NLD အစိုးရလက်ထက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်စနိုင်ဖွယ်မရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃၀
ဆယ်စုနှစ်တစ်ခုကြာရပ်ဆိုင်းထားသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ပြင်ဆင်နေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအဖွဲ့လက်ထက်တွင် လုပ်ငန်းစနိုင်ဖွယ်မရှိကြောင်း ယင်းစီမံကိန်းနှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်နေသည့် EarthRights International အဖွဲ့အစည်း၏ အကြံပေးဦးဘိုဘိုအောင်က ပြောကြားသည်။
EarthRights International သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်လျက်ရှိသော လူမှုအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အဆိုပါစီမံကိန်းကို အပိုင်း(က)၊ အပိုင်း(ခ) စသည့်ဖြင့် အဆင့်ဆင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ကနဦးအပိုင်း (က) ကို မြေဧရိယာပေါင်း ၆၆၇၁ ဧကပေါ်၌ စက်မှုဇုန်နှင့် အခြေခံအဆောက် အဦများကို Myandawei Industrial Estate ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်မည်ဖြစ်သည်။
Myandawei Industrial Estate ကုမ္ပဏီလီမိတက်သည် ၂၀၀၈ ခုနှစ်က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံးကို ရင်းနှီးတည်ဆောက်ခွင့်ရရှိသော အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် Rojana Industrial Park Public ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။
“ကြာလိမ့်မယ်။ အခုဆိုရင် ဆယ်နှစ်ရှိပြီးဆိုတော့ နောက်အစိုးရလက်ထက် အထိ ဖြစ်သွားလိမ့်မယ်။ ၂၀၂၀ နောက်ပိုင်းလောက်မှ စဖြစ်လောက်မယ်”ဟု Earth Rights International အဖွဲ့အစည်း၏ အကြံပေး ဦးဘိုဘိုအောင်က ပြောဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် တိုးတက်မှုအရှိဆုံး အစိတ်အပိုင်းမှာ ထားဝယ်-မေတ္တာ-ထီးခီးလမ်းမှ ထိုင်းနိုင်ငံသို့ ချိတ်ဆက်မည့် လမ်းစီမံကိန်းဖြစ်ပြီး အဆိုပါလမ်းကို ထိုင်းနိုင်ငံချေးငွေဖြင့် အဆင့်မြှင့်တင်နိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency တို့ လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ဆိုသည်။
သို့သော် ယင်းလမ်းသည် ဒေသခံတိုင်းရင်းသားကျေးရွာများသို့ ဖြတ်သန်းဖောက်လုပ်ရခြင်း၊ လမ်းဖောက်မည့် လေ့လာဆန်းစစ်ချက်လုပ်ငန်းများစွာရှိနေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်ပျက်ဆီးမှုမရှိစေရန် ကရင်အမျိုးအသားအစည်းအရုံး (KNU) က သဘောထားထုတ်ပြန်ထားခြင်းစသည့် ငြိမ်းချမ်းရေးလုပ်ငန်များနှင့် ဆပ်စပ်နေသဖြင့် စီမံကိန်းပြန်လည်စတင်ရန်မူ ထင်သလောက်မလွယ်ကူကြောင်း ၎င်းက ဆိုသည်။
ထားဝယ်အထူးစီးပွားရေးစီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့က ရှင်းလင်းသည့် မူဝါဒမရှိသလို စီမံကိန်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဒေသခံများက မသိရှိကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) ဒါရိုက်တာဦးသန့်ဇင်က သုံးသပ်သည်။
စီမံကိန်းကို မည်သို့အကောင်အထည်ဖော်မည်ကို မသိရှိခြင်းကြောင့် ဒေသခံများအနေနှင့် ယင်းစီမံကိန်းအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းသဘောထားကိုပင် ပြောဆိုရန် စောနေသေးကြောင်း ၎င်းက ဆိုသည်။
မြန်မာအထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်ကမူ ယခုနှစ်မိုးကုန်ပိုင်းတွင် လမ်းဖောက်လုပ်မည် ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကိုပါ တစ်ဆက်တည်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်လက ဒုတိယသမ္မတ (၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။
တနင်္လာရီတိုင်းဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်း-မြန်မာ နယ်စပ် တနင်္လာရီတိုင်းဒေသကြီး ထားဝယ်မြို့မြောက်ဘက် ၁၈ မိုင်ခန့် အကွာတွင် တည်ရှိပြီး ရေနက်ဆိပ်ကမ်း အပါအဝင် ဆက်စပ်လုပ်ငန်းများစွာ အကောင်အထည်ဖော်မည်ဖြစ်သည်။