိတ်အပိုင်းနှစ်ရပ် ဖြစ်ပြီး တတိယပိုင်း သိုင်မို့စ်မှာ အထက်ပါနှစ်ခုနှင့် လုံးဝသီးခြားကင်းလွတ်စွာလုပ်ဆောင်သည့် တတိယအစိတ်အပိုင်း ဖြစ်သည်ဆိုသော နားလည်ချက်ဖြစ်ပါသည်။ အဆိုပါ ‘သိုင်မို့စ်’ သည်ပင် ထိုက်တန်မှုကို အဆုံးအဖြတ်ပေးသည့် နေရာဌာနလည်းဖြစ်ပါသည်။ ဤသဘောကို လီယွန်တပ်၏ ဥပမာဖြင့် ရှင်းပြနိုင်သည်။

လူသားထုသည် သူတို့ကိုယ်တိုင်၏ ပြင်ပတွင်ရှိသော စားစရာ သောက်စရာနှင့် ဆေးတရှိုက် (ဆေးစွဲနေသူအတွက်) ကို လိုချင်ရုံမျှမက သူတို့၏ ‘ထိုက်တန်မှု’ သို့မဟုတ် ‘ဂုဏ်သိက္ခာ’ နှင့် ပတ်သက်သော အပြုသဘောဆောင်သည့် အကဲဖြတ်ချက်ကိုလည်း မက်မောတတ်ပါသည်။ အဆိုပါအကဲဖြတ်ချက်ကမူ အတွင်းမှလာသည်။ လီယွန်တပ်၏ ဥပမာတွင်မူ လူ့အဖွဲ့အစည်းရှိ အခြားလူများမှလာသည်။ အကယ်၍ အပြုသဘောဆောင်သော အကဲဖြတ်ချက်ရလျှင် ဂုဏ်ယူသည်။ အကယ်၍ မရလျှင်မူ ဒေါသထွက်ချင်ထွက်မည်။ (သူတို့ကို တန်ဖိုးမထားဟု ယူဆသောကြောင့်) သို့မဟုတ် အရှက်ရချင်လည်း ရပါလိမ့်မည်။ (လူအများ၏ စံနှုန်းအတိုင်း မကျင့်သုံးနိုင်သောကြောင့်)
ဆိုခဲ့ပါ လူ့ဝိညာဉ်၏ တတိယအစိတ်အပိုင်း ‘သိုင်မို့စ်’ မှာ ယနေ့ အမှတ်အသားသရုပ်နိုင်ငံရေး၏ အခြေစိုက်ရာ ရိပ်မြုံဖြစ်ပါသည်။ နိုင်ငံ ရေးတွင် ပါဝင်ဆောင်ရွက်သူများမှာ စီးပွားရေးပြဿနာများနှင့် ပတ်သက်ပြီး ရုန်းကန်နေကြရသည်။ အခွန်အကောက်များကို လျှော့ ကောက်မလား၊ တိုးကောက်မလား … သို့မဟုတ် အစိုးရနိုင်ငံတော်ဝင်ငွေကို ဒီမိုကရေစီစနစ်ရှိ အမျိုးမျိုးသော တောင်းဆိုသူများကြား ခွဲဝေပေးလိုက်မည်လား … စသဖြင့်။ သို့နှင့်တိုင် နိုင်ငံရေးဘ၀၏ အစိတ်အပိုင်းတော်တော်များများမှာ ဆိုခဲ့ပါ စီးပွားရေးအရင်းအမြစ်များနှင့် အားနည်းချည့်နဲ့ စွာသာလျှင် ဆက်စပ်လျက်ရှိပါသည်။

ဤကိစ္စအတွက် ဥပမာအနေနှင့် ‘လိင်တူယောက်ျားချင်း လက်ထပ်သည့် လှုပ်ရှားမှု’ ဖြင့် ဖော်ပြနိုင်ပါသည်။ ဤအပြုအမူမှာ ၂၁ ရာစု၏ ပထမဆယ်စုအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများတစ်လွှားတွင် တောမီးလိုပျံ့နှံ့နေသော အခြင်းအရာဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင်လည်း စီးပွားရေးဆိုင်ရာလက္ခဏာ သွင်ပြင်အချို့ရှိသလောက်ရှိပါသည်။ အသက်ဆက်ရှင်သန်ပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်နှင့် ‘ယောက်ျား၊ မိန်းမလိင်တူချင်းပေါင်းဖော်မှု’ (Gay or Lesbian Unions) အပေါ် လိုလားနှစ်သက်မှု စသည်တို့ဖြစ်သည်။ သို့နှင့်တိုင် ဆိုခဲ့ပါ စီးပွားရေးပြဿနာတော်တော်များများကို ‘တရားရုံးတွင် လက်မှတ်ရေးထိုးခြင်း’ (Civil Union) နှင့်ဆိုင်သော ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း သစ်များနှင့် ဆုံးဖြတ်ဖြေရှင်းကြသည်က များသည်။ သို့တစေ အဆိုပါ Civil Union မှာ ‘ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ လက်ထပ်ထိမ်းမြား’ (Merage) လောက် အဆင့်အတန်းရှိလှသည်မဟုတ်ပါ။ သို့နှင့်အမျှ လူ့အဖွဲ့အစည်းအနေနှင့် Gay များကို တူညီစွာ တရားဝင်သည်ဟု ယူဆသော်လည်း သူတို့အချင်းချင်း စုံဖက်မှုကိုမူ ယောက်ျားနှင့် မိန်းမကြား တရားဝင်လက်ထပ်ထိမ်းမြားမှုနှင့် မတူဟုယူဆကြသည်။

အဆိုပါအကျိုးဆက်ကို သန်းနှင့်ချီသောလူများက လက်မခံကြပါ။ သူတို့က သူတို့ယုံကြည်သော နိုင်ငံရေးစနစ်တွင် Gays တွေ Lesbians တွေကို တူညီသောဂုဏ်သိက္ခာဖြင့် တိကျပြတ်သားစွာ အသိအမှတ်ပြုစေချင်သည်။ သူတို့အချင်းချင်း လက်ထပ်ထိမ်းမြားနိုင် စွမ်းမှာ တူညီသောဂုဏ်သိက္ခာအတွက် ပြယုဂ်ဟုယူဆကြသည်။ ဤသဘောကို မလိုလားသူများကမူ ဆန့်ကျင်ဘက်မှ ရပ်ခံကြသည်။ သူတို့က ‘လိင်ချင်းမတူသော ယောက်ျား၊ မိန်းမတို့၏ ပေါင်းဖော်မှု’ (HetersoSexual Union) ကိုသာ သာလွန်မြင့်မားသော ဂုဏ်သိက္ခာ အဖြစ် ရှင်းရှင်းလင်းလင်း အတည်ပြုပေးစေလိုသည်။ သို့ဖြင့် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုမှ ဆက်စပ်ပေါ်ထွက်လာသော စိတ်လှုပ်ရှားမှုများမှာ စီးပွားရေးထက် ဂုဏ်သိက္ခာဆိုင်ရာ အခိုင်အမာပြောဆိုမှုများနှင့် ပို၍ဆိုင်သည်ဟု ဆိုရပါလိမ့်မည်။

အလားတူပင် ‘Me Too လှုပ်ရှားမှု’ ဖြင့် သရုပ်ထင်စေခဲ့သော အမျိုးသမီးထု၏ ကြီးမားသော ဒေါသမှာလည်း အခြေခံအားဖြင့် လေးစားမှု၊ အလေးထားမှုပြဿနာပင်ဖြစ်သည်။ ဤလှုပ်ရှားမှုမှာ ဟောလိဝုဒ်ထုတ်လုပ်သူ ‘ဟာဗေးဝိုင်းစတိန်း’ ၏ အပြုအမူနှင့်ပတ်သက် ပြီး မျက်စေ့ဖွင့်ပေးလိုက်သည့်နောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤပြဿနာတွင်လည်း ဩဇာကြီးသော ယောက်ျားများနှင့် အကျပ်ကိုင် ခံနေရသော အားနွဲ့သည့်အမျိုးသမီးများအကြား စီးပွားရေးမျက်နှာစာတစ်ရပ်ရှိသည်ဟု ယူဆခဲ့ကြသည်များရှိသည်။ အမှန်စင်စစ် အမျိုးသမီးတစ်ဦး၏ ဖိုမလက္ခဏာကို မှားယွင်းစွာတန်ဖိုးဖြတ်ခြင်းသာဖြစ်သည်။ လုပ်ရည်ကိုင်ရည်လို အခြားစရိုက်များကိုမကြည့်ဘဲ တစ်ဦးချင်းကြည့်မြင်သည့်ပြဿနာသာဖြစ်သည်။ တစ်နည်းဆိုရလျှင် ဆိုခဲ့ပြီးသည့်အတိုင်း အလေးထားမှုကိစ္စသာဖြစ်ပါသည်။

သမ္မတနိုင်ငံကထာတွင် ဆိုခရတ္တိအနေနှင့် ‘သိုင်မို့စ်’ သည် လူသားအားလုံးကြား တူညီစွာမျှဝေထားသော စရိုက်တစ်စုံဟု မဆိုခဲ့ပါ။ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဖော်ပြခဲ့သည်ဟုလည်း အဆိုမပြုခဲ့ပါ။ သူ၏ စိတ်ကူးမြို့တော်မှ လူသားတို့၏ အခိုင်အမာလူတန်းစားနှစ်ရပ်နှင့်သာ ဆက်စပ်ဖော်ပြခဲ့ပါသည်။ ‘စောင့်ကြပ်မှူး’ သို့မဟုတ် ‘အကူအရန်’ တို့ဖြစ်သည်။ သူတို့သည် သူတို့၏မြို့တော်ကို ရန်သူအပေါင်းမှ ကာကွယ် ဖို့တာဝန်ရှိသည်။ သူတို့သည် စစ်သည်တော်များ ဖြစ်ကြသည်။ လိုအင်ဆန္ဒနှင့် ကျေနပ်နှစ်သိမ့်မှုမှာ အဓိကစရိုက်လက္ခဏာဖြစ်သော ဈေးဆိုင် ပိုင်ရှင်များနှင့်မတူပါ။ သူတို့သည် စဉ်းစားဆင်ခြင်သောအလွှာမှ ခေါင်းဆောင်များလည်းဖြစ်သည်။ သူတို့၏ ဆင်ခြင်တုံတရားကိုအသုံးပြု၍ မြို့တော်အတွက် ဘာအကောင်းဆုံးလဲဆိုသည်ကို သတ်မှတ်ဆုံးဖြတ်ပါသည်။

ဆိုခရတ္တိ၏အလိုအရ သိုင်မို့စ်နှင့်ဆိုင်သော စောင့်ကြပ်မှူးမှာ ဒေါသကြီးတတ်သည်။ လူစိမ်းများအတွက် ကြောက်စရာကောင်းပြီး သခင်များအတွက် သစ္စာရှိသော ခွေးများနှင့် နှိုင်းယှဉ်နိုင်သည်။ စစ်သည်တော်များအနေနှင့် သူတို့သည် သတ္တိရှိကြသည်။ အသက်စွန့်ရန် ဝန်မလေးကြဘဲ အခက်အခဲကို ကျော်လွှားနိုင်သည်။ ကုန်သည်လူတန်းစားလို ဆင်ခြင်စဉ်းစားသော လူတန်းစားလိုနှင့် ဘယ်လိုမှမတူပါ။ ဆင်ခြင်တုံတရားနှင့် လိုအင်ဆန္ဒထက် ဒေါသနှင့် ဂုဏ်ရောင်ပြောင်မှုသည်သာ သူတို့၏ စွန့်စားမှုများအတွက် အရင်းခံတွန်းအားဖြစ်ပေသည်။

 

ဆက်လက်ဖော်ပြပါမည်။
ကျော်ဝင်း (၃ နိုဝင်ဘာ၊ ၂၀၁၈)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *