“မီဒီယာဟာ ရန်သူမဟုတ်သလို မိတ်ဆွေလည်း ဖြစ်စရာ မလိုပါ”

ဓာတ်ပုံ - မိုးကျော်လွင်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တို့ကို နိုဝင်ဘာလ ၂၃ ရက်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထိုတွေ့ဆုံမှုပြီးနောက် မီဒီယာအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘောထားပြောင်းလဲသွားပြီးလားဟူသည့် မေးခွန်းများလည်း ပေါ်ပေါက်လာခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့် The Voice Journal က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ရပါသည်။

The Voice Journal – မီဒီယာအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဘောထားက ဘယ်လိုပါရှိလဲ ခင်ဗျ။

UAHT – ကျွန်တော် နားလည်သလောက် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မီဒီယာရဲ့ အရေးပါပုံ၊ ဩဇာကြီးမားပုံကို ကောင်းကောင်းသဘောပေါက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မီဒီယာတွေက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပုံကို အတိုင်ပင်ခံပုဂ္ဂိုလ်က အပြည့်အဝနားလည် အသိအမှတ်ပြုပြီး တန်ဖိုးထားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

တစ်ချိန်တည်းမှာပဲ မီဒီယာသမားတွေနဲ့ မီဒီယာအရေခြုံလော်ဘီတွေရဲ့ ကျင့်ဝတ်မလိုက်နာဘဲ မီဒီယာနဲ့ မဆိုင်တဲ့အလုပ်တွေကို ဘောင်ကျော်လုပ်နေတဲ့ အန္တရာယ်ကြောင့် တိုင်းပြည်ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်သွားပြီး ဒုက္ခရောက်နိုင်ပုံကိုလည်း သူကောင်းကောင်း နားလည်တယ်၊ သိပ်လည်းစိုးရိမ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

The Voice Journal – အတိုက်အခံဘ၀နဲ့ အစိုးရဖြစ်တဲ့အခါ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မီဒီယာအပေါ် ရူမြင်ပုံပြောင်းသွားပြီလားခင်ဗျ။

UAHT – ဒီမေးခွန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က MPC ဂုဏ်ပြုညစာစားပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ရင်းရင်းနှီးနှီး အလွတ်သဘောပြောခဲ့တာကို လွဲမှားစွာအဓိပ္ပာယ်ကောက်ပြီး ဆိုရှယ်မီဒီယာမှာ ဝိုင်းဖွခဲ့ကြတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နေတယ်ထင်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မီဒီယာအပေါ် ရှုမြင်ပုံ လုံးဝမပြောင်းလဲပါ။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို မီဒီယာရဲ့အရေးပါပုံကို ကောင်းစွာ အသိအမှတ်ပြုသလို မီဒီယာကြောင့် တိုင်းပြည်နစ်နာသွားနိုင်တာကိုလည်း သူ သိပ်စိုးရိမ်တယ်လို့ ထင်ပါတယ်။

ပြဿနာက မီဒီယာတွေက သူ့အနေအထားကို နားမလည်နိုင်တာပဲ ဖြစ်ပါတယ်။ သူ့မှာ အလုပ်နတာဝန်တွေ သိပ်များပါတယ်။ ဒီမိုကရေစီသက်တမ်း သုံးလေးနှစ်သာရှိသေးတဲ့ တိုင်းပြည်အတွက်လည်း သမိုင်းမှာမကြုံဖူးတဲ့ စိန်ခေါ်မှုနဲ့ ဖိအားပေးမှုတွေ ကြုံတွေနေရတယ်။ နိုင်ငံတကာက လော်ဘီမျိုးစုံကလည်း နေရာပေါင်းစုံက ထိုးဖောက်ဝင်ရောက်ပြီး ဩဇာတည်ဆောက်နေကြတယ်။ အခြားတစ်ဖက်မှာ Constitutional Crises ကြောင့် သူ့ရဲ့ လုပ်ကိုင် နိုင်မှုဟာ အကန့်အသတ်တွေရှိနေတယ်။ မီဒီယာတွေက ဒါတွေကို နားလည်မှုမရှိဘဲ အများကြီး မျှော်လင့်ထားကြတယ်။

The Voice Journal – မြန်မာ့မီဒီယာတွေ ဘယ်ကရတဲ့ ငွေကြေးနဲ့ လည်ပတ်နေတာလဲလို့ အတိုင်ပင်ခံပုဂ္ဂိုလ်က မေးခွန်းထုတ်တယ်လို့ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပြောကြောင်း ကြားသိရပါတယ်။ ဒါကြောင့် ဒီအချက်ကို  RTI(Right to information) ဥပဒေကြမ်းမှာ ထည့်ဖို့ ကြိုးစားမယ်လို့ ကြားသိရပါတယ်။ ဒီလိုလုပ်ဖို့ တကယ်ပဲ လိုအပ်လား။ ဘာ့ကြောင့်ပါလဲခင်ဗျာ။ ဒုဝန်ကြီးရဲ့ အမြင်ကိုသိပါရစေ။

UAHT – ဒီမေးခွန်းမေးတာကို ကျွန်တော်မကြားခဲ့ပါ။  မေးခဲ့ရင်တောင်မှ သူသဘောရိုးနဲ့ မေးတာလို့ပဲ ကျွန်တော် နားလည်ပါတယ်။ အနောက်နိုင်ငံက မီဒီယာအချို့မှာ အရှေ့အလယ်ပိုင်းဒေသက ရင်းနှီးမြှုပ်နှံမှု၊ ကြော်ငြာစတဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့ သူတို့ရဲ့မူဝါဒဟာ မျှတမှု မရှိနိုင်တော့တာကို သူကောင်းကောင်းသဘောပေါက်တယ်လို့ ကျွန်တော် ထင်ပါတယ်။

RTI မှာ ထည့်မယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျာ။ RTI မူကြမ်းကို လောလောဆယ်မှာ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနအတွင်းမှာ သုံးသပ်နေကြပါတယ်။ နိုင်ငံတကာက အကောင်းဆုံး RTI တွေနဲ့ နှိုင်းယှဉ်လေ့လာပြီး ကျွန်တော်တို့နဲ့ အံဝင်အောင်လုပ်မှာပါ။ RTI မှာ ထည့်ချင်တိုင်းထည့်လို့ မရပါဘူး။ မူကြမ်းအဆင်သင့်ဖြစ်တဲ့အခါ အားလုံးကို စနစ်တကျချပြမှာပါ။

The Voice Journal – အချက်အလက် ဘယ်လောက်မှန်မှန် ဘယ်လိုပုံစံရေးသားတင်ပြလဲဆိုတဲ့ အပေါ် မူတည်ပြီး နားထောင်တဲ့ သူအပေါ် သက်ရောက်မှုရှိတယ်လို့ အတိုင်ပင်ခံက ပြောသွားတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။ လက်ရှိပုဂ္ဂလိကမီဒီယာတွေရဲ့ အစိုးရအပေါ်ထောက်ပြချက်တွေဟာ နာလိုခံခက် ဖြစ်နေလို့လားခင်ဗျ။

UAHT – အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ပြခဲ့တာ သိပ်မှန်ပါတယ်။ အချက်အလက်နဲ့ အကြောင်းခြင်းရာ မှန်ကန်မှုကို စကားလုံးရွေးချယ်ပုံ၊ ရေးသားတင်ပြပုံ၊ ဝါကျဖွဲ့စည်းပုံ၊ စာပိုဒ်တည်ဆောက်ပုံ၊ တင်ပြတဲ့ ရှုထောင့်စသည်တို့က ဖတ်ရှုသူ၊ နားထောင်သူတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ကွဲလွဲစေပါတယ်။ ဘာသာစကားကျွမ်းကျင်တဲ့သူတွေဆို သဘောပေါက်ကြမှာပါ။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားမှာ ပိုသိသာပါတယ်။

ဥပမာပြောရရင် – All the journalists in Myanmar are not qualified enough. ဆိုတာနဲ့ Not all the journalists in Myanmar are qualified enough. ဆိုတဲ့ ဝါကျနှစ်ကြောင်းဟာ လုံးဝမတူပါဘူး။ ပထမဝါကျက မြန်မာပြည်ကသတင်းထောက်တွေ တစ်ယောက်မှ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း မရှိကြဘူးလို့ အဓိပ္ပာယ်ရပြီး ဒုတိယဝါကျကတော့ မြန်မာပြည်ကသတင်းထောက်အချို့က ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းမရှိကြဘူး။  အချို့ကတော့ ရှိကြတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုတာက Not ရဲ့နေရာကို ပြောင်းလိုက်တာဟာ ဆိုလိုရင်းကို လုံးဝပြောင်းလဲစေပါတယ်။

အလားတူပါပဲ Only I love you. I only love you. I love you only. ဆိုတဲ့ဝါကျတွေမှာ only ရဲ့ နေရာပေါ် မူတည်ပြီး အဓိပ္ပာယ် လုံးဝကွဲလွဲသွားပါတယ်။ စကားလုံးရွေးချယ်ပုံကလည်း အဓိပ္ပာယ်ကို အများကြီးသက်ရောက်မှုရှိပါတယ်။

ဦးဘအား တာဝန်မှ ရပ်စဲလိုက်သည်။ ဦးဘအား အလုပ်မှထုတ်ပယ်လိုက်သည်။ ဦးဘအား အငြိမ်းစား ပေးလိုက်သည်။ ဦးဘအား အငြိမ်းစားယူရန် ခွင့်ပြုလိုက်သည် စတဲ့ ဝါကျတွေကို ဖတ်ကြည့်ရင် သိသာမှာပါ။ အင်္ဂလိပ်ဘာသာစကားမှာက စကားလုံးရွေးချယ်မှုက ပိုသတိထားရပါတယ်။

Three passengers were wounded. နဲ့ Three passengers were injured. တို့ဟာ တူသလိုလိုနဲ့ လုံးဝ မတူပါဘူး။ Wounded ကို အင်္ဂလိပ်ဘာသာမှာ လက်နက်တစ်ခုခုနဲ့ ဒဏ်ရာရတာကိုပဲ သုံးလေ့သုံးထ ရှိတယ်။ Injured ကတော့ လက်နက်ပါရင်ဖြစ်စေ၊ မပါရင်ဖြစ်စေ သုံးလို့ ရပါတယ်။

တင်ပြတဲ့ ရှုထောင့်လည်း သိပ်အရေးကြီးတာပေါ့။ အမှားတွေကို ဝေဖန်ထောက်ပြရမှာက မီဒီယာ အလုပ်ပါ။ ဒါပေမဲ့ Constructive Criticism အပြုသဘောနဲ့ ဝေဖန်ထောက်ပြအကြံပေးတာပဲ ဖြစ်သင့်ပါတယ်။ အငြှိုးအာဃာတနဲ့ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ဝေဖန်တိုက်ခိုက်တာတွေ လုံးဝမလုပ်သင့်ပါ။

The Voice Journal – ဒီအစိုးရလက်ထက်မှာအတိုင်ပင်ခံအနေနဲ့ ပြည်တွင်းမီဒီယာတွေကို သတင်းကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံမှုမရှိတာကရော ဒီလို နားလည်မှုလွဲတဲ့ အကြောင်းရင်း ဖြစ်နေမလားခင်ဗျ။

UAHT – ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်တွင်း ပြည်ပမီဒီယာတွေအပေါ်မှာ ယုံကြည်မှု နည်းပါးသွားတာကတော့  သူတစ်ယောက်တည်းမကပါဘူး။ နိုင်ငံတော်အဆင့် အရာရှိကြီးတွေ အပါအဝင် ပြည်သူ အများစုလို့ ပြောလို့ရပါတယ်။ ကျင့်ဝတ်မလိုက်နာဘဲ ထင်ရာစိုင်းသွားခဲတဲ့ သတင်းသမားအချို့ရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ သူတွေက တိုင်တန်းပြောဆိုတာကို ကျွန်တော် သတင်းမီဒီယာကောင်စီမှာ တာဝန်ယူနေခဲ့စဉ်တုန်းက မကြာခဏ ကြားသိခဲ့ရပါတယ်။ ပုံမှားရိုက်ပြီး ဖုန်းဆက်မေးတာတို့၊ ဖုန်းနဲ့ခိုး အသံသွင်းပြီး ခွင့်ပြုချက်မတောင်းဘဲ အသံကို သုံးတာတို့၊ ခွင့်ပြုချက်မတောင်းဘဲ နာမည်ကို ဖော်ပြတာတို့၊ ပြောတာနဲ့ ရေးတာ လုံးဝကွဲလွဲတာတို့၊ လိုချင်တာကို အဆက်အစပ်မရှိ ဆွဲနုတ်ပြီး ဖော်ပြတာတို့ စုံနေတာပါပဲ။

အားလုံးသိပြီးဖြစ်ကြမှာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ကျင့်ဝတ်မညီတဲ့ မီဒီယာအချို့ရဲ့ ဒဏ်ကို ကိုယ်တိုင် ခံစားခဲ့ရသူပါ။ နိုင်ငံတကာမီဒီယာအချို့က သူ့ပြောတာတွေကို မှားယွင်းစွာဖော်ပြပြီး အဲဒါအပေါ် အခြေခံပြီး ပုတ်ခတ်ဝေဖန် တာတွေရှိခဲ့ဖူးတယ်။ အမှန်ကို ပြန်ရှင်းတဲ့အခါကျတော့ သူတို့က သိပ်ဂရုတစိုက်မလုပ်ကြတော့ဘူး။

သတင်းမီဒီယာကောင်စီ ညစာစားပွဲမှာလည်း သူပြောတာကို တစ်ယောက်က လိုချင်သလိုဆွဲ ချဲ့ကားအဓိပ္ပာယ်ကောက်ပြီး အခြားသူတွေဆီ ဖြန့်လိုက်တယ်။ အဲဒါကို အချို့က ပွဲဆူအောင်ထပ်လုပ်ကြတယ်။ ပြည်တွင်းမီဒီယာတွေနဲ့ ထိတွေ့မှု နည်းနေတာက အလုပ်တာဝန်များပြားတာ အဓိက ဖြစ်ပါလိမ့်မယ်။

တဖြည်းဖြည်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်သွာဖို့လိုပါတယ်။ အဲဒီလိုရည်ရွယ်ပြီးတော့ MPC ဂုဏ်ပြုညစာစားပွဲ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်လာခဲ့တာကတော့ သိတဲ့အတိုင်းပါပဲ။ မီဒီယာသမားတိုင်း ဒီလိုမဟုတ်ဘူးဆိုတာ ကိုယ့်ဘက်က ပြဖို့လိုပါလိမ့်မယ်။

The Voice Journal – ရခိုင်အရေးနဲ့ ရိုက်တာကိစ္စ၊ ရန်ကုန်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ စီမံကိန်းတွေကို မီဒီယာတွေက ဝေဖန်ကြတဲ့ကိစ္စတွေ နောက်ပိုင်းအစိုးရနဲ့ မီဒီယာအကြား ယုံကြည်မှုပျောက်သွားတယ်လို့ ဆိုနိုင်မလား။

UAHT – အဲဒီလို သတိထားမိပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မီဒီယာလောကမှာ ဘ၀မြှုပ်နှံ့ လုပ်ကိုင်နေရာကနေ ၂၀၁၂ ခုနှစ် ရခိုင်မြောက်ပိုင်းမှာ ပြဿနာစတင်ပေါ်ပေါက်လာပြီး မကြာခင်မှာပဲ  နိုင်ငံတကာမီဒီယာကြီးတွေမှာ ဘက်လိုက်မှုတွေရှိနေတာကို အနီးကပ် သေသေချာချာ တွေ့မြင်လိုက်ရတော့ တော်တော်စိတ်ပျက်သွားခဲ့ရပါတယ်။

The Voice Journal – ဒီ အစိုးရနဲ့ မီဒီယာအကြား သတင်းထုတ်ပြန်ရေးလမ်းကြောင်းတစ်ခု  မဖော်ဆောင်နိုင်ဘူးလား။ ဥပမာအားဖြင့် သမ္မတရုံးက ထုတ်ပြန်ချက်တွေကိုဆိုရှယ်မီဒီယာပေါ် အရင် မတင်ဘဲ မီဒီယာတိုက်တွေဆီ အရင်ပို့ပေးခြင်းအားဖြင့် ဖော်ဆောင်လို့မရဘူးလား။ ဒီလိုလုပ်ခြင်းအားဖြင့် ဆိုရှယ်မီဒီယာအပေါ်ကနေ ထုတ်ပြန်ချက်အတုကိစ္စလည်း ပျောက်သွားနိုင်တာပေါ့ခင်ဗျာ။

UAHT – သတင်းထုတ်ပြန်ပုံနည်းစနစ်တွေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ လိုတာကို ကျွန်တော် လက်ခံပါတယ်။ နည်းလမ်းတွေက အမျိုးမျိုးရှိကြမှာပါ။

The Voice Journal – Access to information အပိုင်းမှာ အရမ်းအားနည်းနေတယ်။ အဲဒါကို ဘယ်လိုရှင်းကြမလဲခင်ဗျ။ ပြီးတော့ Access to information ပေးလည်းရေးချင်တာရေးကြတယ် ဆိုတာမျိုး အတိုင်ပင်ခံက ပြန်ကြားရေးဝန်ကြီးကို ပြောတယ်ဆိုတော့ အဲဒီလို ပြောကြားချက်အပေါ်လည်း မီဒီယာတွေက စိုးရိမ်နေပါတယ်။ နည်းနည်းရှင်းပြပေးပါ။

UAHT – အနောက်နိုင်ငံမီဒီယာအချို့ကို ရခိုင်မြောက်ပိုင်းကို သွားရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။ ဟိုရောက်တော့ သူတို့မေးချင်သူကို ကွက်မေးပြီး ပြန်သွားတဲ့အခါကျတော့လည်း ရေးချင်တာကို သူတို့ရဲ့ Agenda အတိုင်းရေးခဲ့ကြတာကို ဆိုလိုပုံရပါတယ်။

Access to information တဖြည်းဖြည်းတော့ တိုးတက်လာနေပါတယ်။  စီးပွားရေးသတင်းတွေနဲ့ ပတ်သက်ရင် DICA၊ Central Statistical Organization (CSO) ၊ Commerce Ministry ၊ UMFCCI စတဲ့ Websites တွေ တော်တော်တိုးတက်လာတာကို တွေရပါတယ်။ Myanmar National Portal လည်း စတင်နေပါပြီ။  Conflict Areas တွေမှာ သတင်းယူတာနဲ့ ပတ်သက်လို့တော့ လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်။ သွားလာတည်းခိုရေးအခက်အခဲနဲ့ လုံခြုံရေးကိစ္စတွေကြောင့်ပါ။

The Voice Journal – လက်ရှိ ပြန်ကြားရေးက ပေးထားတဲ့ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်တွေမှာ အငြိမ်းစားဖြစ်တဲ့သူတွေ ပါနေပါတယ်။ ဥပမာ စီမံ/ဘဏ္ဍာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသဖြင့်ပါ။ သတင်းရယူပိုင်ခွင့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာတွေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ ခင်ဗျ။

UAHT – ဒီကိစ္စနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိနေသေးတာကို အသိအမှတ်ပြုပါတယ်။ ဌာနဆိုင်ရာတွေမှာလည်း အခက်အခဲ အဟန့်အတားတွေ ရှိနေပါသေးတယ်။ ဒါကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ e-Government မှာလည်း ပါဝင်ပါတယ်။ မီဒီယာတွေကို ကိုင်တွယ်ဖို့ စနစ်တကျလေ့ကျင့်တာဝန်ပေးထားတဲ့ သတင်းပြန်ကြားရေးအဖွဲ့ဆိုတာ သတ်သတ်မှတ်မှတ် ထားရှိလာပါလိမ့်မယ်။ အခြားတစ်ဖက်မှာလည်း RTI ပေါ်လာမှာပေါ့။ အချိန်တော့ ယူရပါဦးမယ်။

The Voice Journal – သတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်ရင် တစ်လောက ရန်ကုန်ဝန်ကြီးချုပ်ရဲ့ Eleven အမှုအကြောင်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာ ငါးခုလောက်ကို ရွေးဖိတ်သွားတာကို တွေ့ရပါတယ်။ အစိုးရပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာအကြား တန်းတူဆက်ဆံခြင်းမရှိတာက ဘာ့ကြောင့်ပါလဲ။

UAHT – အပေါ်မှာကျွန်တော်ပြောခဲ့သလို မီဒီယာတွေနဲ့ ဆက်ဆံရမှာကို စိုးရိမ်ကြောက်ရွံ့သွားကြပုံ ရပါတယ်။ မီဒီယာဟာ ရန်သူ မဟုတ်သလို မိတ်ဆွေလည်း ဖြစ်စရာမလိုပါ။ မီဒီယာနဲ့ အစိုးရ အဖွဲ့အစည်းတွေကြားမှာ ချောမွေ့တဲ့ အလုပ်သဘောဆက်ဆံမှုရှိဖို့ အရေးကြီးပါတယ်။ အချိန်ယူနားလည်မှု တည်ဆောက်ဖို့လိုပါတယ်။

The Voice Journal – ဒုဝန်ကြီးဟာ လူအများလေးစားတဲ့ သတင်းစာဆရာလည်းဖြစ်တော့ လက်ရှိ ပြည်တွင်းမီဒီယာတွေရဲ့ အဓိကအားနည်းချက်က ဘာတွေလို့ မြင်ပါလဲခင်ဗျ။

UAHT – လက်ရှိ ပြည်တွင်းမီဒီယာတွေရဲ့ အဓိက အားနည်းချက်ကတော့ စီးပွာရေးအရ ရေရှည်ရပ်တည်ဖို့ ခက်ခဲနေခြင်းပဲဖြစ်ပါတယ်။ အားထားရမယ့် ပြည်တွင်းမီဒီယာအချို့ သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် အခက်အခဲတွေကြုံတွေ့နေရတာကို စိတ်မကောင်းဖြစ်ရပါတယ်။ မီဒီယာလောကသားအချို့ ပြည်ပက နှောင်ကြိုးပါ အထောက်အပံ့တွေရယူနေ ရပြီး သူတို့ ကျေးဇူးရှင်တွေ အလိုကျ မလုပ်သင့်တာတွေကို လုပ်၊ အချို့ကလည်း မီဒီယာလောကကို စွန့်ခွာပြီး လိုင်းပြောင်းသွားတာ တွေရလို့ စိတ်မကောင်းဖြစ်ရပါ တယ်။ တိုင်းပြည်အတွက် စိတ်မကောင်းလည်း ဖြစ်ရ စိုးလည်း စိုးရိမ်မိပါတယ်။ ပုဂ္ဂလိကမီဒီယာ အားကောင်းမောင်းသန်ရှိမှ တိုင်းပြည်ကို နှလုံးရည်နဲ့ ကာကွယ်စောင့်ရှောက်ဖို့အတွက် ထူးချွန်ထက်မြက်တဲ့ သတင်းသမားကောင်းတွေ ပေါ်ထွန်းလာနိုင်မယ်ယုံကြည်ပါတယ်။

The Voice Journal – အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *