Yangon Water Bus ရန်ကုန် – ဒလခရီး ၂၀၀ ကျပ်ဖြင့် ဈေးလျှော့ပြေးဆွဲ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရေကြောင်းခရီးသည် ပို့ဆောင်ရေးအတွက် Yangon Water Bus က ရန်ကုန် – ဒလခရီးစဉ်တစ်ကြောင်းလျှင် ယာဉ်စီးခ ၃၀၀ ကျပ်မှ ၂၀၀ ကျပ်သို့ လျှော့ချပြေးဆွဲလျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီ၏ သတင်းထုတ်ချက်အရ သိရှိရသည်။

အဆိုပါခရီးအတွက် Yangon Water Bus ကို၂၀၁၇ ခုနှစ်အောက်တိုဘာလ ၈ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်း လျှင် ၃၀၀ ကျပ်ဖြင့် ပြေးဆွဲခဲ့ပြီး ဒလဒေသခံများ၏ တောင်းဆိုမှုကြောင့် ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။

ရန်ကုန် – ဒလသွားလာရေးအတွက် သမ္မတဆိပ်ကမ်း – ဗိုလ်တထောင်ကမ်းနား၊ အံ့ကြီးဆိပ်ကမ်း – ပန်းဆိုးတန်းဆိပ်ကမ်းနှင့် ဆာပါချောင်ဆိပ်ကမ်း – လမ်းသစ်ဆိပ်ကမ်းအစရှိသည့် ခရီးစဉ်တစ်ကြောင်းလျှင် ၂၀၀ ကျပ်ဖြင့် နိုဝင်ဘာလ ၂၅ရက်နေ့မှစတင်၍ ဈေးနှုန်းပြောင်းလဲပြေးဆွဲလျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်ဘက်ကမ်းမှ ဒလဘက်သို့ Water Bus ၊ သင်္ဘော၊ သမ္ဗန်နှင့် ဇက်ရေယာဉ်များ ပြေးဆွဲလျက်ရှိပြီး သွားလာရေးအဆင်ပြေကြောင်း ဒလမြို့နယ်တွင် နေထိုင်သူ ဦးတင်အောင်က ဆိုသည်။

“သွားရေးလာရေးက အဆင်ပြေတယ် နွေရာသီက သိပ်ပြဿနာမရှိဘူး။ မိုးတော့ အခက်အခဲရှိတယ်။ Water Bus ကတော့ ပိုအဆင်ပြေတယ်။ အခု ဈေးလျှော့ပေးတာလည်း ရှိတော့”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သမ္ဗန်ပြေးဆွဲသူများ၏ ဝင်ငွေမထိခိုက်စေရေးအတွက် Water Bus များကို ခရီးသည်များပြားသည့် ရုံးတက်ရုံးဆင်းချိန်များတွင်သာ အဓိထားပြေးဆွဲလျက်ရှိကြောင်း ဒလမြို့နယ် မဲဆန္ဒရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *