သေးငယ်ကျစ်လျစ်သော ဝန်ကြီးအဖွဲ့ (Small Cabinet) မူက မြန်မာမှာ ဘာကြောင့်အလုပ်မဖြစ်သလဲ

ပုံ ၁ - မြန်မာနိုင်ငံတွင် ၁၉၄၈ နောက်ပိုင်း တာဝန်ယူခဲ့တဲ့ အစိုးရများ၏ ဝန်ကြီးဌာနဖွဲ့စည်းပုံ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ‘သေးငယ်ကျစ်လျစ်သော ဝန်ကြီးအဖွဲ့’ (Small Cabinet) မူဟာ မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်ခဲ့ဟန်မတူပါဘူး။ သုံးနှစ်အတွင်းမှာပဲ မူလဖွဲ့စည်းစဉ်ကနဲ့မတူတော့ဘဲ ပုံစံတွေပြောင်း၊ ဝန်ကြီးဌာနတွေ ထပ်တိုး၊ ဒုတိယဝန်ကြီးတွေကိုလည်း ခန့်အပ်လာရပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းပုံတွေကို လေ့လာမယ်ဆိုရင် Small Cabinet ဆိုတာက ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်ထဲက စခဲ့တာပါ။ ဖဆပလအပါအဝင် ကျန်တဲ့အစိုးရတွေက ကနဦးမှာ ဝန်ကြီးဌာနအနည်းငယ်၊ ဝန်ကြီးအနည်းငယ်ဖြင့် ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝန်ကြီးဌာနတွေ အများအပြားတိုးချဲ့ခဲ့သလို၊ ဦးဆောင်မယ့်ဝန်ကြီးတွေကိုလည်း ထပ်တိုး ခန့်အပ်လေ့ရှိပါတယ်။

NLD အစိုးရကတော့ အစောပိုင်းမှာ Small Cabinet မူကို ကျင့်သုံးခဲ့ပြီး အစိုးရသက်တမ်း ၂ နှစ်ခွဲကျော်ကြာမြင့်လာချိန်မှာ ဝန်ကြီးဌာနတွေ ထပ်တိုးဖွဲ့စည်းလာတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ OECD နိုင်ငံတွေနဲ့ ဥရောပနိုင်ငံအများစုမှာ မူဝါဒချမှတ်တဲ့အခါ ဝန်ကြီးအဖွဲ့အတွင်း သဘော ထားကွဲမှုမရှိဘဲ အစိုးရအဖွဲ့အတွင်း တစ်သံတည်းထွက်စေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းဖို့အတွက် ဝန်ကြီးဌာနနည်းနည်း၊ ဝန်ကြီးဦးရေ နည်းနည်းနဲ့ဖွဲ့စည်းတဲ့ Small Cabinet မူကို ကျင့်သုံးတာ တွေ့ရပါတယ်။၁ ဝန်ကြီးတွေမှာလည်း ဆုံးဖြတ်ပိုင်ခွင့် အတော်အသင့်ရှိကြပါတယ်။ ကိစ္စအများစုဟာ သမ္မတ၊ ဝန်ကြီးချုပ်အဆင့်အထိ မရောက်တော့ဘဲ ဝန်ကြီးတွေကပဲ ဖြေရှင်းပြီးဆုံးဖြတ်ချက်ချပေးလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံက အစိုးရခေါင်းဆောင်ကြီးတွေဟာ အစိုးရအဖွဲ့ရဲ့ နိစ္စဓူဝကိစ္စတွေမှာ ဝင်ပါနေစရာမလိုတော့ဘဲ ကြီးမားပြီး အရေးကြီးတဲ့ ကိစ္စတွေအပေါ်မှာသာ အချိန်ပေးစဉ်းစားဖို့ ဖြစ်လာပါတယ်။ ဒါကြောင့် အစိုးရအတွက်လည်း (ဝန်ကြီးတစ်ဦးချင်းစီအတွက်သာမက ဝန်ကြီးဌာန အသုံးစရိတ်များတွင်ပါ) ဘဏ္ဍာငွေ အလေအလွင့် လျော့နည်းစေခဲ့သလို မူဝါဒတွေချမှတ်လုပ်ဆောင်ရာမှာလည်း လူနည်းနည်းနဲ့ ထိရောက်တဲ့လုပ်ဆောင်မှုတွေ အကောင်အထည် ပေါ်ခဲ့ပါတယ်။

ဒီလို အသုံးဝင်လှတဲ့ Small Cabinet မူက မြန်မာနိုင်ငံမှာ ဘာကြောင့်အလုပ်မဖြစ်သလဲဆိုတာ စူးစမ်းသင့်တဲ့ကိစ္စ ဖြစ်လာပါတယ်။ အရေးကြီးဆုံး အချက်နှစ်ခုကြောင့် မြန်မာနိုင်ငံမှာ Small Cabinet မူ အလုပ်မဖြစ်နိုင်ခြင်းဖြစ်ကြောင်း အခုဆောင်းပါးမှာ ဖော်ပြပါမယ်။

၁။ တစ်ပြည်ထောင်စနစ် သမိုင်းနောက်ခံ

Small Cabinet မူ အလုပ်မဖြစ်ခဲ့တဲ့အကြောင်းထဲမှာ အရေးကြီးဆုံးအချက်တစ်ခုက တစ်ပြည်ထောင်စနစ်အပေါ် မူတည်ထားခဲ့တဲ့ အစိုးရယန္တရားကြောင့်လို့ သုံးသပ်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက တစ်ပြည်ထောင်စနစ်ပုံစံမျိုးသွားခဲ့တာပါ။ အစိုးရလည်ပတ်ပုံက ဗဟိုဝန်ကြီးဌာနတွေကို အားပြုထားပါတယ်။ ဗဟိုက အကုန်လုပ်ဆောင်တဲ့အတွက် ဗဟိုရဲ့ ဝန်ကြီးဌာနတွေ အလုပ်များပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတွေ ပေါ်ပေါက်လာတယ်ဆိုပေမယ့် ဒီလို ပေါ်ပေါက်ခြင်းဟာ သက်တမ်းအားဖြင့် ခုနစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့်ပေး၊ တာဝန်ယူခိုင်းပြီး ဗဟိုချုပ်ကိုင်မှုကို နိုင်ငံရေးနှင့် စီးပွားအရတင်မက စီမံခန့်ခွဲမှုအရပါ လျှော့ချဖို့ ကြိုးစားနေကြရဆဲကာလ ဖြစ်ပါတယ်။ ဘတ်ဂျက်ခွဲဝေမှုကို ကြည့်မယ်ဆိုရင်လည်း ပြည်ထောင်စုအစိုးရအတွက် လျာထားချက်က ၈၉ ရာခိုင်နှုန်းရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတွေကတော့ ၁၁ ရာခိုင်နှုန်း နီးပါးပဲ ရပါသေးတယ်။ ဒီတော့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပေမယ့် လုပ်ငန်းတော်တော်များများဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနတွေလက်ထဲမှာပဲ ရှိပါသေးတယ်။

NLD အစိုးရစတင်ဖွဲ့စည်းချိန်မှာ ဝန်ကြီးအဖွဲ့ ဖွဲ့ဖို့အတွက် စဉ်းစားချက်က အစိုးရအသုံးစရိတ်လျှော့ချလိုခြင်းအပေါ် မူတည်ခဲ့ပုံရပါ တယ်။ ဝန်ကြီးဌာနတွေများရင် ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေအတွက် လခ၊ အဆောင်အယောင်တွေ ပိုပေးရတာကြောင့် ပြည်သူ့ဘဏ္ဍာငွေပို သုံးရပါတယ်။ ဒါကြောင့်ပဲ အစိုးရဝန်ကြီးအဖွဲ့ကို ဖွဲ့တဲ့အခါ အကျစ်လျစ်ဆုံး ဖွဲ့ခဲ့ပါတယ်။ အရင် USDP အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၆ ခု၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးစီနဲ့ ဒုတိယဝန်ကြီး ၅၆ ဦး စုစုပေါင်း ၉၂ ဦး ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ NLD အစိုးရ တာဝန်ယူတဲ့အခါ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၂၁ ခု၊ ဝန်ကြီး ၁၈ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့ သတိပြုစရာတစ်ခုက အစိုးရသစ်ဟာ တစ်ပြည်ထောင်စနစ်ရဲ့ ယန္တရားအဟောင်းကို ဆက်ခံရတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေက နဂိုအတိုင်းရှိနေတာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကြိုးနီစနစ်ကလည်း သိပ်ပြီး ပြောင်းလဲမှုမရှိခဲ့ပါဘူး။ ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ လုပ်ထုံးလုပ်နည်းတွေ လေ့လာဖို့ အချိန်မရခဲ့ပါဘူး။ ဒါ့အပြင် ဝန်ကြီးဌာနတွေ ပေါင်းလိုက်တဲ့အတွက် အရင်ဝန်ကြီးနှစ်ဦး သုံးဦး လုပ်ရမယ့်တာဝန်ကို တစ်ဦးတည်းက သိမ်းကျုံးလုပ်ခဲ့ရပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနတွေရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်ဟာ ထိရောက်မှုနည်းခဲ့ပါတယ်။ စီးပွားရေးတွက်ခြေကိုက်မှုအရကြည့်ရင် Small Cabinet မူက ပြည်သူ့ဘဏ္ဍာငွေကုန်ကျမှုနည်းတာမှန်ပေမယ့် နိုင်ငံရေးသမိုင်းနောက်ခံနဲ့ အလုပ်ဖြစ်နိုင်ခြေဘက်ကကြည့်ရင် Opportunity Cost လို့ ခေါ်တဲ့ အခွင့်အလမ်း ဆုံးရှုံးမှုကြီးခဲ့ပါတယ်။ ဥပမာ – ဝန်ကြီးတစ်ဦးက သာမန်လုပ်ထုံးလုပ်နည်းအတွက် လက်မှတ်ထိုးရင်း အချိန်ကုန်နေရမယ်ဆိုရင် တခြားပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေကို တွေးတောကြံဆချိန် နည်းပါးသွားရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပြည်ထောင်စနစ်ရဲ့ ယန္တရားကို သိသိသာသာ ပြောင်းလဲနိုင်ခြင်းမရှိသေးတဲ့အချိန်မျိုးမှာ ချက်ချင်းဆိုသလို Small Cabinet မူက အလုပ်မဖြစ်ခဲ့တာ ဖြစ်ပါတယ်။

၂။ ၊ခေါင်းဆောင်ကြီး တစ်ဦးဦးအပေါ် မှီခိုမှုကြီးမားခြင်း

မြန်မာ့နိုင်ငံရေးအရ ခေတ်အဆက်ဆက်မှာ အစိုးရယန္တရားဟာ ခေါင်းဆောင်ကြီးများရဲ့ သဘောထားပေါ်သာ မူတည်ပြီး မူဝါဒအပေါ် အခြေခံတာ နည်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်း အစိုးရလက်ထက်ကစပြီး အုပ်ချုပ်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စတဲ့ ခေါင်းဆောင်ကြီးများရဲ့ အဆုံးအဖြတ်များသာ အဓိကဖြစ်တာကြောင့် လူအပေါ်မူတည်ပြီး မူဝါဒကို တည်ဆောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က ဝန်ကြီးအဖွဲ့ကို တော်လှန်ရေးကောင်စီမှာပါဝင်တဲ့ ဝန်ကြီးရှစ်ဦးနဲ့ ဝန်ကြီးဌာန ၁၈ ခုကို အုပ်ချုပ်ဖို့ ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် အရေးကြီးလွန်းလှတဲ့ နေရာလေးနေရာကိုကိုင်ပြီး ဝန်ကြီးတစ်ဦးကို ဝန်ကြီးဌာန နှစ်ခု၊ သုံးခုထက်ပိုပြီး တာဝန်ယူစေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ Small Cabinet ဟာ ဗဟိုချုပ်ကိုင်မှုကြီးတဲ့ အစိုးရယန္တရားဖြစ်ခဲ့ရတယ်။ ကိစ္စတော်တော်များများဟာ ခေါင်းဆောင်ကြီးဆုံးဖြတ်မှ ပြီးပြတ်ပါတယ်။ အဲဒီတုန်းက အုပ်ချုပ်မှုယန္တရားဟာ အာဏာစက်နဲ့ အုပ်ချုပ်တာဖြစ်ပါတယ်။ အစိုးရအမှုထမ်း၊ တပ်မတော်နဲ့ ပါတီဝင်တော်တော်များများဟာ ဗိုလ်ချုပ်ကြီးနေဝင်းကို ကျော်ပြီးလုပ်ရဲသူလည်းမရှိပါဘူး။ လုပ်ခဲ့ရင်လည်း လားရာမကောင်းနိုင်ပါဘူး။

ဒီဘက်ခေတ် အသွင်ကူးပြောင်းရေးကာလမှာ NLD အစိုးရဟာ ပြည်သူက ရွေးကောက်တဲ့ဒီမိုကရေစီ နိုင်ငံရေးဩဇာနဲ့ အုပ်ချုပ်တာဖြစ် တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒီမိုကရေစီလိုလားသူတွေက ကိုယ့်မဲဆန္ဒနယ်မှာရှိတဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တာက ပါတီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာကြောင့် ပိုများပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နိုင်ငံရေးဩဇာသက်ရောက်မှုဟာ လွှတ်တော်ရော၊ အစိုးရယန္တရားပေါ်မှာပါ အလွန်ကြီးမားပါတယ်။ စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန်းရာမှာ အရေးကြီးတဲ့နေရာတော်တော်များများမှာ အတိုင်ပင်ခံပါမှ ရပါတယ်။ အစိုးရ-လွှတ်တော် ညှိနှိုင်းရတာမျိုး၊ ဝန်ကြီးအချင်းချင်း ညှိနှိုင်းမှုလုပ်ရမယ့်အခါမျိုးမှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထောက်ခံမှုရရှိမှ ပိုမိုလွယ်ကူစေပါတယ်။ ဒီ့အတွက် ခေါင်းဆောင်ကြီးက နေရာတကာပါမှရတဲ့ အနေအထားကို ပြန်ရောက်သွားပါတယ်။ ဒါ့ကြောင့် ခေတ်သစ် Small Cabinet မူဟာ ရည်ရွယ်ချက်ကောင်းပေမယ့် ခေါင်းဆောင်ကြီးများအပေါ် မှီခိုမှုကြီးလွန်းတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဝန်ကြီးအဖွဲ့မှာ လူနည်းနည်းနဲ့၊ အလုပ်တွင်ဖို့ အလုပ်ဖြစ်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဖြစ်တန်ခြေများ

၁၉၆၂ ခုနှစ်ကရှိခဲ့တဲ့ ဝန်ကြီးဌာနများဟာ ဒီနေ့ခေတ်အစိုးရစနစ်၊ နည်းပညာလိုအပ်ချက်ချက်တွေနဲ့ ကိုက်ညီမှုမရှိနိုင်တော့ပါဘူး။ အရင်က ဆိုရှယ်လစ်စနစ်ကို အခြေခံခဲ့ပြီး အစိုးရရဲ့ ထုတ်ကုန်နဲ့ ဖြန့်ဖြူးမှုကိုသာ ဦးစားပေးခဲ့ပေမယ့် ဒီနေ့ခေတ်မှာ နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဖို့ လိုအပ်လာပါပြီ။ (ပုံ ၂ – ၁၉၆၂ နှင့် ၂၀၁၈ ခုနှစ် ဝန်ကြီးဌာနများ နှိုင်းယှဉ်ချက်)။

ပုံ ၂ – ၁၉၆၂ နှင့် ၂၀၁၈ ခုနှစ် ဝန်ကြီးဌာနများ နှိုင်းယှဉ်ချက် 

ဒါ့ကြောင့် ပညာရပ်ပိုင်းဆိုင်ရာ သုတေသီများပြောကြသလို သေးငယ်တဲ့ဝန်ကြီးအဖွဲ့မှ ပိုကောင်းတယ် (small is better) ဆိုတာ အမြဲမဟုတ်သလို အစိုးရဆိုတာ အမြဲကြီးထွားနေတာပဲ (government  continues to grow) ဆိုတဲ့ အယူအဆဟာလည်း အလုံးစုံ မမှန်နိုင်ပါဘူး။၃

အစိုးရအဖွဲ့ တိုးချဲ့ ဖွဲ့စည်းတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် ကိုက်ညီပါတယ်။ ဒါပေမဲ့ အစိုးရယန္တရား ပိုမိုထိရောက်မြန်ဆန်အောင်ဆောင်ရွက်ရာမှာ ရှိရင်းစွဲဌာနတွေကို ဘယ်လိုထိထိရောက်ရောက် အသုံးပြုမလဲ၊ ဘယ်ဌာနတွေ ထပ်တိုးမလဲဆိုတာကို စနစ်တကျစီမံဖို့ လိုပါတယ်။ စီးပွားရေးတိုးတက်အောင် စီးပွားရေးရာဝန်ကြီးဌာနများကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖွဲ့စည်းနေတာကလည်း အစိုးရယန္တယား ပိုမိုလည်ပတ်နိုင်ရေးအတွက် အဖြေမဟုတ်ပါဘူး။ လူပိုများလာလို့ စီးပွားရေးမူဝါဒမှာ ဝန်ကြီးအဖွဲ့အတွင်း တစ်သံတည်းထွက်ဖို့ ပိုခက်ခဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ပိုမိုမြန်ဆန်ထိရောက်တဲ့ အစိုးရယန္တရားဖြစ်စေဖို့ အောက်ပါ အချက်နှစ်ချက်ဖြင့် အကြံပြုလိုပါတယ်။

၁။ ညှိနှိုင်းရေးဝန်ကြီးများ ခန့်ထားရေးနှင့် အစိုးရကော်မတီများ လည်ပတ်ရေး

ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် ဝန်ကြီးဌာနတွေကို အချင်းချင်းပေါင်းစပ်ပေးဖို့ Coordination Minister လို့ခေါ်တဲ့ ညှိနှိုင်းရေးဝန်ကြီးတွေ ရှိသင့်ပါတယ်။ ဥပမာ- စီးပွားရေးအတွက်ဆို စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ အခု အသစ် ဖွဲ့လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေကို ပေါင်းစပ်ပြီးတော့ ချိတ်ဆက်ပေးမယ့် ဝန်ကြီးတစ်ဦး ရှိသင့်ပါတယ်။ ထို့အတူ ပညာရေး၊ ကျန်းမာရေးစတဲ့ ဌာနမျိုးများကို ချိတ်ဆက်ပေးမယ့် ဝန်ကြီးမျိုးလည်း လိုအပ်ပါတယ်။ လက်ရှိစနစ်အရ ဆိုရင် အစိုးရအဖွဲ့ ကော်မတီ ငါးခုရှိပါတယ်။ ဆုံးဖြတ်ချက်တွေကို ခေါင်းဆောင်ကြီးများ (သမ္မတ၊ အတိုင်ပင်ခံ) ထံမရောက်မီ ကြိုတင်ဆုံးဖြတ်တန်သလောက် ဆုံးဖြတ်ချက်ချပေးနိုင်ဖို့၊၊ ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့ ဒီကော်မတီတွေ အခုထက်ပိုပြီး ပုံမှန်လည်ပတ်ဖို့ လိုအပ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဝန်ကြီးအဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ဆက်စပ်စဉ်းစားနိုင်ပါတယ်။ အနာဂတ်မှာ ဖယ်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ကြိုးစားနေကြသလို၊ ရှိရင်းဖြစ်နေဆဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာပါဝင်တဲ့ ဖယ်ဒရယ် လက္ခဏာများကို မြှင့်တင်ကျင့်သုံးနိုင်ဖို့လည်း လိုပါတယ်။ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု မပေါ်ခင် ကြားကာလ မှာ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြည်နယ်၊ တိုင်းအစိုးရများကို လုပ်ပိုင်ခွင့်နှင့် တာဝန်များ ပိုမိုခွဲဝေပေးထားနိုင်ပါတယ်။

ဒီလိုဆိုရင် ပြည်နယ်နှင့်တိုင်းအစိုးရများကို ဖယ်ဒရယ်စနစ်လည်ပတ်ပုံအတွက် လေ့ကျင့်ပေးရာရောက်သလို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနများရဲ့ဝန်လည်း လျော့ကျသွားနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးအဖွဲ့မှာ လုပ်ငန်းပိုမိုတွင်ကျယ်လာနိုင်ပါတယ်။

၂။ လူပုဂ္ဂိုလ်ဦးစားပေးမှုမှသည် မူဝါဒကိုဦးတည်သော အစိုးရယန္တရားသို့

လူနည်းနည်းနဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ အစိုးရဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများဟာ ကိုယ်ဘယ်လမ်းကြောင်းကို သွားနေတာလဲ၊ အောင်မြင်ဖို့ ဘာတွေလိုမလဲ၊ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ဖို့ ဘာဆက်လုပ်ရမလဲဆိုတာသိဖို့ ခိုင်မာတဲ့မူဝါဒများ လိုပါတယ်။ သက်ဆိုင်ရာနယ်ပယ်မှာ လိုက်နာကျင့်သုံးရမယ့် မူဝါဒတွေရှိမယ်၊ ကိုးကားရမယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေအတိုင်း ကျင့်သုံးနိုင်ရင် ခေါင်းဆောင်ကြီးများကိုယ်တိုင် နိစ္စဓူဝကိစ္စများကို ပါဝင်နေစရာ မလိုတော့ပါဘူး။ တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုဝန်ကြီးတစ်ဦးချင်းစီဟာ ပိုမိုမဟာဗျူဟာကျတဲ့ကိစ္စတွေကို စဉ်းစားဖို့ အချိန်ရလာပါမယ်။ ပြည်ထောင်စုအစိုးရဝန်ကြီးအဖွဲ့ဟာ လူနည်းသော်လည်း လုပ်ငန်းပိုင်းဆိုင်ရာကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ ထိပ်သီးခေါင်းဆောင်ကြီးများထိ တင်ပြစရာမလိုဘဲ ဝန်ကြီးအဖွဲ့အတွင်း ချမှတ်ထားတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ၊ မူဝါဒများအရ ရှေ့ဆက်လုပ်သွားနိုင်တာကြောင့် အလုပ်တွင်နိုင်ပါတယ်။

 

ဒေါက်တာ ဆုမွန်သဇင်အောင် (ISP Myanmar)

ကိုးကား

၁ Thijs, N., Hammerschmid, G., & Palaric, E. (2018). A Comparative Overview of Public Administration Characteristics and Performance in EU28. Luxembourg: Publications Office of the European Union.
၂ ဟံသာဝတီ သတင်းစာ၊ ၃ မတ် ၁၉၆၂။
၃Lewis, J. P. (2015). A Consideration of Cabinet Size. Canadian parliamentary review, 15.

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *