“သူတို့က အရေးယူပေးပါမယ်ဆိုပြီး နောက်ကျတော့ ဒီအတိုင်းပဲ”

photo by Thar Htet San FB

လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အဝိုင်းမှ အနောက်ပိုင်းတက္ကသိုလ်သို့ ယာဉ်လိုင်းအချို့ပြေးဆွဲမှုမရှိခြင်းကြောင့် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် အခက်တွေ့ရလျက်ရှိသည်။ ယင်းကိစ္စကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အင်္ဂလိပ်စာ တတိယနှစ်ကျောင်းသား ကိုသာထက်စံနှင့် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – အနောက်ပိုင်းတက္ကသိုလ်အဝိုင်းကနေ ကျောင်းထဲသွားရတဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိတာလဲဗျ။

KTHS – ဘယ်လိုအခက်အခဲရှိလဲဆိုရင် ကားတွေကပေါ့ ပြောရမယ်ဆိုရင် အဲကွန်းလည်း မဖွင့်တာကများတယ်။ ဂက်စ်မလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထဲကို မဝင်တော့တာရှိတယ်။ အဲဒီ အဝိုင်းကနေပဲ လှည့်လှည့်ပြန်ကြတာပေါ့။

The Voice Journal – ဒါမျိုးဖြစ်တာ ဘယ်လောက်ကြာပြီလဲဗျ။ ခန့်မှန်းခြေပေါ့။

KTHS – ကြာပြီ။ အမြဲလိုလိုပါပဲ။ ဘယ်လောက်ကြာပြီလဲဆိုရင် ဒီစနစ်ကိုပြောင်းပြီးကတည်းကဆို ကျွန်တော် ဒုတိယနှစ်ဆိုတော့ တစ်နှစ်လောက်ရှိနေပြီပေါ့။

The Voice Journal – ကျောင်းထဲကို ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့ ယာဉ်လိုင်းတွေက ဘာတွေလဲ။

KTHS – ဝင်ရမယ်ဆိုတဲ့ ယာဉ်လိုင်းတွေက ၂၁၊ ၂၂၊ ၇၉၊ ၉၃ အားလုံး လေးလိုင်းပေါ့။

The Voice Journal – ကျောင်းထဲအထိ မပြေးဆွဲတဲ့ ယာဉ်လိုင်းတွေက ဘယ်ယာဉ်လိုင်းတွေလဲဗျ။

KTHS – အဲဒီ ၂၂ နဲ့ ၇၉ ကတော့ အဆိုးဆုံးပဲဗျ။

The Voice Journal – ၂၁ နဲ့ ကျန်တဲ့ ယာဉ်လိုင်းတွေကရော ကျောင်းထဲအထိ ပြေးဆွဲလားဗျ။

KTHS – ၂၁ ကျတော့ ကုမ္ပဏီနှစ်ခုကိုင်တော့ ဟိုဘက် Powe Eleven ကတော့ ဝင်တယ်။ အခုက ကားတွေက ပြောင်းသွားတော့ ခေတ်သစ်ဘုရင့်နောင်ဘက်ရောက်သွားတော့ မဝင်ချင်တော့တဲ့ သဘော ဖြစ်နေတယ်။

The Voice Journal – ကျောင်းထဲ အထိမဝင်တော့ ဘယ်လိုအခက်အခဲရှိလဲ။

KTHS – ကျောင်းထဲအထိ မဝင်တော့ ကျွန်တော်တို့ တိုင်တယ်။ သူတို့က အရေးယူပေးပါမယ်ဆိုပြီး နောက်ကျတော့ ဒီအတိုင်းပဲ။ နောက်ပိုင်းကျ သူတို့ကားတွေက စည်းကမ်းပြန်ပျက်တယ်။

The Voice Journal – ကျောင်းထဲ အထိ မဝင်ဘူးဆိုရင် သွားရလာရတာ ဘယ်လိုအခြေအနေရှိလဲ။ လမ်းအခြေအနေကရော ကောင်းရဲ့လား။ မိုးတွင်းဘက်ရော။ သွားရလာရတဲ့ အခြေအနေပေါ့။

KTHS – လမ်းလျှောက်ဖို့ ဆိုတာကျတော့လည်း မလွယ်ဘူးဗျ။ အနည်းလေး မိနစ် ၃၀ လောက် ကြာတယ်။ အဲဒီတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ကျောင်းထဲဝင်မှာလားဆိုပြီး ကားတိုင်းကို မေးနေရတယ်။ အဲဒီလိုဖြစ်နေတယ်။ မိုးတွင်းဆိုရင် ပိုဆိုးတယ်။ မိုးတွင်းဆို ကျောင်းလမ်းက ရေလည်း ကျော်တယ်။ ကားသမားကလည်း မဝင်ချင်ကြဘူး။ လမ်းကလည်း ဆိုးတယ်။ ပြင်ပေးဖို့ ပြောတော့လည်း နောင်နှစ် ဘတ်ဂျက်တောင် မသေချာဘူးလို့ ပြောတယ်။ ကျောင်းဖယ်ရီသမားကတော့ ပြဿနာမရှိဘူး။ အများစုလိုင်းကား တိုးစီးရတဲ့သူကျတော့ ဒုက္ခရောက်တယ်။ အထူးသဖြင့် လှိုင်သာယာဘက်က ကျောင်းတက်ရတဲ့သူတွေပေါ့။ ကျွန်တော် တို့ ၂၂ နဲ့ ၇၉ က နည်းနည်းဒုက္ခရောက်တယ်။

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *