တိုင်းမြို့တော် လွန်ဆွဲပွဲ

သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက ကြိုးပမ်းနေသည့် တိုင်းမြို့တော် ပြန်လည်ရရှိရေးက ဒုဝန်ကြီး၏ အဖြေကြောင့် ပြန်လည်လှုပ်ရှားလာပြန်သည်။

ဧရာဝတီမြစ်ဘေး၊ ယဉ်ကျေးမှုအနုပညာလက်ရာများကြောင့် ထင်ရှားသည့် စစ်ကိုင်းမြို့သည် နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တိုင်း မြို့တော်အဖြစ် တည်ရှိခဲ့သည်ဟု စစ်ကိုင်းသူ စစ်ကိုင်းသားတို့က ဆိုကြသည်။

စစ်ကိုင်းသည် အသင်္ခယာ စောယွန်းမင်းတည်ထောင်ခဲ့သည့် မင်းနေပြည်တော်ဖြစ်သည့်အပြင် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နိုင်ငံတော်ကောင်စီခေတ်၊ မဆလခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့စသဖြင့် အစဉ်အဆက် တိုင်းမြို့တော်အဖြစ်ရပ်တည်ခဲ့သည်။

သို့သော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် တပ်မတော်အစိုးရ၏ ဒေသဆိုင်ရာစစ်တိုင်းမှူး အုပ်ချုပ်မှုစနစ်အရ စစ်ကိုင်းတိုင်း၏မြို့တော်ကို တိုင်းအတွင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့သို့ ပြောင်းရွှေ့ခဲ့ရကြောင်း စစ်ကိုင်းမြို့တော်သို့ တိုင်းရုံးများအားလုံး အခြေခံဥပဒေနှင့်အညီ ပြန်လည်ရောက်ရှိရေး ဦးဆောင်ကောင်မတီထံမှ သိရသည်။

ထိုစဉ်က စစ်ကိုင်းတိုင်းနည်းတူ တနင်္သာရီတိုင်းတွင်လည်း မြို့တော်ထားဝယ်မှ ကမ်းရိုးတန်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့သို့ လည်းကောင်း၊ ပဲခူးတိုင်း၏ မြို့တော်ပဲခူးမှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ တောင်ငူမြို့သို့လည်းကောင်း ပြောင်းရွှေ့စေခဲ့သည်။

“အဲဒီတုန်းက မြို့တော်ကိုပြောင်းခဲ့တဲ့ စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်လှမြင့်ဆွေက စစ်ကိုင်းသားအစစ်ပဲ။ လိုအပ်ချက်အရ အချက်အချာကျတဲ့ဒေသကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ပြောတယ်။ ၂၀၀၁ ခုနှစ်လောက်ကပေါ့” ဟု စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ဆိုသည်။

သူက ကြံ့ခိုင်ရေးအစိုးရ၊ ဒီချုပ်အစိုးရ နှစ်ဆက်တွင် စစ်ကိုင်းမြို့၏ ပြည်သူ့လွှတ်တော်အဖြစ် ရွေးချယ်ခံထားရသည့် စစ်ကိုင်းသားတစ်ယောက် ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် စစ်ကိုင်း၊ ပဲခူးနှင့် တနင်္သာရီတိုင်းသုံးခုသာ မြို့တော်များကို ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး ဆယ်နှစ်ခန့်အကြာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပအပြီး အရပ်သားအစိုးရမဖွဲ့မီ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပဲခူးနှင့် တနင်္သာရီတိုင်း တို့၏ မူလမြို့တော်များကို ပြန်လည်ရွှေ့ပြောင်းကာ တိုင်းရုံးများ အခြေစိုက်ခဲ့သော်လည်း စစ်ကိုင်းတိုင်းက ကျန်ရစ်ခဲ့ရသည်။

တိုင်းမြို့တော်အဖြစ် စစ်ကိုင်းမြို့သို့ တိုင်းရုံးများ ပြန်လည်အခြေစိုက်ရန်အတွက် မြို့လူထုက ၂၀၁၂ ခုနှစ်အတွင်း စတင်လှုပ်ရှားခဲ့သည်။

တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာရုံးများအားလုံး ပြန်လည်ပြောင်းရွှေ့ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၂၀၁၂ ခုနှစ် မေလအတွင်းက ဒေသခံလက်မှတ် နှစ်ထောင်ကျော်ဖြင့် တင်ပြခဲ့သည်။

ထိုမျှဖြင့် မပြီး။ လွှတ်တော်ပိုင်းမှလည်း မေးမြန်းခွင့်ရရှိရန် ကိုယ်စားလှယ်များမှတစ်ဆင့် ကြိုးပမ်းခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်အပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ဒီချုပ်ပါတီက အနိုင်ရရှိခဲ့သဖြင့် စစ်ကိုင်းသူ စစ်ကိုင်းသားတို့အတွက် မျှော်လင့်ရောင်ခြည်က ပို၍လင်းလာခဲ့သည်။

“အဲဒီတုန်းက ကျွန်တော် မေးတယ်ဗျ။ တိုင်းမြို့တော် ပြန်လည်ရွှေ့ပြောင်းပေးဖို့ အစီအစဉ် ရှိ မရှိပေါ့။ လမ်းပန်းဆက်သွယ်ရေးအပြင် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး စတဲ့ အမြင်တွေအရ မုံရွာမြို့က ပိုမိုသင့်လျော်တဲ့အတွက်ကြောင့် စစ်ကိုင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူးလို့ အဲဒီတုန်းက ဝန်ကြီးချုပ် ဦးသာအေးက ဖြေကြားပေးခဲ့တယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း က ပြောသည်။

ထို့ကြောင့်ပင် စစ်ကိုင်းတိုင်းက မြို့တော်အပြောင်းအရွှေ့စာရင်းတွင် ကျန်ရစ်ခဲ့ဟန် ရှိသည်။

သို့သော် စစ်ကိုင်းသည် ခေတ်အဆက်ဆက် တိုင်းမြို့တော်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့်အပြင် တိုင်းအဆင့် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ ယခုအထိရှိနေကြောင်း၊ ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတို့လည်းရှိနေသည့်အတွက် တိုင်းမြို့တော်အဖြစ် အဆင်သင့်ရှိနေသည်ဟု စစ်ကိုင်းမြို့တော်သို့ တိုင်းရုံးများအားလုံး အခြေခံဥပဒေနှင့်အညီ ပြန်လည်ရောက်ရှိရေး ဦးဆောင်ကောင်မတီက ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း သမ္မတထံတင်ပြခြင်း၊ လွှတ်တော်မှတစ်ဆင့် မေးမြန်းခြင်းတို့က မထူးခြားသဖြင့် ၂၀၁၃ ခုနှစ် အတွင်း ထပ်မံကြိုးပမ်းကြပြန်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၀ တွင် နေပြည်တော်ကို နိုင်ငံတော်၏မြို့တော်အဖြစ် ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံတော်အဆင့် ရုံးများအားလုံးကို ရုံးစိုက်စေခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးမြို့တော်များကို ပဲခူးနှင့် တနင်္သာရီတိုင်းတို့တွင် ပြန်လည်ရုံးစိုက်စေခဲ့သော်လည်း စစ်ကိုင်းတိုင်းက ပြန်မရခဲ့ဟု စစ်ကိုင်းမြို့ခံများကို ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်စွဲ၍ သမ္မတထံ စာပို့ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉(က) တွင် တိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ်ခုနစ်ပြည်နယ်တို့သည် အဆင့်အတန်း တူညီသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် အခြားတိုင်းနှင့်ပြည်နယ်များ၏ မြို့တော် ၁၃ ခုနှင့် အဆင့်အတန်းတူညီစွာ စစ်ကိုင်းတိုင်းမြို့တော် စစ်ကိုင်းမြို့တွင် တိုင်းအဆင့်ရုံးများ စိုက်ပေးရမည်ဟု ဒေသခံတို့က ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်းက စစ်ကိုင်းမြို့ ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ က စစ်ကိုင်းမြို့ကို တိုင်းမြို့တော်အဖြစ် ပြန်လည်ရောက်ရှိရန် မေးခွန်းများ မေးမြန်းခဲ့ကြသည်။

ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းမေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် အမိန့်နှင့် ညွှန်ကြားချက်ဖြင့် မုံရွာမြို့ကို စစ်ကိုင်းတိုင်းဒေသကြီး၏ အုပ်ချုပ်ရေးမြို့အဖြစ် ဆုံးဖြတ်ချမှတ်ပြီးဖြစ်ခြင်းကြောင့် တိုင်းဒေသကြီးအဆင့်ရုံးများ စစ်ကိုင်းမြို့သို့ ပြန်လည်ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက စာဖြင့်ဖြေကြားပေးခဲ့သည်။

အမျိုးသားလွှတ်တော်တွင်မူ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ကာ မုံရွာမြို့တွင် နိုင်ငံရေး။ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍအသီးသီး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အားလုံးနှင့် ဆက်သွယ်မှု လွယ်ကူချောမွေ့ခြင်း၊ တိုင်းဒေသကြီး၏ အချက်အချာကျသည့်နေရာတွင် တည်ရှိခြင်း၊ စီမံခန့်ခွဲမှုအရ လျင်မြန်လွယ်ကူစွာ လွှမ်းခြုံနိုင်ရေးတို့အတွက်ကြောင့် မုံရွာမြို့မှ စစ်ကိုင်းမြို့သို့ တိုင်းအုပ်ချုပ်ရေးရုံးများ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားခဲ့သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၇ တွင် တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းချက်ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မပါသည့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမြို့ သတ်မှတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးမြို့တော်ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသဖြင့် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း တိုင်းရုံးများအားလုံး အခြေခံဥပဒေနှင့်အညီ ပြန်လည်ရောက်ရှိရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဦးကြည်စိုးထွန်းက ပြောသည်။

“အခြေခံဥပဒေအရ ပထမဦးစွာ ပေါ်လာတဲ့ ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ စစ်ကိုင်းမြို့မှာ တိုင်းရုံးတွေ ရုံးစိုက်ဖို့ ပျက်ကွက်ခဲ့ပြီး တည်ဆဲအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ချိုးဖောက်ပြီး ခရိုင်မြို့ဖြစ်တဲ့ မုံရွာမှာ ရုံးစိုက်ခဲ့တယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အခြေခံဥပဒေအရ ဒုတိယမြောက်ပေါ်လာသည့် ဒီချုပ်အစိုးရလက်ထက်တွင်လည်း ခရိုင်မြို့ဖြစ်သည့် မုံရွာမြို့တွင်သာ ယနေ့အထိ ရုံးစိုက်လျက်ရှိကာ အခြေခံဥပဒေကို ချိုးဖောက်လျက်ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကိုင်းမြို့သည် တိုင်းအဆင့်ရုံးများ အဆင်သင့်ရှိကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လွယ်ကူသည့် မြို့ဖြစ်သည့်အတွက် တိုင်းမြို့တော်အဖြစ် ပြန်လည်ရရှိသင့်သည်ဟု ပြောဆိုနေသော်လည်း တကယ်တမ်း တိုင်းမြို့တော်အဖြစ် ရောက်ရှိလာလျှင် မည်သည့်အကျိုးကျေးဇူးများ ရှိနိုင်မည်နည်း။

ယင်းအဖြေက အရေးကြီးသည်။

“ဒါက အဓိကကျတယ်။ လက်ရှိအနေအထားတွေအရ မုံရွာမြို့ကလည်း အဆင်ပြေနေတယ်။ စစ်ကိုင်းကိုရောက်လာရင် ဘာတွေအကျိုးများမလဲဆို ပိုပြီးဖွံ့ဖြိုးတိုးတက်လာမယ်လို့ပဲ အကြမ်းဖျင်း ပြောလို့ရမယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ (ဂ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုခု၏အမည်ကို ပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်တွင် နေထိုင်သည့်နိုင်ငံသားများ၏ဆန္ဒခံယူကာ ဥပေဒပြဋ္ဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်နိုင်သည်ဟု ပြောဆိုထားပြီး တိုင်းနှင့် ပြည်နယ်၏ မြို့တော်အပြောင်းအရွှေ့အတွက်မူ တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။

အလားတူ ရန်ကုန်တိုင်း၏ မြို့တော်သည် ရန်ကုန်မြို့ဖြစ်ရမည်၊ မန္တလေးတိုင်း၏ မြို့တော်သည် မန္တလေးမြို့ဖြစ်ရမည်၊ စစ်ကိုင်းတိုင်း၏ မြို့တော်သည် စစ်ကိုင်းမြို့ဖြစ်ရမည် သို့မဟုတ် မုံရွာမြို့ဖြစ်ရမည်ဟု တိတိကျကျ ရေးသားဖော်ပြထားခြင်း မရှိ၊ ပုဒ်မ ၉(ခ) တွင် တိုင်းနှင့်ပြည်နယ်တို့၏ အမည်များကို ရှိရင်းစွဲအတိုင်း ခေါ်ဆိုသုံးနှုန်းသည်ဟုသာ ဆိုထားပြီး တိုင်းနှင့် ပြည်နယ်တို့၏ မြို့တော်သတ်မှတ်ချက် များက မပါရှိပေ။

“ဟုတ်တယ်ဗျ။ ကျွန်တော်တို့က ဥပဒေပညာရှင်မဟုတ်တဲ့အခါကျတော့ တိတိကျကျ မဝေဖန်တတ်ပေမယ့် အဲဒီအချက်မပါတဲ့အခါကျတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲတာလုပ်တဲ့အခါ ဒါမျိုးတွေ ပါသင့်တာပေါ့” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက အကြံပြုသည်။

သမိုင်းအရ စစ်ကိုင်းမြို့သည် တိုင်းမြို့တော်ဖြစ်ခဲ့သော်လည်း အခြေခံဥပဒေရေးဆွဲခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် မုံရွာသည် တိုင်းမြို့တော်ဖြစ်နေခဲ့ပြီး ယင်းအချက်များကို သတိမမူမိခဲ့ခြင်းကြောင်း ယခုကဲ့သို့ ပြဿနာဖြစ်နေရခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသည့် ဆောင်းပါးရှင် မောင်ဉာဏက ပြောသည်။

“နိုင်ငံတော်ရဲ့ မြို့တော်ဟာ နေပြည်တော်လို့ သတ်မှတ်ဖော်ပြခဲ့ပေမယ့် ပြည်နယ်နဲ့ တိုင်းမြို့တော်တွေကိုတော့ သတ်သတ်မှတ်မှတ် မဖော်ပြခဲ့ဘူး။ ဒါက အားနည်းချက်တစ်ခုပေါ့။ အခုက တိုင်းနဲ့ ပြည်နယ်ရဲ့ မြို့တော်တွေ ပြင်ဆင်ချင်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်ဆင်ရမယ့်ကိန်း ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှ ယင်းကိစ္စများကို အရေးတယူဆောင်ရွက်သင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

တိုင်းရုံးများအားလုံး အခြေခံဥပဒေ နှင့်အညီ ပြန်လည်ရောက်ရှိရေး ဦးဆောင် ကော်မတီအနေနှင့် လက်ရှိအစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုအစိုးရထံ တတိယအကြိမ်အထိ စာပေးပို့တင်ပြတောင်းဆိုထားသည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကြယ်ပွင့်မပြ မေးခွန်းတစ်ခုက စက်တင်ဘာလအတွင်းက မေးမြန်းခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်လျှင် စတုတ္ထတန်း ပထဝီဝင်သင်ရိုးညွှန်တမ်း စာမျက်နှာ ၁၃၊ စာ ကြောင်းရေ ၅ တွင် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အား မုံရွာမြို့ဟု မှားယွင်းစွာ ပြဋ္ဌာန်းထားခြင်းကို တည်ဆဲဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉(ခ) နှင့်အညီ စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဟု မှန်ကန်စွာ ပြင်ဆင်သတ်မှတ်ပေးရန်အတွက် မေးမြန်းခဲ့သည်။

ယင်းမေးခွန်း၏ အဖြေကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေဆိုရာတွင် ပြင်ဆင်ပေးရန် မရှိကြောင်း ပြောကြားခဲ့သည်။

၁၉၉၉-၂၀၀၀ ပညာသင်နှစ်တွင် ထွက်ရှိခဲ့သည့် ကျောင်းသုံးစာအုပ်တွင် စစ်ကိုင်းတိုင်းမြို့တော် စစ်ကိုင်းမြို့ဟု ဖော်ပြခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပုံနှိပ်သည့် ကျောင်းသုံးစာအုပ်တွင် မုံရွာမြို့ဟု စတင်ဖော်ပြခဲ့သည်ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာတွင်လည်း မုံရွာမြို့ဟု ဖော်ပြထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉(ခ) တွင် တိုင်းနှင့်ပြည်နယ် အမည်များကို ရှိရင်းစွဲအတိုင်းသာ ခေါ်ဆိုသုံးနှုန်းကြောင်း ဖော်ပြထားပြီး မြို့တော်များအတွက် သတ်မှတ်ဖော်ပြထားခြင်းမရှိဟု ဒုတိယဝန်ကြီးက ဆိုသည်။

“ဒါကြောင့် သင်ရိုးညွှန်းတမ်းမှာ မုံရွာမြို့လို့ မှားယွင်းစွာ ပြဋ္ဌာန်းထားတာ မဟုတ်တဲ့အတွက်လည်းကောင်း၊ လက်ရှိအခြေအနေမှာ စစ်ကိုင်းတိုင်းရဲ့မြို့တော်ကို မုံရွာမြို့လို့ တစ်နိုင်ငံလုံးက အသိအမှတ်ပြုထားခြင်းကြောင့်လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဖော်ပြထားတာမဟုတ်တဲ့အတွက် ပြဋ္ဌာန်းစာအုပ်မှာ ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်းမရှိပါဘူး” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေဆိုခဲ့သည်။

သို့သော် စစ်ကိုင်းဒေသခံတို့၏ မျှော်လင့်ချက်က မကုန်ဆုံးသေးပေ။ ဒုတိယဝန်ကြီး၏ ဖြေဆိုမှုအပေါ် ကန့်ကွက်စာပေးပို့သွားမည့်အပြင် လိုအပ်လျှင် မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်ရန်ပါ စီစဉ်မည်ဟု ဦးကြည်စိုးထွန်းက ပြောသည်။

စစ်ကိုင်းသည် တိုင်းဒေသကြီး၏ အစွန်အဖျားမြို့တစ်ခုဖြစ်ပြီး ခရိုင်အတွင်း အနီးဆုံးမြို့ဖြစ်သည့် မြင်းမူသည် ၃၅ မိုင် ဝေးကြောင်း၊ မြင်းမူသည် မုံရွာမြို့နှင့်လည်း ၃၅ မိုင်ဝေးကာ စစ်ကိုင်းခရိုင်အတွင်းရှိ မြောင်မြို့သည် မုံရွာနှင့် ပိုနီးကြောင်း၊ ပထဝီအနေအထားအရ မုံရွာက စစ်ကိုင်း တိုင်းမြို့တော်အတွက် ပိုသင့်လျော်နေကြောင်း စစ်ကိုင်းမြို့ခံ ဝန်ထမ်းဟောင်း တစ်ဦးက ဆိုသည်။

“လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်တုန်းက တိုင်းရုံးတွေ စစ်ကိုင်းမှာစိုက်တယ်ဆိုပေမယ့် တိုင်းမင်းကြီးက မေမြို့မှာ နေတယ်။ ဒီတော့ ရုံးလုပ်ငန်းတွေလုပ်တဲ့အခါ မေမြို့ကို သွားရတာရှိခဲ့တယ်။ အဲဒီတုန်းက စစ်ကိုင်းက အထက်မြန်မာပြည်ရဲ့ရုံးတွေ အခြေစိုက်တာလေ” ဟု ၎င်းက ပြောသည်။

မုံရွာမြို့ခံတစ်ဦးဖြစ်သည့် ကိုနိုင်စိုးကမူ လက်ရှိခေတ်အခြေအနေအရ တိုင်းမြို့တော်ကို ပြန်လည်ရွှေ့ပြောင်းရန်မှာ ကုန်ကျစရိတ်များပြားနိုင်ပြီး မလွယ်ကူဟု ဆိုသည်။

“တိုင်းမြို့တော် ဖြစ်ခြင်း မဖြစ်ခြင်းထက် ဖွံ့ဖြိုးတိုးတက်မှုတွေရှိဖို့က ပိုအရေးကြီးပါတယ်။ မုံရွာကလည်း သူ့အလှနဲ့သူရှိသလို စစ်ကိုင်းကလည်း သူ့အလှနဲ့သူ ရှိပြီးသားပါ။ ဒါလေးတွေ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်” ဟု မုံရွာဂေဇက်ဂျာနယ် အယ်ဒီတာလည်းဖြစ်သည့် ကိုနိုင်စိုးက ဆိုလေသည်။ 

 

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *