ဆန်းချက်ဇ် တံကောက်ကြောဒဏ်ရာရရှိ၍ မန်ယူ အခက်ကြုံ၊ မော်ရင်ညို၏ အနာဂတ်ကို ရှင်းလင်းစွာသိလိုကြောင်း ဒီဂီယာတောင်းဆို

မန်ချက်စတာ၊ နိုဝင်ဘာ ၃၀

မန်ယူတိုက်စစ်တောင်ပံကစားသမား ဆန်းချက်ဇ်သည် လေ့ကျင့်ရေးအစီအစဉ်တွင် တံကောက်ကြော ထိခိုက်သွားခဲ့ခြင်းကြောင့် ယနေ့တွင် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ယခုဒဏ်ရာကို ရသွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေအရ အာဆင်နယ်နှင့် ကစားရမည့်ပွဲစဉ်တွင်လည်း ဆန်းချက်ဇ်ကို အသင်း  လူစာရင်းတွင် ထည့်သွင်းအသုံးပြုနိုင်ရန်  မလွယ်ကူတော့ကြောင်း နည်းပြ မော်ရင်ညိုက ထုတ်ဖော်ပြောကြားထားသည်။

မန်ယူအသင်းဆေးအဖွဲ့သည် လက်ရှိတွင် ဆန်းချက်ဇ်၏ဒဏ်ရာကို စစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး  ဒီဇင်ဘာပွဲကျပ်များ ဝင်ရောက်လာတော့မည့် ကာလတွင် အသင်းအတွက် အရေးပါသော အမာခံ ပွဲထွက်ကစားသမားတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည်မှာ လွန်စွာစိတ်ပျက်ဖွယ် ကောင်းလှကြောင်းလည်း နည်းပြ  မော်ရင်ညိုက ညည်းတွားအသိပေးသွားခဲ့သည်။

မန်ယူသည် လက်ရှိတွင် အမှတ်ပေးဇယား၏ အဆင့်လေးနေရာတွင် ရပ်တည်နေသော ချယ်လ်ဆီးနှင့် ရမှတ် ခုနစ်မှတ်အထိ ကွာဟလျက်ရှိပြီး ရာသီကုန်ချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာကို ရယူနိုင်ရန်အတွက် လက်ကျန်ပွဲစဉ်များအားလုံးကို အမှားအယွင်းမရှိ ကစားနိုင်မှသာ ဖြစ်တော့မည်ဟုလည်း မော်ရင်ညိုက မှတ်ချက်ပေးထားသည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဆန်းချက်ဇ်ကို လုပ်ခလစာပေးချေထားရမှုမှာ အသင်းအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာခြင်းကြောင့် သင့်တင့်မျှတသော ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိနိုင်မည်ဆိုပါက ရောင်းထုတ်လိုက်ရန် စဉ်းစားနေပြီဖြစ်ကာ မော်ရင်ညိုကမူ ဆန်းချက်ဇ်ကို ငွေကြေးဖြင့် ရောင်းထုတ်မည့်အစား အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်နှင့် အလဲအထပ်လုပ်နိုင်ရန်  ဆန္ဒရှိနေသည်။

မန်ယူပွဲထွက်ဂိုးသမား ဒီဂီယာသည် စာချုပ်သစ်ချုပ်ဆိုရေးကိစ္စကို အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရာတွင်  နည်းပြမော်ရင်ညို၏ အနာဂတ်ကို ရှင်းလင်းစွာ သိရှိခွင့်ရလိုကြောင်း တောင်းဆိုထားပြီး မန်ယူထံတွင် မော်ရင်ညိုဆက်ရှိနေမည်ဆိုပါက ဒီဂီယာမှာ စာချုပ်သစ်ကို ငြင်းပယ်၍ အသင်းပြောင်းရန် ဆုံးဖြတ်ချက်ချမှတ်ဖွယ် အခြေအနေများလည်း ရှိနေသည်။

ဒီဂီယာသည် စာချုပ်သစ်တွင် ၎င်း၏ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ဆန်းချက်ဇ်၏ အခြေခံလုပ်ခလစာ အကျိုးခံစားခွင့်နှင့် တန်းတူတိုးမြှင့်ပေးပါရန် တောင်းဆိုထားပြီး အကယ်၍ ယင်းတောင်းဆိုချက်ကို မန်ယူအသင်းဘက်က လိုက်လျောသဘောတူညီခဲ့မည်ဆိုပါက ဒီဂီယာ၏ တစ်ပတ်လုပ်ခမှာ ပေါင်သုံးသိန်းခွဲသို့  မြင့်တက်သွားတော့မည် ဖြစ်သည်။

ဂျူဗင်တပ်နှင့် ပီအက်စ်ဂျီတို့သည် ဒီဂီယာကို ခေါ်ယူရန်အတွက် စောင့်ကြည့်မှုများရှိနေပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ  ဒီဂီယာကို လက်လွှတ်လိုက်ရပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အကုန်အကျခံကာ ခေါ်ယူရန် စီစဉ်လျက်ရှိသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *