ဗုဒ္ဓဘာသာအတွက် အတွင်းရန်

ဓာတ်ပုံ - မိုးကျော်လွင်

ဗုဒ္ဓဘာသာဝင်အများစုရှိသော မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာအကာအကွယ်ကို ယူကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်စားကြသူ များပြားလာသလောဟု သံသယဖြစ်ဖွယ်ကောင်းနေသည်။

သတင်းမီဒီယာ၊လူမှုကွန်ရက် မီဒီယာများတွင်လည်းသာသနာအရေခြုံသူများ၏ ငွေကြေးလိမ်လည်မှုများ၊ ကလေးသူငယ်များအပေါ် အဓမ္မပြုကျင့်မှုများကို လူထု၏ မကျေမနပ်ဝေဖန်ချက်များနှင့်အတူ တွေ့လာရသည်။

ထို့အပြင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အဆုံးအမတရားနှင့် ဆန့်ကျင်သည်များကို ဗုဒ္ဓသာသနာ့ဝန်ထမ်းအဖြစ် ခံယူထားသူများကိုယ်တိုင်က ဟောပြောနေမှုများလည်း ရှိလာသည်။

ယင်းဖြစ်ရပ်များက ဗုဒ္ဓသာသနာကို ဗုဒ္ဓသာသနာဝန်ထမ်းဟု ဆိုသူများကိုယ်တိုင်က ပျက်စီးစေရန်ဆောင်ရွက်နေခြင်းလောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။

“သာသနာမှာ အပြင်ရန်ထက် အတွင်းရန်က ပိုဆိုးပါတယ်”ဟု မန္တလေး မြို့တော် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ကြားသည်။

သာသနာကို ညှိုးနွမ်းစေသည်

လူတိုင်း မိုဘိုင်းလ်ဖုန်းအသုံးပြုနိုင်သော ယနေ့ခေတ်တွင် လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုလည်း ပိုမိုများပြားလာပြီး သာသနာ့ဝန်ထမ်းအမည်ခံများ၏ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေသည့် လုပ်ရပ်များသည် ပိုမိုထင်ရှားလာသည်။

သာသနာ့ဝန်ထမ်းဟု ဆိုသူများ၏ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေသည့် လုပ်ရပ်များဆိုသည်မှာ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး သို့မဟုတ် သီလရှင်ဟုဆိုသူများက ဗုဒ္ဓဘုရားကိုယ်တော်၏ အဆုံးအမနှင့် ဆန့်ကျင်သည်များကို ဆောင်ရွက်လာကြခြင်းဖြစ်သည်။

ယင်းသို့ ဆန့်ကျင်သည့်လုပ်ရပ်များတွင် ငွေကြေးလိမ်လည်ခြင်း၊ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကဲ့သို့ ရာဇဝတ်မှုများအပါအဝင် ဗုဒ္ဓဘုရား၏ အဆုံးအမကို သွေဖည်သော ဟောပြောချက်များကို ပြောဆိုပို့ချနေခြင်းများလည်း ပါဝင်သည်။

ထို့အပြင် ဗုဒ္ဓဘုရားကိုယ်တော်သတ်မှတ်ခဲ့သော ဝိနည်းတော် (သံဃာ့စည်းကမ်း)နှင့် မလျော်ညီသော ဘောလုံးပွဲကြည့်ခြင်း၊ ကားဂိတ်ပန်းခြံများတွင် ငွေကြေးတောင်းခံခြင်းများကိုလည်း မြို့ပြများတွင် မကြာခဏတွေ့မြင်လာရသည်။

ကျောင်းသူတစ်ဦးဖြစ်သူ မခိုင်ဆုသည်လည်း သင်္ကန်းဝတ်ပြီး လိမ်လည်ငွေတောင်းခံသော သံဃာအတုများနှင့် ဆူးလေဘုရားအဝိုင်းပတ်လည်တွင် ၂၀၁၈ ခုနှစ် မေလအတွင်းက ကြုံခဲ့ရသည်။ ထိုနေရာတွင် ခေတ္တရပ်နေစဉ် သင်္ကန်းဝတ်နှစ်ဦးက အရှေ့တွင် လာရပ်၍ မုန့်ဟင်းခါး ဘုဉ်းပေးလိုသည်ဟုဆိုကာ ငွေတောင်းခံရခြင်း ဖြစ်သည်။

ထိုလူနှစ်ဦးက လက်တစ်ဖက်စီကို သင်္ကန်းအောက်တွင် ဖွက်၍ လက်နက်တစ်စုံတစ်ခု ပါလာသည့် ဟန်ပြလာသောကြောင့် ငွေကျပ် ၁၅၀၀ ကို ပေးလိုက်ရကြောင်း ၎င်းက ဆိုသည်။

ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်ကို ကျောင်းထိုင်ဆရာတော်က လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်သည့်အမှုအချို့လည်း ပေါ်ပေါက်ခဲ့ဖူးသည်။

လတ်တလော နိုဝင်ဘာလအတွင်းမှာပင် ယောဂီဝတ်နန္ဒမာလာဆိုသူ အမျိုးသမီး၏ ငွေကြေးသောင်းနှင့် ချီကာ လိမ်လည်သည်ဆိုသည့် စွပ်စွဲချက်လည်း ပေါ်ပေါက်နေပြန်သည်။

နစ်နာသူများက တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသော်လည်း မင်္ဂလာဒုံမြို့နယ်နေ နန္ဒမာလာဆိုသည့် အမျိုးသမီးမှာ လွတ်မြောက်နေဆဲဖြစ်သည်။

ထို့အပြင် MRTV 4 ဆရာတော် ဟု ကျော်ကြားခဲ့ဖူးသော ဆရာတော်ဘဒ္ဒန္တကဉ္စနောဘာသသည် သင်္ကန်းဝတ်ဘ၀တွင် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီးနောက် လူထွက်ခဲ့ကြောင်း အဆိုပါ ဆရာတော်၏ ဇနီးဟုဆိုသူ မဂျူးမြတ်ချယ်က အောက်တိုဘာလဆန်းကပင် ရုပ်သံဗီဒီယိုရိုက်ကာ လူမှုကွန်ရက်တွင် တင်ထားသေးသည်။

ယင်းကဲ့သို့ သာသနာ့အရေခြုံသူများ၏ ပြစ်မှုကျူးလွန်မှုများကြောင့် ဝိနည်းတော်အတိုင်း ကျင့်ကြံအားထုတ်နေသော သာသနာ့ဝန်ထမ်းသံဃာတော်များနှင့် သီလရှင်ဆရာလေးများအပေါ် အများပြည်သူ၏ ကြည်ညိုမှုကျဆင်းစေ ကြောင်း အချို့သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဆိုကြသည်။

“လူတွေရဲ့ ကြည်ညိုမှုလျော့နည်း သွားတာပေါ့။ ညစ်ပတ်တယ်ဆိုတာ သာသနာက ညစ်ပတ်တာ မဟုတ်ဘူး။ သာသနာထဲနေတဲ့သူတွေရဲ့ ညစ်ပတ်မှုကြောင့် သာသနာကိုပါ ညစ်နွမ်းစေတာ”ဟု ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ရှိ ဇေတဝန်ကျောင်းတိုက်ဆရာတော်ဒေါက်တာ အရှင်သောပါကက မိန့်ကြားသည်။

ဒေါက်တာအရှင်သောပါကသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဗဟိုတွင် ပြန်ကြားရေးတာဝန်ယူခဲ့ဖူးသည့် ပုဂ္ဂိုလ်ဖြစ်သည်။

ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေရန် ပြစ်မှုကျူးလွန်နေသူများကို အရေးယူသင့်ပြီး ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ဗုဒ္ဓသာသနာအရေခြုံပြစ်မှုကျူးလွန်သူများကို အရေးယူရန်မှာ သာသနာ ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့တွင် အဓိကတာဝန်ရှိသည်ဟုလည်း ဒေါက်တာအရှင်သောပါကက The Voice Journal သို့ မိန့်ကြားသည်။

ဓာတ်ပုံ – မိုးကျော်လွင်

စနစ်တကျ အရေးယူရန်လိုသည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကမူ ဗုဒ္ဓသာသနာ့ဝန်ထမ်းအမည်ခံကာ ဝိနည်းတော်နှင့် မညီဘဲ နေထိုင်သူများ၊ ရာဇဝတ်ပြစ်မှုကျူးလွန်သူများနှင့် မိမိကိုယ်ကျိုးအတွက် ငွေရှာနေသူများကို ထိရောက်စွာအရေးယူနေကြောင်း ပြောဆိုသည်။

“နိုင်ငံတော်သံဃမဟာနာယကက အဲဒီအဖွဲ့တွေကို အရေးယူဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ မြို့နယ်တိုင်းမှာ သံဃာ့စည်းကမ်းထိန်းသိမ်းရေးဆိုတာ ရှိပြီးသားပါဗျ။ အဲဒီအဖွဲ့တွေက အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးရုံး၏ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

သာသနာ့အရေခြုံကာ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းအောင်လုပ်ဆောင်နေသူများသည် ဗုဒ္ဓဘုရားဟောကြားပြဋ္ဌာန်းထားသော ဝိနည်းတော်နှင့်အညီ မနေထိုင်သူများ၏ လုပ်ဆောင်မှုသာ ဖြစ်ပြီး သံဃာအစစ်များသည် ဝိနည်းတော်နှင့် အညီသာ ပြုမူဆောင်ရွက်သည်ဟု ၎င်းက မှတ်ချက်ပေးသည်။

ဝိနည်းတော်ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားပြဋ္ဌာန်းထားသော သံဃာများ ပြုမူနေထိုင်ရမည့် စည်းကမ်းသတ်မှတ်ချက်များဖြစ်ပြီး သံဃာများအတွက်မူ အကျဉ်းချုပ်အားဖြင့် သိက္ခာပုဒ် ၂၂၇ သွယ် ရှိသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးဖြစ်စေ၊ သီလရှင်ဖြစ်စေ သာသနာ့ဝန်ထမ်း တစ်ဦးဦးက ဝိနည်းနှင့် မညီညွတ်သည့် အပြုအမူတစ်မျိုးမျိုးပြုလုပ်မှု ထင်ရှားပါက သက်ဆိုင်ရာ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ကို တိုင်ကြားနိုင်ကြောင်း ဦးအောင်ဆန်းဝင်း က ပြောဆိုသည်။

ယင်းသို့ တိုင်ကြားပါက သက်ဆိုင်ရာမြို့နယ်သံဃာ့မဟာနာယက ဆရာတော်များက လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်မည်ဖြစ်ပြီး သာသနာရေးဝန်ကြီးဌာနကလည်း သံဃာ့မဟာနာယကဆရာတော်များ၏ ဆောင်ရွက်မှုကို ပံ့ပိုးပေးနေကြောင်း ၎င်းက ဆိုသည်။

“သံဃာကိစ္စသံဃာဆောင်ရွက်ရမယ်ဆိုပြီး ၁၉၈၀ ပထမအကြိမ် ဂိုဏ်းပေါင်းစုံအစည်းအဝေးက ဆုံးဖြတ်ထားတယ်။ သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဆိုတဲ့ မူအတိုင်း မြန်မာနိုင်ငံမှာ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။

သို့သော်လည်း သာသနာအရေခြုံကာ ဝိနည်းနှင့် အညီမနေဘဲ ပြစ်မှုကျူးလွန်သူများကို သံဃာ့မဟာနာယကအဖွဲ့က အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှုအားနည်းနေသည်ဟု ဆိုလာသူလည်း ရှိသည်။

“တကယ်တမ်း ထိထိရောက်ရောက် လုပ်နေကြတာ နည်းတာပေါ့။ တကယ်စနစ်တကျ မဖြေရှင်းရင် မပျောက်စရာမှ မရှိဘဲ”ဟု ဒေါက်တာအရှင်သောပါကက မိန့်ကြားသည်။

သာသနာတော် သန့်ရှင်းရေးအတွက် ဝိနည်းနှင့်မညီသူများကို အရေးယူဆောင်ရွက်ရာတွင် အစီအစဉ်ချ၍ စနစ်တကျဆောင်ရွက်ရမည်ဟုလည်း ၎င်းက ဆက်လက်မိန့်ကြားသည်။

“တစ်ရက်လုပ်ပြီးတော့ ဒီအတိုင်း ပစ်ထားလို့တော့ ဘယ်ရမလဲ။ စနစ်တကျစောင့်ရှောက်တာမျိုးတွေ လုပ်ရမှာပေါ့။ အခုက စိတ်ကူးပေါက်မှ၊ ဒီနေ့လုပ်တယ် နောက်နေ့ကျ ပစ်ထားလိုက်တာမျိုး ဆိုရင်တော့ မရဘူးလေ။ စနစ်တကျ ပီပြင်အောင်၊ ပပျောက်အောင် ပုံစံချပြီးလုပ်ရင် ထိရောက်တာပေါ့”ဟု ဒေါက်တာအရှင်သောပါကက ဆိုသည်။

လူ့အဖွဲ့အစည်းက ငြင်းပယ်သင့်သည်

ထေရဝါဒဗုဒ္ဓသာသနာတော်တွင် သာသနာ့ဝန်ထမ်းဟုဆိုသူများ၏ ဝိနည်း နှင့်မညီညွတ်ဘဲ ပြုမူနေထိုင်မှုများမှာ အများအပြားပင် ဖြစ်သည်။

သင်္ကန်းဝတ်ကာ ဘောလုံးပွဲကြည့်မှုများအပါအဝင် အမျိုးသမီး(မာတုဂါမ) နှင့်အတူနေ အိမ်ထောင်ပြုမှုများလည်း ရှိနေကြောင်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရှင်သာမဏေဓမ္မဗိမာန်သာသနာ့ဝန်ဆောင်အဖွဲ့ အတွင်းရေးမှူးဦးကြည်တွဲက ပြောဆိုသည်။

ရှင်သာမဏသာသနာ့ဝန်ဆောင်အဖွဲ့သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရန် ဝိနည်းနှင့်အညီ ပြုမူကျင့်ကြံသော သာမဏေများ ပေါ်ထွက်လာရေးအတွက် သာမဏေကျော်စာတော်ပြန်ပွဲများ ကျင်းပပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ဝိနည်းနှင့် မညီညွတ်သော သာသနာ့ဝန်ထမ်းများ ပပျောက်ရန်အတွက် အစိုးရတွင် အဓိကတာဝန်ရှိပြီး ဝိနည်းကျင့်ဝတ်နှင့် မညီညွတ်မူများကို လူအများကလည်း လက်မခံရန် လိုအပ်ကြောင်း ဦးကြည်တွဲက ပြောဆိုသည်။

“လူတွေကတော့ ပထမဆုံးဒါမျိုးကို လက်မခံနဲ့ပေါ့။ နောက် မိမိပတ်ဝန်းကျင်က လူတွေကိုလည်း ဝိနည်းနဲ့မညီရင် လက်မခံတာမျိုးဖြစ်အောင် စည်းရုံးရမှာပေါ့။ သာမန်လူတွေ၊ အဖွဲ့အစည်းတွေ ကတော့ ဘုန်းကြီးတွေကို သွားပြောလို့မရဘူး” ဟု ၎င်းက ဆိုသည်။

ဘုန်းတော်ကြီးများသည် သာမန်လူများထက်မြင့်သည်ဟု ယူဆနေပြီး သာမန်လူများကို Second Class (ဒုတိယတန်းစား)ဟု ရှုမြင်နေသောကြောင့် ဝိနည်းနှင့် မညီညွတ်မူများကို သွားပြောပါက လက်ခံမည်မဟုတ်ဟုလည်း ဦးကြည်တွဲက မှတ်ချက်ပေးသည်။

သို့သော် အစိုးရ၏ အနေအထားမှာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ရမည့် သူများ ဖြစ်သောကြောင့် အစိုးရ၏အမိန့်ဖြင့် သာသနာသန့်ရှင်းရေးကို ထိရောက်စွာ ဆောင်ရွက်ပါက အောင်မြင်နိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းနေပြီး သာသနာသန့်ရှင်းရေးထက် ဆောင်ရွက်ရန် အခြားအရေးကြီးကိစ္စများရှိနေသည်ဟု အစိုးရက ယူဆနေသောကြောင့် သာသနာသန့်ရှင်းရေးကို အစိုးရအနေနှင့် ထိရောက်စွာမလုပ်နိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ရှုမြင်သည်။

ထို့အပြင် ရဟန်းသံဃာများကို ကိုးကွယ်သည့် ဗုဒ္ဓဘာသာဝင်များလည်း မြန်မာနိုင်ငံတွင် များပြားနေသဖြင့် သံဃာအရေးကို ထိရောက်စွာဆောင်ရွက်ပါက မလိုလားအပ်သော လူထုအုံကြွမှုများဖြစ်လာမည်ကို အစိုးရက စိုးရိမ်ပုံရကြောင်း ဦးကြည်တွဲက သုံးသပ်သည်။

ထေရဝါဒဗုဒ္ဓသာသနာတော်သန့်ရှင်းတည်တံ့၍ တိုးတက်လာပါက ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများလည်း ကြောင့်ကြကင်းကာ ဗုဒ္ဓတရားတော်များ လေ့လာခြင်း၊ ဝိပဿနာတရားအားထုတ်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

သံဃာတော်များ တရားဓမ္မအလုပ်တွင် သေချာစွာဆောင်ရွက်လာနိုင်ပါက သံဃာတော်များကို ကိုးကွယ်နေသော လူအများလည်း ကိုယ်ကျင့်တရားကောင်းလာမည်ဖြစ်ကာ မြန်မာနိုင်ငံ တိုးတက်လာမည်ဖြစ်သည်။

သာသနာအရေခြုံကာ လုပ်စားနေသူများသည် ယနေ့ခေတ်တွင်သာ များပြားလာသည် မဟုတ်ဘဲ ယခင် အစိုးရခေတ်အဆက်ဆက်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာများထွန်းကားမှု အားနည်းခဲ့သောကြောင့် လူသိရှင်ကြားမဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်အရှင်အရိယာဝံသာဘိဝံသက မိန့်ကြားသည်။

“မီဒီယာကလည်း ထွန်းကားကျယ်ပြန့်လာတဲ့အခါကျတော့ အားလုံးသိတာပေါ့။ အရင်ကတော့ သိပ်မသိသလို ဖြစ်တာပေါ့။ သတင်းပျံ့နှံ့မှုမရှိသေးဘူးဆိုတော့လေ”ဟု အရှင်အရိယာဝံသာဘိဝံသက မိန့်ကြားသည်။

ယင်းသို့ သတင်းများပျံ့နှံ့လာမှုများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသည့် သာသနာအရေခြုံသူများကို ထိထိရောက်ရောက်အရေးယူရန်လိုအပ်နေပြီဖြစ်ကြောင်း သတိပေးနေခြင်းလည်းဖြစ်သည်။

သာသနာတော် သန့်ရှင်းတည်တံ့ရေးကို အစိုးရအနေနှင့်ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်းကို ရှင်သာမဏေဓမ္မဗိမာန်သာသနာ့ဝန်ဆောင်အဖွဲ့၏ အတွင်းရေးမှူးဦးကြည်တွဲက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“တကယ်တော့ ကိုယ့်အာဏာပြုတ်လည်း ဂရုမစိုက်ဘဲနဲ့ လူတွေ ကိုယ်ကျင့်သီလကောင်းဖို့၊ သာသနာတော်သန့်ရှင်းတည်တံ့ဖို့ကို အစိုးရက လုပ်ရမှာ။ အဲဒီလို သတ္တိရှိတဲ့ အစိုးရမျိုးလည်း လိုအပ်တယ်။ အခုကတော့ အဲဒီလိုသတ္တိ မရှိဘူး”

ဇင်လင်းထက် ၊ မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *