မင်းတပ်အချုပ်သားများ အစာငတ်ခံ ဆန္ဒထုတ်ဖော်မှု အစိုးရဖြေရှင်းပေးမည်

မန္တလေး၊ နိုဝင်ဘာ ၃၀

ချင်းပြည်နယ်မင်းတပ်မြို့မြို့မ ရဲစခန်းအချုပ်ခန်းတွင် အချုပ်ကျနေသူများသည် အချုပ်သားအခွင့်အရေးဆုံးရှုံးနေသည်ဟုဆိုကာ နိုဝင်ဘာလ ၂၉ ရက် နေ့နံနက်ပိုင်းမှစ၍ အစာအငတ်ခံဆန္ဒ ထုတ်ဖော်နေမှုကို ပြေလည်အောင်ဖြေရှင်းပေးမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို အတိအကျသိရှိနိုင်ရန် မေးမြန်းထားပြီး အချုပ်သားများ၏ တောင်းဆိုချက်များသည် တရားနည်းလမ်းကျပါက အဆင်ပြေရန်ဆောင်ရွက်ပေးသွားမည်ဟု ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဟန်ဝင်းအောင်က ပြောကြားသည်။

“ကျန်းမာရေးဝန်ဆောင်မှုရယ်၊ ရေရယ် မရဘူးလို့ ပြောတယ်။ စောင်တွေဆိုလည်း ညဘက်မှပဲ ရတယ်။ နေ့ပိုင်း သိမ်းထားတယ်တဲ့။ မင်းတပ်မှာက နေ့ဘက်လည်း အရမ်းအေးတယ်လေ”ဟု အချုပ်သားများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် Mindat Youth Association ဦးဆောင်သူဆလိုင်းမာန်ဟုန်းက ပြောကြား သည်။

ရေသောက်ရာတွင် အများစုပေါင်းသောက်ရသဖြင့် ကူးစက်ရောဂါများရရှိမည်ကိုလည်း စိုးရိမ်ရကြောင်း၊ ဧည့်သည်များလာတွေ့ရာတွင် ပေးသည့် အစား အသောက်များလည်း အပြည့်မရရှိမှုများဖြစ်ပေါ်နေကြောင်း ဆလိုင်းမာန်ဟုန်းက ဆိုသည်။

မင်းတပ်မြို့တွင် ရာသီဥတုအပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် အချုပ်ကျသူများတွင် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကူးစက်ခံရမည်ကိုစိုးရိမ်နေကြခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“အချုပ်ခန်းထဲမှာ မီးခြစ်မယူရဘူး။ ဆေးလိပ်တွေ ဘာတွေသောက်လို့မရဘူး။ သွားတိုက်တံလည်း ထားလို့မရဘူး။ သွားတိုက်ရမယ့်အချိန် ပေးပေးတယ်။ ဒါကတစ်နိုင်ငံလုံးမှာ သတ်မှတ်ထားတာ။ သူတို့သောက်ဖို့အတွက်လည်း ရေသန့်ဘူးကြီးနှစ်ဘူး ထားပေးထားတယ်။ ဧည့်လာတွေ့တဲ့ အချိန်မှာ ပေးတဲ့ ရေသန့်ဘူးတွေတော့ ပေးမသွင်းဘူး”ဟုဝန်ကြီးဗိုလ်မှူးကြီးဟန်ဝင်းအောင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းတပ်ခရိုင်ရဲစခန်းနှင့် မင်းတပ်မြို့မရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။         

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *