ဓာတ်ပုံ - မိုးကျော်လွင်

မကြာခင်ရိုက်ကူးမယ့် ကျားနှင့် ဆင် ဇာတ်ကားလက်ခံဖြစ်ပုံ၊ ဇာတ်ကားလက်ခံမှုပုံစံတွေ၊ ကာရိုက်တာအတွက် ပြင်ဆင်မှုအပိုင်းတွေနဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေကို သရုပ်ဆောင်အေးမြတ်သူကို မေးမြန်းထားတာဖြစ်ပါတယ်။

“ဇာတ်ကားများဖို့ထက် ဒီဇာတ်ကားထဲမှာ လုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲဆိုတာ  ရွေးချယ်ပါတယ်။ ကားများစရာ မလိုတော့ဘူး။ ထွက်တဲ့ကားတစ်ကားမှာ ၃ ဆင်းန်လောက်ပဲပါပါ ပါတဲ့ကာရိုက်တာ အပေါ်လုပ်ပြနိုင်ခွင့်အပြည့်ရှိတဲ့ ကာရိုက်တာမျိုးတွေဆို လက်ခံပါတယ်”

Voice : ဒီဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံရိုက်ကူးဖြစ်တာလဲ။

AMT   : R Square ထုတ်လုပ်ရေးကရှေ့မှာလည်း တကယ်ကောင်းတဲ့ကားတွေ ရိုက်ကူးခဲ့တယ်။ တချို့ကားတွေဆိုရင် အေးမြတ်သူ ကြည့်ချင်တဲ့ကားတွေပါတယ်။ အခုဒီကားမှာတော့ မင်းသမီးက ရွှေသမီးပါမယ်။ လုပ်ကွက်တွေက သူ့နေရာ ကိုယ့်နေရာ အကုန်လုံးမျှပြီး ပေးတာဆိုတော့ စိတ်ချလက်ချနဲ့ လက်ခံလိုက်တာပါ။

Voice : ကာရိုက်တာက ဘယ်လိုမျိုး ပါဝင်ထားလဲ။

AMT  : ကာရိုက်တာတော့ မပြောချင်ဘူး။ဇာတ်ကောင်လေးကို နည်းနည်းလေး ဖွက်ထားချင်လို့။ ဒီဇာတ်ကားကို အကောင်းဆုံး ရိုက်ကူးသွားမှာပါ။ ဇာတ်ကားတစ်ကားလာပြီဆိုရင် အေးမြတ်သူက ငါ ဘယ်လောက်အထိ အလှပြလို့ ရမလဲ။ အိုက်တင် ဘယ်လောက်ထိပြလို့ရမလဲ။ အိုက်တင်ပြရင် အလှပြလို့ မရဘူး။ အလှပြရင် အိုက်တင် မပါဘူး။ အဲဒီနှစ်ခုကို သေချာလေးခွဲပြီးတော့မှ ပြင်ဆင်ပါတယ်။

Voice : ဇာတ်ကားလက်ခံမှု ပုံစံတွေက ဘယ်လိုအချက်တွေကြည့်ပြီး လက်ခံဖြစ်လဲ။

AMT   : အရင်တုန်းကတော့ အားနာမှုတွေ၊ အလုပ်များရင် ပြီးရော အဲဒါက ၂၀ ဝန်းကျင်ကပါ။ ၂၆ နှစ်လောက်ကျတော့ ဇာတ်ကားများဖို့ထက် ဒီဇာတ်ကားထဲမှာ လုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲဆိုတာ ရွေးချယ်ပါတယ်။ ကားများစရာ မလိုတော့ဘူး။ ထွက်တဲ့ ကားတစ်ကားမှာ ၃ဆင်းန်လောက်ပဲ ပါပါ ပါတဲ့ ကာရိုက်တာအပေါ် လုပ်ပြနိုင်ခွင့်အပြည့်ရှိတဲ့ ကာရိုက်တာမျိုးတွေဆို လက်ခံပါတယ်။ ပြီးတော့ ဒါရိုက်တာတွေကိုလည်း လုပ်နိုင်စွမ်းကို အပြည့်ပြတယ်။ ဥပမာ ခိုင်း ခိုင်းသလောက် လုပ်မယ်။ ဒါရိုက်တာတွေကလည်း ဒီ မင်းသမီးကို ခိုင်းလို့ ရတယ်။ ခိုင်းရင် လုပ်တယ်။ အဲဒီလိုမျိုးတွေဆိုတော့ အေးမြတ်သူက လုပ်ကွက်ရတဲ့ ကာရိုက်တာလေးတွေ ပေါ်လာတာများတယ်။ အေးမြတ်သူတို့က ဘယ်ကားရိုက်ချင်တယ်လို့ အော်လို့ မရပါဘူး။ ကိုယ်ဆီလာတဲ့ ကားကိုမှ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်လဲ။ ပိုင်နိုင်ရဲ့လား။ အဲဒီအပေါ်တွေကို အဓိကကြည့်ပြီး ရွေးချယ်ဖြစ်ပါတယ်။

Voice : တချို့ဇာတ်ကားတွေက သုံးလေးနှစ်ကြာမှ ရုံတင်ရတော့ ပရိသတ်တွေနဲ့ ကွာဟမှုအပိုင်း ဘာတွေဖြစ်မလဲ။

AMT   : အဲဒီအပေါ် အနည်းငယ်စိတ်ပူတယ်။ဘာဖြစ်လို့လဲဆိုတော ၂၀၁၅ မှာ ခေတ်စားနေတဲ့ ကင်မရာက ၂၀၁၈ ခေတ်စားလာတဲ့ ကင်မရာနဲ့ မတူတော့ဘူး။ အဲဒီလိုတွေ ကွာသွားတယ်။ တချို့ဟာတွေ ကျတော့ ဒီဘက်ခေတ်နဲ့ မကြိုက်တာတွေလည်း ရှိကောင်းရှိနိုင်တယ်။ မြန်မာ့ရုပ်ရှင်က ၂၀၁၆၊ ၂၀၁၇ မှာ ပရိသတ်တွေတွန်းအားတွေကြောင့်ဝုန်းခနဲပြောင်းသွားတာ။ အေးမြတ်သူတို့လည်း အဲဒီတုန်းက အကောင်းဆုံး ကြိုးစားခဲ့တာပါ။ အေးမြတ်သူ  အမြဲပြောပါတယ်။ ၂၀၁၆ လောက်မှ  ပရိသတ်တွေက တွန်းအားပေးတယ်။ ပရိသတ်တွေ ရွှေ့ပေးတဲ့ အရွေ့တစ်ခုက အခုရောက်လာပြီ။ ဒီနှစ်ဆိုရင် ကားကောင်းတွေ အများကြီး ပေါ်ထွက်လာတယ်။ ပရိသတ်တွေအတွက် ဝမ်းသာစရာပါ။

Voice : ပရိသတ်အားပေးမှုရခဲ့တဲ့  နေခြည်ဝင့်ထည်လို ဗီလိန်ဇာတ်မျိုး နောက်ထပ်ရိုက်သွားဖို့ ရှိလား။

AMT   : ဇာတ်က အေးမြတ်သူကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်စွမ်းရှိလဲ။ အဲဒီအပေါ်မှာ မူတည်ပါတယ်။ ဗီလိန်တိုင်းတော့ မရိုက်ပါဘူး။ အဲဒီဇာတ်လမ်းတွဲတုန်းက ကိုယ့်နဲ့ သိပ်မရင်နှီးတဲ့ ပရိသတ်တွေကျတော့ အေးမြတ်သူကို မုန်းသွားကြတယ်။ ချစ်တဲ့သူတွေကတော့ ချစ်စရာကောင်းတယ်။ ဒါပေမဲ့ အဲဒီလိုကာရိုက်တာမျိုးတွေ ထပ်ပြီး မရိုက်စေချင်ဘူး။ ထပ်မလုပ်ပါနဲ့ ဆိုပြီး ပြောကြတယ်။ ဒီလိုမျိုး ခပ်ဆိုးဆိုးဗီလိန်ကို ဘာကြောင့်ရိုက်လဲဆိုရင် ပရိသတ်နဲ့ နီးစပ်ချင်လို့ပါ။ ဇာတ်လမ်းတွေက တစ်ပတ်မှာ ငါးရက်လောက် ပရိသတ်နဲ့ ထိတွေ့ခွင့်ရတယ်။ နေခြည်ဝင့်ထည် ကာရိုက်တာကြည့်ပြီး သူတို့ Emotion ဖြစ်တယ်။ စိတ်ဆိုးတယ်။ အမှန်အတိုင်းပြောရင် စိတ်ပူပါတယ်။ မုန်းသွားတဲ့ ကာရိုက်တာလုပ်ရတော့ မသိစိတ်က စိတ်ပူတယ်။ ပရိသတ်တွေများ မုန်းသွားမလား စိုးရိမ်စိတ်တွေဖြစ်ခဲ့ရတယ်။

Voice : နှစ်လည်းကုန်တော့မှာဆိုတော့ တစ်နှစ်တာလုံး ပြန်သုံးသပ်ကြည့်ရင်  ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု အတိုင်းအတာက ဘယ်လောက်ထိ ဖြစ်မိလဲ။

AMT   : တစ်နှစ် တစ်နှစ်ကျေနပ်မှုအတိုင်းအတာက အပေါ်ကို တဖြည်းဖြည်း တိုးလာပါတယ်။ အဲဒီဟာလေးကို အောက်မကျသွားအောင် အေးမြတ်သူ ကြိုးစားနေပါတယ်။ Personal ပိုင်း ဆိုင်ရာဖြစ်စေ၊ ဘော်ဒီပိုင်းဆိုင်ရာဖြစ်စေ အရာအားလုံးကို တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်အောင် ကြိုးစားပါမယ်။

Voice : နောက်ထပ် ဘယ်လိုဇာတ်မျိုးတွေ လက်ခံထားသေးလဲ။

AMT   : ကိုရန်လေး၊ အန်တီဆင့်၊ အန်တီ ဇာကြီး ပူးပေါင်းပြီးထုတ်မယ့် ကားမှာ ပါဝင်ဖို့ရှိတယ်။ ၂၀၁၉ မှာလည်း ကားတစ်ကား ရှိတယ်။ အဲဒီကားအတွက် ပြင်ဆင်နေပါသေးတယ်။ ဇာတ်လမ်းကိုတော့ မပြောပြချင်သေးဘူး။

Voice : ပရိသတ်ကို ဘာများဖြည့်စွက်ပြောချင်လဲ။

AMT   : ပရိသတ်တွေရဲ့ အချစ်ရဖို့ဆိုတာ တော်ရုံတန်ရုံ မဖြစ်နိုင်ပါဘူး။ အကုန်လုံးက ချစ်နေဖို့ဆိုတာလေ။ အေးမြတ်သူ အကောင်းဆုံး ကြိုးစားသွားမယ်။ ပရိသတ်က ကြိုးစားခွင့်လေးပေးပါ။ ရှေ့မှာလည်းမှားတဲ့ အရာတွေလည်း ရှိခဲ့ပါတယ်။ မှားတာရှိရင် အေးမြတ်သူကို သွန်သင်ဆုံးမပေးပါ။ အေးမြတ်သူရဲ့အဓိက အသက်မွေးဝမ်းကျောင်းက သရုပ်ဆောင်ခြင်းအနုပညာပါ။ ပရိသတ်ကို လိမ်တာက ကိုယ့်ကိုယ်ကိုယ် လိမ်တာနဲ့  အတူတူပဲ။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *