ထောင်ဒဏ် လွန်ဆွဲကြသူများ

အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား လွန်ဆွဲနေသည့်ထောင်ဒဏ် လက်တစ်ကမ်းသို့ရောက်လာပြန်သည်။

ထောင်ဒဏ်သည် အလုပ်ရှင်များကို အခက်တွေ့စေနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်စေသည်ဟု အလုပ်ရှင်များက ညည်းညူပြီး အလုပ်သမားများကမူ ထောင်ဒဏ်မရှိလျှင် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်မပေးနိုင်ဟု တုံ့ပြန်သည်။

ခြောက်နှစ်ခန့်အကြာ အငြင်းပွားနေသည့် ထောင်ဒဏ်ထည့်သွင်းရေးမှာ လက်ရှိတွင် လွှတ်တော်နှစ်ရပ်ကြားတွင်လည်း သဘောထားကွဲလွဲနေပြန်သည်။ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဆွေးနွေးကြသည်။

အမျိုးသားလွှတ်တော်ကမူ ယင်းဥပဒေတွင် ထောင်ဒဏ်တစ်လမှ ခြောက်လအထိထည့်သွင်းရန် ဆွေးနွေးအတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်ကမူ ထောင်ဒဏ်ကို ပယ်ချထားသည်။ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုကြောင့် ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူကြရမည်ဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားကြား၊ လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲနေသည့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ထောင်ဒဏ် ထည့်သင့်ပါ၏လော။

(၁)

အဆိုပါဥပဒေကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် ပြင်ဆင်ခဲ့သည်။ ယင်းအချိန်က ထောင်ဒဏ်ထည့်ရန် အစိုးရက အဆိုပြုသော်လည်း လွှတ်တော်ကပယ်ချကာ ငွေဒဏ်ပြစ်ဒဏ်ကိုသာ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် ဒုတိယအကြိမ်ပြင်ဆင်ရန် ကြိုးပမ်းရာတွင် အမျိုးသားလွှတ်တော်က ထောင်ဒဏ်ထည့်သွင်းအတည်ပြုပြီး ပေးပို့မှုကို ပြည်သူ့လွှတ်တော်က ဖြုတ်ချသည်။

ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြန်လည်ဆွေးနွေးရာ ကိုယ်စားလှယ်အချို့က ထောင်ဒဏ်ကိုထည့်သွင်းရန် ဆွေးနွေးတင်ပြကြသည်။

အငြင်းပွားမှုအများအပြားတွင် အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို ပြန်ခန့်ရန် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်ကလိုက်နာရန် ပျက်ကွက်ကြကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် (၈) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မကြီးက ဆွေးနွေးသည်။

ထို့ကြောင့် တရားစွဲရာတွင်လည်း ငွေဒဏ်ကျပ် ၁၀ သိန်းသာချမှတ်နိုင်၍ ခုံသမာဓိကောင်စီ၏ ရှေ့မှောက်တွင် နှစ်ဖက်သဘောတူ ချုပ်ဆိုသည့်စာချုပ်ကို အလုပ်ရှင်က ဖောက်ဖျက်တတ်ကြောင်း ၎င်းက ဆိုသည်။

“ဥပဒေရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီးတော့ ဒဏ်ငွေ ၁၀ သိန်းပဲဆောင်မယ်ဆိုပြီးတော့ ဒဏ်ငွေဆောင်ဖို့ပဲ အားထုတ်တတ်ကြတယ်” ဟု ဒေါက်တာ ခင်မကြီး က ပြောဆိုသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းရာ ပြစ်ဒဏ်မှာ အနိမ့်ဆုံး ကျပ်သုံးသောင်း ချမှတ်နိုင်ပြီး ကျပ်ငါးသိန်းထက်မနည်း ချမှတ်ရမည်ဟု အမြင့်ဆုံးထည့်သွင်းထားခဲ့သည်။

ပြစ်ဒဏ်နည်းသဖြင့် လိုက်နာမှုအားနည်သည်ဟုဆိုကာ ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ရာ ငွေဒဏ်ကို တိုးမြှင့်ကာ ကျပ်ငါးသိန်းကို အနိမ်ဆုံးပြစ်ဒဏ်သတ်မှတ်ပြီး ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကိုလိုက်နာရန် ပျက်ကွက်လျှင် ကျပ် ၁၀ သိန်း ပြစ်ဒဏ်ချရန် သတ်မှတ်ပေးခဲ့သည်။

ယင်းဥပဒေအရ အငြင်းပွားမှုကို ဖြေရှင်းရန် စက်ရုံအဆင့်ညှိနှိုင်းရေး ကော်မတီ၊ မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းနှင့် ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့တို့ရှိပြီး အမြင့်ဆုံးမှာ ခုံသမာဓိကောင်စီဖြစ်သည်။ ယင်းအဖွဲ့များကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။

ယင်းသို့ ဒဏ်ငွေပမာဏကို ဆောင်ရန် အလုပ်ရှင်များ ဝန်လေးမည် မဟုတ်သဖြင့် ပြစ်မှု အနည်းအများအလိုက် ပြစ်ဒဏ်ကို ထောင်ဒဏ် တစ်လအထိ၊ ငွေဒဏ်ကို ကျပ်သုံးသိန်းမှ ၁၀ သိန်းအထိ ထည့်သွင်းပြဋ္ဌာန်းလိုကြောင်း ဒေါက်တာ ခင်မကြီးက လွှတ်တော်တွင် ဆွေးနွေးတင်ပြသည်။

“ဒါမှ ထိရောက်တဲ့ ပြစ်ဒဏ်ဖြစ်မှာ ဖြစ်ပါတယ်ရှင်”

အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် ဒုတိယအကြိမ်ပြင်ဆင်မည့် ဥပဒေကြမ်းတွင်မူ ပြစ်မှုအနည်းအများအလိုက် ထောင်ဒဏ် တစ်လမှ ခြောက်လအထိ ချမှတ်နိုင်သည်။ အနိမ့်ဆုံးငွေဒဏ်မှာ ကျပ်ငါးသိန်းဖြစ်ပြီး အမြင့်ဆုံးမှာ ကျပ်သိန်းတစ်ရာကို အနည်းဆုံးချမှတ်ရမည်ဟု တိုးမြှင့်ထားသည်။

ထောင်ဒဏ်ခြောက်လနှင့် အနည်းဆုံး ကျပ်သိန်းတစ်ရာတို့မှာ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်ကို မလိုက်နာလျှင် ချမှတ်ရမည်ပြစ်ဒဏ် ဖြစ်သည်။ ထောင်ဒဏ်မှာ အလုပ်ရှင်အတွက်သာ သီးသန့်ပြဋ္ဌာန်းခြင်းမဟုတ်။ မည်သူမဆိုဟုဆိုသဖြင့် အလုပ်သမားများလည်း ဥပဒေချိုးဖောက်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

(၂)

ထောင်ဒဏ်ထည့်သွင်းမည်ကို လုပ်ငန်းရှင်များက ခါးခါးသီးသီးငြင်းဆန်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ပသို့သွားရောက်ကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေချိန် ရင်းနှီးမြှုပ်နှံသူများကို အထိတ်တလန့်ဖြစ်စေမည့် ထောင်ဒဏ်ကို ထည့်ရန်မသင့်ဟု ဝေဖန်သူများလည်းရှိသည်။

စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုအားနည်းသဖြင့် နဂိုကပင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုအားနည်းနေချိန် ယင်းပြစ်ဒဏ်မှာ တစ်ပူပေါ်တစ်ပူဆင့်စေမည်ဟုလည်း ဝေဖန်ကြသည်။ မြန်မာနှင့် ဒေသတွင်းပြိုင်ဘက်နိုင်ငံများတွင် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုကြောင့် အလုပ်ရှင်ကို ထောင်ဒဏ်အပြစ်ပေးသည့် ဥပဒေ ပြဋ္ဌာန်းကျင့်သုံးခြင်းမရှိကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြသည်။

“နိုင်ငံတကာမှာတော့ ဒါက မရှိဘူး။ ဗမာပြည်မှာရှိရင်တော့ မလာ (နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ) ဘူးပေါ့ဗျာ။ နောက်အသစ်လာမယ့်သူ မလာတဲ့အပြင် ရှိတဲ့သူပါ ပြေးတော့မှာပေါ့” ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက မှတ်ချက်ပေးသည်။

ဦးအေးသောင်းသည် အထည်ချုပ်လုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းများ လုပ်ကိုင်သူ ဖြစ်သည်။

“အဲဒီအခါကျမှ အဖေကယ်ပါ။ အမေကယ်ပါဖြစ်ရင် မကောင်းဘူးပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

အလုပ်သမား ဆန္ဒပြတောင်းဆိုမှုများပြားပြီး စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲမှုတို့ရှိနေချိန် ထောင်ဒဏ်ပါ ထည့်သွင်းမည်ကို ကန့်ကွက်ပြီး တာဝန်ရှိသူများအနေနှင့် အမြင်ကျယ်ရန်လိုအပ်သည်ဟု ၎င်းကဝေဖန်သည်။

“ဒါတွေ မကြာခင်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရှားသွားမှာပေါ့ဗျာ။ ဗမာပြည်မှာ အလုပ်လုပ်ရ အင်မတန်ခက်တယ်ဆိုတာ လူတိုင်းသိနေပြီ။ သိနေတဲ့အပြင် (ထောင်ဒဏ်) ဒါကိုပါ ထပ်လုပ်ရင်တော့ ဒါကတော့ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ပဲ ပြောရမှာပေါ့”

ဥပဒေရေးဆွဲသူများမှာ အလုပ်ရှင်ဖြစ်ဖူးမှ ကိုယ်ချင်းစာနိုင်မည်ဟုလည်း ဦးအေးသောင်းက ဝေဖန်သည်။

“အလုပ်ရှင် မဖြစ်ဖူးတဲ့သူတွေက အလုပ်သမားဥပဒေကို ဆွဲနေတဲ့အခါကျတော့ တစ်ခါတလေကျတော့ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေသလားလို့ပေါ့ဗျာ။ ဒါလေး စိတ်မကောင်းဖြစ်တာပါ” ဟု ၎င်းကဆိုသည်။

လက်ဝါးအထည်ချုပ်လုပ်ငန်းဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေးကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအားနည်းနေချိန် အလုပ်ရှင်များကို ထောင်ဒဏ်ချမှတ်ရန် ဥပဒေတွင်ထည့်သွင်းပြဋ္ဌာန်းလျှင် ရင်းနှီးမြှုပ်နှံမှု ပိုမိုလျော့နည်းသွားနိုင်ကြောင်း ပြောကြားသည်။

“ထောင်တော့ အကျမခံဘူးပေါ့ ဗျာ။ အလုပ်မလုပ်ရုံဘဲ ရှိမယ်ပေါ့”

လက်ရှိအထည်ချုပ်လုပ်ငန်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်ကထက် ရင်းနှီးမြှုပ်နှံမှု လျော့ကျနေကြောင်း၊ လက်ရှိတွင် သီတင်းပတ်တစ်ပတ်လျှင် အထည်ချုပ်စက်ရုံနှစ်ရုံခန့် အသစ်ဖွင့်မည်ဟု ခန့်မှန်းထားသော်လည်း တစ်ပတ်လျှင် တစ်ရုံ၊ နှစ်ပတ်လျှင် တစ်ရုံခန့်သာ ဖွင့်နိုင်ကြ ကြောင်း ၎င်းကဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုဝင်လာတာ နည်းသွားခဲ့တယ်ဆိုရင် နစ်နာတာ ဘယ်သူလဲဆိုတာကတော့ ကိုယ့်ဘာသာကိုယ်တွက်ချက်ဖို့လိုမယ်။ တကယ်ဖြစ်ပျက်လာတဲ့အချိန်ကျရင် ဘယ်သူမှ မကယ်နိုင်ဘူး။ နောက်မှ ပြန်ပြင်ချင်တယ်ဆိုရင်လည်း နောက်ကျသွားပြီ” ဟု ၎င်းက မှတ်ချက် ပေးသည်။

အလုပ်သမားများ ဆန္ဒပြမှုပြဿနာကြီးမားခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ လက်ရှောင်ကြခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးရသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။

“ကျွန်တော်တို့မှာ အခက်အခဲတွေက အများကြီးလေ။ တစ်ဖက်က အချိန်မီပြီးအောင်လုပ်ရမယ်။ အရည်အသွေးလည်းမြင့်ရမယ်။ ဒီဘက်မှာလည်း ချော့ပြီး ခိုင်းနေရတယ်။ အဲဒီနေရာကို အခုထောင်ဒဏ်ထည့်ချင်သူတွေကို ခဏလာနေခိုင်းကြည့်လိုက်ရင် သဘောပေါက် သွားမှာ” ဟု ဒေါက်တာ ခင်မောင်အေး က ဆိုသည်။

အလုပ်ရှင်၊ အလုပ်သမားအငြင်း ပွားမှုကြောင့် အလုပ်ရှင်ထောင်ကျလျှင် စက်ရုံမည်သို့ဆက်လက်လည်ပတ်မည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်ကို ထောင်ချခြင်းမှာ စက်ရုံလုပ်ငန်းကို ပိတ်သိမ်းခိုင်းခြင်းသာဖြစ်ကြောင်း ဦးအေးသောင်းက ပြောဆိုသည်။

လူတစ်ထောင်ခန့်ရှိသည့် စက်ရုံတွင် အလုပ်သမားတစ်ရာခန့်က ဆန္ဒပြမှုကြောင့် အလုပ်ရှင်ကို အလုပ်ထုတ်မည်ဆိုလျှင် အလုပ်သမားကိုးရာ၏ မျက်နှာကို ကြည့်မည်လော၊ တစ်ရာ၏ မျက်နှာကို ကြည့်ရမည်လောဟု ၎င်းက မေးခွန်းထုတ်သည်။

(၃)

အလုပ်သမားများက ထောင်ဒဏ်ကို ထောက်ခံပြီး ထောင်ဒဏ်ထည့်ရန် ဆန္ဒပြတောင်းဆိုမှုများပင် ရှိသည်။

အလုပ်ရှင်များက အလုပ်သမားများ၏ အခွင့်အရေးကို လေးစားလိုက်နာအောင် ထောင်ဒဏ်ထည့်သွင်းလိုခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ မည်သူမဆိုဟု ပြဋ္ဌာန်းမည်ဖြစ်သဖြင့် အလုပ်ရှင်အပြင် အလုပ်သမားများပါ ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေဖြစ်သည်ဟု အလုပ်သမား က ပြောဆိုကြသည်။

ဥပဒေကို ချိုးဖောက်မှသာ ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံရမည်ဖြစ်ပြီး ဥပဒေကိုလိုက်နာပြီး အလုပ်သမားအခွင့်အရေးကို အပြည့်အဝပေးနိုင်လျှင် ထောင်ကျနိုင်မည့်အကြောင်းအရင်းမရှိကြောင်း လှိုင်သာယာမြို့နယ်ရှိ စံကောင်း ပီနန်အိတ်စက်ရုံ အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦးအောင်စိုးမင်းကဆိုသည်။

“အလုပ်ရှင်က ဒါကို ဘာဖြစ်လို့ ကြောက်နေတာလဲ။ ဥပဒေကို လိုက်နာဖို့ အစီအစဉ်မရှိဘူးလား” ဟု ၎င်းကမေးခွန်း ထုတ်သည်။

အငြင်းပွားမှုများတွင် မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေး၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်များကို အလုပ်ရှင်များက လိုက်နာမှု အားနည်းကြောင်း၊ အထူးသဖြင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် ဆုံးဖြတ်ရာတွင်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားအခွင့်အရေးတောင်းဆိုသူများ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ၊ သမဂ္ဂတွင် ပါဝင်သူများကို အဓိကပစ်မှတ်ထားကာ အလုပ်ရှင်များက အလုပ်ဖြုတ်လေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

အလုပ်ပြန်ခန့်ရန် ဆုံးဖြတ်ချက်များကိုမလိုက်နာဘဲ ဒဏ်ငွေ ၁၀ သိန်းကိုသာ ပေးဆောင်ကြသဖြင့် အလုပ်သမားများ မတရားအလုပ်ထုတ်မခံရအောင် ထောင်ဒဏ်လိုသည်ဟု ၎င်းတို့ကတောင်းဆိုကြသည်။

“အလုပ်သမား ကိုယ်စားလှယ်အများအပြားကို အလုပ်က ထုတ်ပစ်တာ။ ရှင်းရှင်းပြောရရင် အလုပ်သမားသမဂ္ဂကို ဖြိုခွဲဖို့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ကြံစည်တယ်ပေါ့လေ” ဟု ဦးအောင်စိုးမင်းက ဆိုသည်။

ခုံသမာဓိကောင်စီတွင် ၂၀၁၇ ခုနှစ် အထိ သုံးနှစ်ကြာ အလုပ်သမားကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သူ ရှေ့နေ ဦးဌေးကမူ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို ပြန်ခန့်ရန် ဆုံးဖြတ်ချက်များတွင် အလုပ်ရှင်က လိုက်နာမှု အလွန်နည်းကြောင်း ပြောဆိုသည်။

“မလိုက်နာတဲ့အပြင် ခုံကောင်စီမှာ Challenge (စိန်ခေါ်မှု) လုပ်တာခံရပါတယ်။ ခုံကောင်စီက ဘယ်လိုပဲအမိန့်ချချ သူတို့ကြိုက်မှ လက်ခံတာ။ ပြန်ခန့်ပါဆိုတာကို လက်မခံဘူး” ဟု ၎င်းကဆိုသည်။

ဆုံးဖြတ်ချက်ကို လက်မခံဘဲ တရားစွဲပါဟုသာ အလုပ်ရှင်က တုံ့ပြန်လေ့ရှိပြီး တရားစွဲလျှင်လည်း ငွေဒဏ်မှာ ကျပ် ၁၀ သိန်းခန့်သာရှိသောကြောင့် အလုပ်ရှင်၊ အလုပ်သမားပြဿနာမှာ ယနေ့တိုင် မဖြေရှင်းနိုင်ကြောင်း ဦးဌေးက မှတ်ချက်ပေးသည်။

အလုပ်ပြန်မခန့်သဖြင့် အလုပ်သမားသမဂ္ဂများ ပျက်ပြားသွားသည့်အဆင့်သို့ ရောက်နေကြောင်း၊ လက်ရှိ ဥပဒေအရ အလုပ်သမားများကို အကာအကွယ်မပေးနိုင်သဖြင့် ဥပဒေတွင် ထောင်ဒဏ်ထည့်သွင်းရန် အစဉ်တစိုက် တောင်းဆိုနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထောင်ဒဏ်ကို ဖြုတ်လိုက်မယ်ဆိုရင် အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ရာရောက်သလားဆိုတဲ့ လွှတ်တော်ကိုယ်တိုင်ဖြေဖို့ အရေးကြီးပါတယ်”

(၄)

ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးအတွက် သက်ဆိုင်သည်။

ထို့ကြောင့် အလုပ်ရှင်အတွက်လည်း တရားမျှတသည့် ဥပဒေအကာအကွယ်ရရှိမည်ဖြစ်ကြောင်း၊ ထိရောက်သည့်ပြစ်ဒဏ်များ ပြဋ္ဌာန်းထားရှိမှသာ လက်ရှိအချိန်တွင် အဖြစ်များပြီး ဖြေရှင်းရခက်ခဲနေသည့် အငြင်းပွားမှုများ၊ ဆန္ဒပြမှုများကို တားဆီးကာကွယ် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မကြီးက ပြောဆိုသည်။

“အလုပ်သမားတွေအပေါ်မှာ လုပ်ခလစာ သက်သာရုံသာမက မျှတတဲ့အလုပ်သမားအခွင့်အရေးမပေးလိုတဲ့ ဝိသမလောဘသား လုပ်ငန်းရှင်တွေရဲ့ ဘေးရန်က ကာကွယ်နိုင်ဖို့ ပြစ်မှုပြစ်ဒဏ်မှာ ထောင်ဒဏ်ထည့်သွင်းရေးဆွဲသင့်ပါတယ်” ဟု ၎င်းက လွှတ်တော်တွင် တင်ပြသည်။

တည်ဆဲဥပဒေသည် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ပြေလည်အောင် ဖြေရှင်းပေးရန် လုံလောက်သည့် အခြေအနေမရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ဆိုသည်။ ၎င်းသည် အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည်။

ဥပဒေအရ ဖွဲ့စည်းထားသည့် မြို့နယ်အဆင့်၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်ဖြေရှင်းပြီးမှသာ ဆန္ဒပြသပိတ်မှောက်ခွင့်ရှိသည်။ သို့သော်လည်း ယင်းလုပ်ငန်းစဉ်များတွင် ဥပဒေအရ စည်းနှောင်မှု အားနည်းချက်များရှိနေသည်ဟုဆိုကာ တိုက်ရိုက်
ချက်ချင်းဖြေရှင်းနိုင်မည့် ဆန္ဒပြသပိတ်မှောက်မှု နည်းလမ်းများကိုကာ သုံးကြသည်။ လွှတ်တော်သို့ တိုင်တန်းကြသည်။ ယခု အစိုးရရုံးရှေ့ ပိတ်ဆို့ဆန္ဒပြသည့်နည်းလမ်း တွင်ကျယ်လာသည်။

အငြင်းပွားမှုများတွင် ဥပဒေမလိုက်နာသူကို ချမှတ်မည့်ပြစ်ဒဏ်မှာ စိုးရိမ်ရသည့် ပြစ်ဒဏ်မျိုးဖြစ်လျှင် ယင်းသို့ အခြေအနေများ လျော့နည်းသွားမည်ဖြစ်ကြောင်း ဦးကျော်ထွေးက သုံးသပ်သည်။

“ရှိပြီးသား ဥပဒေအရဆိုရင် အလုပ်ရှင်ဘက်က သူတို့ကျူးလွန်လိုက်လည်း နောက်ဆုံး ဆုံးဖြတ်ချက်မလိုက်နာဘူးကွာဆိုပြီးနေရင် လျော်လိုက်ရတဲ့ ဒဏ်ကြေးက ငွေ ၁၀ သိန်းလောက်ပဲဆိုတော့ တချို့အလုပ်ရှင်တွေက သူတို့အတွက် စိုးရိမ်ရတဲ့၊ ကြောက်ရတဲ့ ပြစ်ဒဏ် မဟုတ်ဘူးဗျ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ထောင်ဒဏ်ထည့်သွင်းခြင်းအပြင် ငွေဒဏ်လည်း တိုးမြှင့်ထားကြောင်း ၎င်းကဆိုသည်။

ဆုံးဖြတ်ချက်များကို အလုပ်ရှင်က မလိုက်နာသဖြင့် အလုပ်သမားဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထောင်ဒဏ်ထည့်လျှင်လည်း ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်လုပ်ဆောင်သည့် လုပ်ငန်းရှင်များအတွက် အဟန့်အတားမဖြစ်နိုင်ကြောင်း ဦးကျော်ထွေးက ပြောဆိုသည်။

“ပြစ်ဒဏ်က ပေါ့နေမယ်။ ကျူးလွန်ချင်သူတွေအတွက် အဟန့်အတားဖြစ်စေတဲ့ ပြစ်ဒဏ်မျိုးမဟုတ်ဘူးဆိုရင် လစ်ရင် လိုက်သလို ကျူးလွန်လိုက်မယ်ဆိုတဲ့ အခွင့်အရေးသမားတွေကို လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကလွှတ်တော်တွင် ဆွေးနွေးသည်။

ထောင်ဒဏ်ထည့်ရေး၊ မထည့်ရေးမှာ အလုပ်ရှင် အလုပ်သမားများကြား လွန်ဆွဲနေသည့်အပြင် လွှတ်တော်နှစ်ရပ်ကြားတွင်ပါ သဘောထားကွဲလွဲနေသည်။ ထောင်ဒဏ် ထည့် မထည့် အဆုံးအဖြတ် အဖြေထုတ်ရမည့်နေရာမှာ ပြည်ထောင်စုလွှတ်တော်ကိုသာ စောင့်ကြည့်ရတော့ မည်ဖြစ်သည်။

ခုံသမာဓိကောင်စီတွင် အလုပ်သမားကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူ ဦးရဲကျော်သူကမူ ထောင်ဒဏ်ထည့်သွင်းရေးအပေါ် အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“အလုပ်ရှင်တွေကို ထောင်ကျစေချင်လို့ မဟုတ်ပါဘူး။ ဥပဒေကို လေးစားလိုက်နာစေချင်လို့ပါ” 

 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *