ဥယျာဉ်မှူးများ အလိုရှိသည်

ပေ၂၀ ခန့်အကွာမှကြည့်ပါက မြန်မာနိုင်ငံတော်အလံလွှင့်ထားသော အစိမ်းရောင်ခပ်ဟောင်းဟောင်း နှစ်ထပ်တိုက်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟု ထင်ရသည်။ အနီးကပ်ကြည့်ပါကမူ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမဟုတ်။

သင်္ဘောဆေးအချို့ ပျယ်လွင့်နေသော သွပ်ပြားဆိုင်းဘုတ်က အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းဖြစ်ကြောင်း သက်သေခံနေသည်။ ကျောင်း၏ မြေညီထပ်တွင် သစ်သားကျောက်သင်ပုန်းနှစ်ခုကို ကန့်ထားကာ အတန်းနှစ်တန်းကို စာသင်ကြားနေသည်။

အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမနှစ်ယောက်ဖြင့် ကျောင်းသူကျောင်းသားများကို စာသင်နေရပြီး ဆရာအင်အားမှာ လုံလောက်မှုမရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောပြသည်။

အဆိုပါကျောင်းမှာ မြန်မာနိုင်င်ငံ၏ ဝေးလံခေါင်သီသော နယ်မြို့မှ စာသင်ကျောင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် စီးပွားရေး၊ စက်မှုလုပ်ငန်း အတိုးတက်ဆုံးဖြစ်သော ရန်ကုန်မြို့တော်အတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှ အစိုးရမူလတန်းကျောင်းတစ်ကျောင်း ဖြစ်သည်။

ကျောင်းဆရာဆိုသည်မှာ တပည့်များကို ထူးချွန်ပြီး စာရိတ္တကောင်းသော လူငယ်များဖြစ်ရန် ပျိုးထောင်ရသော ပန်းဥယျာဉ်မှူးများအဖြစ် စာရေးဆရာများက တင်စားခေါ်ဝေါ်ကြသည်။

မြန်မာနိုင်ငံတွင် ထိုသို့ ဥယျာဉ်မှူးမလုံလောက်သည့် အခြေခံပညာကျောင်းပေါင်း မည်မျှရှိနေသနည်း။ ပညာရေးဝန်ကြီးကမူ မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်မီသည့် ပညာရေး (Quality Education) ဖြစ်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

ဆရာ၊ ဆရာမလိုအပ်ချက်ကြီးနေပါက ပညာရေးဝန်ကြီးဌာနက ရည်ရွယ်ထားသော အရည်အသွေးပြည့်မီသည့် ပညာရေးပန်းတိုင်ကို ရောက်နိုင်ပါမည်လောဆိုသည်မှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။

မြို့ပြမှာ ဆရာမလုံလောက်

မင်္ဂလာတောင်ညွန့်မြို့နယ် ကျောင်းလမ်းရှိ အစိုးရမူလတန်းကျောင်းတွင် ဆရာအင်အားလုံလောက်မှုမရှိသောကြောင့် စာသင်ခန်းအချို့တွင် ထိရောက်စွာ အချိန်ပြည့် စာမသင်ကြားနိုင်ကြောင်း အဆိုပါမူလတန်းကျောင်းဘေးရှိ တိုက်တွင်နေထိုင်သူ ဦးမိုးအောင် (အမည်လွှဲ) က ပြောကြားသည်။

ဆရာမများအနေနှင့် အတန်းငြိမ်အောင်ထိန်းရုံသာ တတ်နိုင်ကြောင်း ၎င်းကဆိုသည်။

“အဲဒါကြောင့် ကျောင်းအုပ်ဆရာမကြီးက ကျွန်တော်တို့ကို အကူအညီတောင်းထားတယ်။ ရပ်ကွက်ထဲက အလုပ်လိုချင်တဲ့ ဘွဲ့ရတစ်ယောက်လောက်ကို တတ်နိုင်မယ်ဆိုရင် လခပေးပြီး ကျောင်းဆရာအဖြစ် ခန့်အပ်ပေးဖို့ ပြောထားတယ်” ဟု ဦးမိုးအောင်က ပြောသည်။

ဦးမိုးအောင်မှာ ယင်းကျောင်းတွင် ဆရာအဖြစ်သင်ပေးနိုင်မည့်သူကို ရှာဖွေကာ ကျောင်းဆရာခန့်အပ်နိုင်ရန်ဆောင်ရွက်နေသည့် ရပ်ကွက်လူကြီးတစ်ဦးဖြစ်သည်။

ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ထိရောက်စွာ ပညာသင်ယူနိုင်ရန် ရပ်ကွက်လူကြီးများက ဦးဆောင်၍ ရပ်ကွက်နေပြည်သူများ၏ အလှူငွေထည့်ဝင်မှုဖြင့် လခပေးကာ လုပ်အားပေးဆရာ ခန့်အပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ဦးမိုးအောင်က ပြောဆိုသည်။

ဆရာလိုအပ်ချက် မည်မျှရှိနေပြီး ဆရာလိုအပ်ချက်ကြောင့် အဆိုပါကျောင်းတွင် မည်သည့်အခက်အခဲများ တွေ့နေရသည်ကို ကျောင်းအုပ်ဆရာမကြီးထံ The Voice Journal က သွားရောက်မေးမြန်းခဲ့သော်လည်း မဖြေကြားခဲ့ပေ။

“ဆရာလိုအပ်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အထက်က ခွင့်မပြုဘဲနဲ့တော့ ကျွန်မလည်း မပြောရဲဘူး။ မြို့နယ်ပညာရေးမှူးရုံးကို စာတင်လိုက်ပါ။ အဲဒီက ခွင့်ပြုရင်တော့ ဖြေပါ့မယ်” ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

ပညာသင်ပေးမည့်ဆရာ ရှားပါးနေခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားများ၏ ပညာဆက်လက်သင်ယူရေး အခက်အခဲဖြစ်နေသည်မှာ မြို့ပြရှိ မူလတန်းကျောင်းအချို့တွင်သာ မဟုတ်ဘဲ နယ်မြို့များရှိ မူလတန်းကျောင်းများတွင်လည်း ကြုံတွေ့နေရသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်တွင်လည်း စာသင်မည့်ဆရာများ ရှားပါးနေခြင်းကြောင့် အခြေခံပညာမူလတန်းကျောင်း ၁၃ ကျောင်း ပိတ်ရနိုင်ဖွယ်အခက်အခဲရှိနေသည်ဟု ဆိုလာသူက ယင်းမြို့နေ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလောရုံဖြစ်သည်။

“ကျောင်း ၁၃ ကျောင်း ပိတ်ရနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒါတွေက မြို့နဲ့ လှမ်းတဲ့နေရာတွေမှာပါ။ ရွာတွေမှာပါ။ လောလောဆယ်တော့ ဒေသအခြေအနေနဲ့ပဲ အဆင်ပြေသလိုဖြေရှင်းနေရတဲ့ အနေအထားပါ” ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် အဆိုပါကျောင်းများ၌ ဒေသခံ စေတနာ့ဝန်ထမ်း ဘွဲ့ရလူငယ် ၁၃ ဦးကို နာဂဒေသဦးစီးအဖွဲ့၏ ပံ့ပိုးငွေဖြင့် တစ်လလျှင် ငွေကျပ်တစ်သိန်းထောက်ပံ့ကာ ကျောင်းများမပိတ်ရဘဲ ကျောင်းသားများ ပညာသင်ယူနိုင်ရေးကို ဆောင်ရွက်နေသည်။

လုပ်အားပေးဆရာများကို ရေရှည်ထောက်ပံ့ငွေပေးရန် နာဂဒေသဦးစီးအဖွဲ့တွင်လည်း အခက်အခဲရှိနေပြီး ယင်းအခြေအနေကို ကူညီပေးရန် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းအစိုးရသို့ တင်ပြထားသည်။

“သူတို့ပညာရေးဌာနက တိုးခန့်မယ်လို့တော့ပြောပါတယ်။ ဝန်ကြီးဌာနက ဝန်ထမ်းတွေကို တစ်နိုင်ငံလုံး ခွဲဝေတယ်ဆိုတဲ့အခါကျမှ မျှတအောင်လုပ်ရတာဆိုတော့ ချက်ချင်းလက်ငင်း ရမယ်၊ မရဘူး မသိသေးဘူးပေါ့” ဟု ဦးလောရုံ က မှတ်ချက်ပေးသည်။

လုပ်အားပေးဆရာများသည်လည်း တစ်ယောက်တည်းဖြင့် KG တန်းမှ စတုတ္ထတန်းအထိ သင်ပေးနေရသောကြောင့် တာဝန်နှင့် ဆောင်ရွက်နိုင်စွမ်းမမျှဖြစ်ကာ ပင်ပန်းမှုများရှိနေသည်။

ထို့ကြောင့် အဆိုပါကျောင်းများတွင် ပညာရေးဝန်ကြီးဌာနအနေနှင့် ဆရာများ လုံလောက်စွာ ခန့်ထားပေးစေလိုကြောင်း ဦးလောရုံက ဆိုသည်။

“ပညာရေးဌာနက အခုထိတော့ မခန့်ပေးသေးဘူး။ ဆရာဆရာမ ၁၃ ယောက်က ဝင်ရောက်သင်ပေးနေတာကိုပဲ ကျေးဇူးတင်ရတာပေါ့ဗျာ။ ကျွန်တော်တို့လည်း ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းဖြေရှင်းပေးနေပါတယ်” ဟု ဦးလောရုံကပြောသည်။

ပညာရေးဝန်ကြီးဌာန၏ အချက် အလက်များအရ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်း လေးသောင်းခြောက်ထောင်ကျော်တွင် ဆရာ၊ ဆရာမစုစုပေါင်း သုံးသိန်းခွဲရှိသည်။

အခြေခံပညာတွင် ဆရာ၊ ဆရာမများ လိုအပ်နေသော်လည်း လုံလောက်သည့်ပမာဏကို မခန့်ပေးနိုင်သေးကြောင်း ပညာရေးဝန်ကြီးဌာနကလည်း ပြောဆိုထားသည်။

အခြေခံပညာကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမငါးသောင်းနှင့် အလယ်တန်းပြဆရာ၊ ဆရာမ သုံးသောင်းကျော်၊ အထက်တန်းပြ ဆရာ၊ ဆရာမတစ်သောင်းကျော် စုစုပေါင်း ရှစ်သောင်းကျော် လိုအပ်နေကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

မူလတန်းတွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ ငါးဦးခန့်အပ်ရန် ဖွဲ့စည်းပုံသတ်မှတ်ထားသော်လည်း လိုအပ်သော ဝန်ထမ်းပမာဏအတိုင်း အပြည့်အဝမပေးနိုင်သောကျောင်းများ ရှိနေကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ဝန်ထမ်းလိုအပ်ချက်ရှိသော ကျောင်းများမှာ ကျေးလက်ဒေသရှိ ကျောင်းများဖြစ်ပြီး မြို့ကျောင်းများတွင် ဝန်ထမ်းလိုအပ်ချက် နည်းပါးသည်။

“မြို့ပေါ်ကျောင်းတွေမှာ ဆရာအင်အား မလုံလောက်တာ သိပ်မရှိပါဘူး။ ပိုတောင် ပိုနေသေးတယ်လေ။ နယ်တွေမှာသာ မလုံလောက်တာ။ ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာပဲ ဒီလိုမျိုးရှိတာပါ” ဟု ဦးကိုလေးဝင်းက မှတ်ချက်ပေးသည်။

ဆရာလိုအပ်ချက်ရှိသော ကျောင်းများသို့ ဆရာပိုလျှံနေသော ကျောင်းများမှ ဆရာများကို ပြောင်းရွှေ့ခန့်ထားနိုင်ရန် အခြေခံပညာဦးစီးဌာနအနေနှင့် ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ပညာရေးဖြစ်ရန်အတွက် ပြုပြင်ပြောင်းလဲရန် သင်မည့်ဆရာများကိုယ်တိုင်က အရည်အချင်းရှိရမည်ဖြစ်သကဲ့သို့ ဆရာအင်အားလုံလောက်စွာ ခန့်ထားရန်မှာလည်း အရေးကြီးသည်ဟု ဆိုလာသူများလည်းရှိသည်။

“Quality Education ဖြစ်အောင် လုပ်မယ်ဆိုရင် ဆရာအင်အားလည်း လုံလောက်ရမယ်။ ဆရာတွေကလည်း အရည်အသွေးရှိရမယ်ဗျ။ ဒါမှသာ ကျောင်းသားက အရည်အသွေးမီတဲ့ ပညာရေးကိုရမှာပဲ” ဟု ဆရာအတတ်ပညာလေ့ကျင့်သင်ကြားရေးတာဝန်ခံလည်းဖြစ်၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။

“ဆရာတွေ မနိုင်မနင်းနဲ့ သင်နေရရင် ဘယ်လိုလုပ် အဆင်ပြေမှာလဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကျောင်းများကို မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်းသို့ နှစ်စဉ် အဆင့်တိုးမြှင့်လိုက်သောကြောင့် ဆရာများတိုးခန့်ရန် လိုအပ်လာကြောင်း၎င်းကဆိုသည်။

ထို့ပြင် အခြေခံပညာကဏ္ဍတွင် နှစ်စဉ် ဆရာများ ပြုန်းတီးကုန်သောကြောင့် ဆရာလိုအပ်ချက်မြင့်မားလာခြင်းဖြစ်ကြောင်းလည်း ဒေါက်တာအောင်အောင်မင်းက ပြောပြသည်။

အငြိမ်းစားယူမှုများနှင့် အလုပ်ထွက်မှုများကြောင့် ပြုန်းတီးသွားသည့် ဆရာအင်အားမှာ တစ်နှစ်လျှင် ပျမ်းမျှ ၈၀၀၀ ဦး ရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

“မူလတန်းပြကနေ အလယ်တန်းပြဖြစ်ရင်လည်း မူလတန်းမှာ ပြုန်းတီးသွားတာပဲ။ ကျောင်းတိုးတာတွေလည်းရှိတယ်။ မူလတန်းကနေ အလယ်တန်းကျောင်းကို တိုးတယ်။ အလယ်တန်းကနေ အထက်တန်းကိုတိုးတယ်။ အဲဒီမှာ ရာထူးလစ်လပ်နေရာတွေက အများကြီးပေါ်လာတယ်” ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။

လိုအပ်နေသော ဆရာလိုအပ်ချက်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၅ ကျောင်းမှ မူလတန်းပြ ဆရာ၊ ဆရာမများ တစ်နှစ်လျှင် တစ်သောင်းကျော် မွေးထုတ်ပေးနေသော်လည်း လုံလောက်မှု မရှိသေးပေ။

ကျောင်းများကို နှစ်စဉ် အဆင့်တိုးမြှင့်ကာ တည်ဆောက်နေရသည်မှာလည်း ပြဋ္ဌာန်းထားသော ပညာရေးမူဝါဒကြောင့်ဖြစ်ပြီး ကျောင်းများကို အဆင့်မမြှင့်ပါက ကျောင်းထွက်နှုန်းများ မြင့်မားလာနိုင်သည်ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။

“ကလေးက မူလတန်းရှိတယ်။ အဲဒါပြီးရင် သူက တက်စရာမရှိတော့ လေး၊ ငါး၊ ဆယ်မိုင်ဝေးတဲ့ရွာတွေ သွားတက်နေရမယ်။ အဲဒီတော့ ကျောင်းထွက်လိုက်ရတယ်။ သူ့ရွာမှာတင်ရှိရင်တော့ သူ့မိဘက သူ့ကို ကျောင်းဆက်ထားမှာလေ။ ဒါကြောင့် ကျောင်းတွေကို အဆင့် တိုးပေးနေရတယ်” ဟု ၎င်းကဆိုသည်။

ကျောင်းများကို အဆင့်တိုးမြှင့်လိုက်ပါက ကျောင်း၏ ဖွဲ့စည်းပုံ ကြီးမားသွားပြီး ဆရာလိုအပ်ချက်လည်း ပိုမိုမြင့်မားလာကြောင်း ဒေါက်တာ အောင်အောင်မင်းက ပြောပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် ဆရာတစ်ဦးလျှင် ကျောင်းသား ၂၀ ခန့်ကို သင်ကြားပေးနေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

သို့သော် တစ်ကျောင်းချင်းစီ လေ့လာကြည့်မည်ဆိုပါက ဆရာနှင့် ကျောင်းသားအချိုး မမျှတသော အခြေခံပညာကျောင်းများရှိနေကြောင်း ပဲခူးတိုင်း က၀မြို့နယ်မှ အလယ်တန်းကျောင်းအုပ်ဆရာဖြစ်သူ ဦးအောင်ကျော်သူက ပြောပြသည်။

ဦးအောင်ကျော်သူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။

“အင်အားမမျှတတဲ့ ကျောင်းတွေ ရှိတာပေါ့။ မြို့ကျောင်းတွေဆိုရင်တော့ ဆရာတွေက များတယ်။ ကျောင်းသားက သိပ်မရှိဘူး။ နယ်ကျောင်းတွေက ဆရာနည်းတယ်။ ကျောင်းသားများတယ်ပေါ့။ ကျေးလက်မှာတော့ ဆရာအင်အား မမျှတတာ များတာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းများတွင် ဆရာတစ်ယောက်လျှင် ကျောင်းသား ၅၀ ဦးမှ ၆၀ ဦးအထိ သင်ကြားပေးရမှုများ ရှိနေကြောင်း ဦးအောင်ကျော်သူက ပြောကြားသည်။

ဆရာအင်အားမလုံလောက်သော ကျောင်းများရှိ ဆရာ၊ ဆရာမများသည် လိုအပ်ချက်ရှိသောအတန်းကို ကလေးပညာဆက်လက်သင်ယူနိုင်ရေးသည်သာ အဓိကသဘောဖြင့် ဝင်ရောက်သင်ကြားပေးနေရသည်။

ယင်းသို့သင်ကြားမှုကြောင့် ကျောင်းသားကို သက်ဆိုင်ရာဘာသာရပ်အလိုက် ထိရောက်သောပညာရပ်အသိ မပေးနိုင်မှု အကျိုးဆက်များလည်း ရှိနေသည်။

“တခြားဘာသာရပ်တွေ ဝင်သင်ရရင်တော့ Quality ဖြစ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့။ Quality မဖြစ်တဲ့ဆရာသင်ရင်တော့ တပည့်က Quality မဖြစ်နိုင်တော့ဘူးပေါ့ဗျာ။ အဲဒါက သူ့ဘာသာနဲ့သူ မဖြည့်ပေးနိုင်တဲ့ ပြဿနာပေါ့” ဟု ဦးအောင်ကျော်သူက မှတ်ချက်ပြုသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်အလွန်တွင် ဆရာ၊ ဆရာမ လိုအပ်ချက် ပိုမိုမြင့်မားလာဖွယ်ရှိနေသည်။ ယခင်က စာသင်နှစ် ၁၁ နှစ်သာ ရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရလာချိန်မှစတင်ကာ အခြေခံပညာရေးတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်။

အခြေခံပညာဦးစီးဌာနက အခြေခံပညာကဏ္ဍ၌ KG တန်းမှ ၁၂ တန်းအထိ စာသင်နှစ်တိုးချဲ့မှုအပါအဝင် သင်ရိုးညွှန်းတမ်းအသစ်များ အစားထိုးသင်ကြားနိုင်ရန် ကြိုးပမ်းနေသည်။ KG+12 ပညာရေးစနစ်သစ် ပြောင်းလဲမှုကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ယင်းသို့ စာသင်နှစ် တစ်နှစ်တိုးချဲ့လိုက်ပါက အခြေခံပညာကဏ္ဍအတွက် ဆရာ၊ ဆရာမ လိုအပ်ချက် ပိုမိုမြင့်တက်လာမည်ဖြစ်သည်။

ဆရာ၊ ဆရာမလိုအပ်ချက်အတွက် အထက်တန်းအောင်မြင်သူများ ဆရာ၊ ဆရာမအဖြစ် လျှောက်နိုင်ရန် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းများကို တိုးဖွင့်နိုင်ရေး ကြိုးပမ်းနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအချို့က ပြောဆိုသည်။

“ကျွန်တော်တို့လည်း လုပ်တော့ လုပ်နေတာပဲ။ တိုင်းပြည်ရဲ့အနေအထားနဲ့ ပညာရေးက ဖြည်းဖြည်းရွေ့ရွေ့သွားရမှာပဲ။ တိုင်းပြည်ကလည်း ဆင်းရဲတာကိုးဗျ။ ပိုက်ဆံမရှိရင်ကလည်း အဆောင်တွေ ထပ်ဆောက်ဖို့ကအစ ကျွန်တော်တို့မှာ အခက်အခဲတွေရှိတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။

ထို့ကြောင့် ထူးချွန်သောကလေးများ တစ်နည်း ဖူးပွင့်ပြီးလှပသော ပန်းကလေးများဖြစ်လာရေး ပြုစုပျိုးထောင်ပေးရန် ဥယျာဉ်မှူး ဆရာ၊ ဆရာမများ အလိုရှိနေသည်။ 

 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *