“တချို့လူတွေက ဆိုပါစို့ သဘာဝပတ်ဝန်းကျင်ပျက်စီးအောင် လုပ်မယ်။ ပြီးတော့မှ အလှူငွေထည့်လိုက်မယ်”

ဓာတ်ပုံ - ရဲနိုင်ဦး

Genius ကော်ဖီထုတ်လုပ်သူ ဦးငွေထွန်းနှင့် တွေ့ဆုံခြင်း

မြန်မာ့ကော်ဖီ၏ လက်ရှိဈေးကွက်မှာ ဥရောပနှင့်အမေရိကသို့ပင် ထိုးဖောက်လျက်ရှိပြီဖြစ်သည်။ သို့သော်လည်း ပြည်တွင်းကော်ဖီလုပ်ငန်းရှင်များမှာ ကမ္ဘာ့ဈေးကွက်ဝင်ရန် ကြိုးစားရာတွင် ပြည်တွင်းဥပဒေဆိုင်ရာ အားနည်းချက်များကြောင့် များစွာအခက်ကြုံရသည်များရှိသည်။ မပြည့်စုံသော အခြေအနေများအကြား မြန်မာ့ကော်ဖီနှင်နေရသည့် ခရီးကြမ်းအကြောင်း Genius ကော်ဖီထုတ်လုပ်သည့် အောင်နေလင်းထွန်းကုမ္ပဏီဒါရိုက်တာ ဦးငွေထွန်းနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

The Voice Journal – လက်ရှိမှာမြန်မာ့ကော်ဖီရဲ့ပြည်ပပို့ဈေးကွက်အခြေအနေကဘယ်လိုရှိပါလဲ။

UNT – လွန်ခဲ့တဲ့ ၂ နှစ်ကကျွန်တော်တို့ လုပ်ငန်းသည် ငါးနိုင်ငံလောက်ကိုပဲ Export လုပ်နိုင်တယ်။ အခု ဆိုရင်တော့ နိုင်ငံပေါင်း ၂၀ ကျော်ကို တင်ပို့နေပြီ။ ပြီးတော့ နိုင်ငံသုံးခုမှာ ကျွန်တော်တို့ ရုံးခွဲတွေဖွင့်ပြီး သွားပြီ။ ကမ္ဘောဒီးယား၊ ကနေဒါနဲ့ စင်ကာပူမှာ။ စင်ကာပူမှာတော့ စပြီးလည်ပတ်နေပြီ။ အကြမ်းဖျင်း ပြောရရင် မြန်မာကော်ဖီကို လူတွေက အသိအမှတ်ပြုလာပြီ။ မြန်မာကော်ဖီရဲ့ထူးခြားတဲ့ ဝိသေသကို နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ ကျွန်တော်တို့ သွားရောင်းတဲ့အခါမှာလည်း တစ်ခါမှ မျက်နှာမငယ်ရဘူး။ ဒါ မြန်မာကော်ဖီလား။ အစမှာတော့ သူတို့ ကြည့်တယ်။ နည်းနည်းလေး အထင်သေးတဲ့ပုံစံရှိတယ်။ သောက်ပြီးရင်တော့ အိုး… တော်တော်လေးကို ကောင်းတဲ့ကော်ဖီပဲ။ သန့်နေတာပဲ။ မွှေးနေတာပဲ။ အရမ်းကောင်းတဲ့ ကော်ဖီဆိုပြီး သူတို့ဆီက အသံတွေ ပြန်ကြားရတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံကို လာလည်သွားတဲ့ သူတွေ၊ သူတို့က ကျွန်တော်တို့ နိုင်ငံက ကော်ဖီကို ဝယ်ပြီးသွားရင် သူတို့နိုင်ငံမှာ ပြန်သွားစပ်ကြတယ်။ အဲလိုကနေ ကျွန်တော်တို့ လုပ်ငန်းတွေချဲ့လာတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ နေတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေက သူတို့  နိုင်ငံကိုပြန်ရင် Luggage အပြည့် ဝယ်သွားကြတယ်။ အများစုက သူတို့နိုင်ငံမှာ ပြန်ရောင်းတာရှိသလို လက်ဆောင်ပေးရင်လည်း အရမ်းကို မျက်နှာပန်းလှတယ်။ Export မှာလည်း အရင်က ကုန်ကြမ်းပို့နေတာကနေ အခု ကုန်ချောပို့တယ်။ ကုန်ချောပို့တာကိုလည်း နိုင်ငံတကာက လက်ခံတဲ့ အနေအထားမျိုးရှိတယ်။ နည်းပညာအားဖြင့်လည်း ကျွန်တော်တို့ မနိမ့်ဘူး။ နောက်ဈေးနှုန်းကလည်း မျှတတယ်။ အဓိကအားသာချက်ကတော့ ဒီကော်ဖီက စစ်တယ်။ တကယ့်ကို ကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ ရတယ်။

The Voice Journal – ရွာငံမှာ မြန်မာ့အကြီးဆုံးကော်ဖီပျိုးခြံလုပ်နေတယ်လို့ ပြောတယ်။ အဲဒီ အကြောင်း နည်းနည်းရှင်းပြပေးပါ။

UNT – ကျွန်တော်တို့က ကော်ဖီထုတ်တဲ့အခါမှာ ပထမကတည်းက ပြောထားတာက From seed to table  ပေါ့နော်။ ကော်ဖီမျိုးစေ့ကနေ စားပွဲပေါ် ရောက်သည်အထိ လုပ်တယ်။ ပြောရရင် အဓိပ္ပာယ်က ကော်ဖီကို သူများဆီက ဝယ်ရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ကိုယ်တိုင် အကောင်းဆုံးမျိုးတွေကို ပျိုးထောင်ပြီး တောင်သူတွေကို ရောင်းတယ်။ ဝေပေးတယ်။ ဒါမှမဟုတ် စာချုပ်ချုပ်ပြီး ရောင်းတယ်။ အဲဒီပုံစံသုံးမျိုးနဲ့ လုပ်တယ်။ အရင်ကတည်းက ဘယ်လိုကော်ဖီမျိုးက အကောင်းဆုံးလဲဆိုတာ စမ်းသပ်နေတာ။ အခုဆိုမျိုးနှစ်မျိုးကို သိရပြီ။ ဒါ့ကြောင့် စိုက်ပျိုးမှုကို တိုးချဲ့တယ်။ ဒီနှစ်ဆို (အာရေဗီကာမျိုး) အပင်ပေါင်းခုနစ်သိန်းကျော် စိုက်တယ်။ လာမည့် ၂၀၁၉ မှာ ဧက ၅၀၀ ကျော်မှာ စိုက်ပျိုးဖို့ လျာထားတယ်။ ကယားမှာ ၂၅၀၊ ရှမ်းတောင်မှာ ၁၀၀၊ မကွေးမှာ ဧက ၅၀ နောက်ချင်းပြည်နယ်ဘက်မှာ ဧက ၅၀ လောက် စိုက်မယ်။ ဒီလိုမျိုးကောင်းမျိုးသန့်တွေကိုလည်း နိုင်ငံတကာ ပို့ဖို့ ကျွန်တော်တို့က ရည်ရွယ်နေတာဖြစ်တဲ့အတွက် သေချာစိုက်တယ်။ မျိုးတစ်မျိုးတည်းကိုပဲ ခုနစ်သိန်းတိတိ ပျိုးတယ်။ အဲဒီအထဲက ဧက ၅၀၀ စာအတွက် အဆင်သင့်ဖြစ်နေပြီ။ ပြောရရင် ရွာငံမှာတင် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံးပျိုးခြံ။ အစိုးရခြံတွေမှာတောင် အများဆုံးပျိုးတာ ငါးသောင်းလောက်ပဲ ရှိတာ။ လာမယ့်နှစ်မှာ ကျွန်တော်တို့ နှစ်သန်းပျိုးမယ်။ ဧကနှစ်ထောင်အတွက် ရည်ရွယ်ထားတယ်။ နောက်တစ်ခုက ဒီလိုမျိုးလည်း အရှေ့တောင်အာရှ တခြားနိုင်ငံတွေမှာ များများစားစားစိုက်ထားတာ မရှိဘူး။ ဒီ အကောင်းဆုံးကော်ဖီကိုပဲ တကယ့်ကို ဧကများများစိုက်လိုက်မယ်ဆိုရင် စီးပွားရေးအရ ဝင်ငွေရနိုင်တယ်။ တောင်သူတွေအတွက်လည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးနိုင်မှာ ဖြစ်တယ်။

The Voice Journal – ကော်ဖီနဲ့ ပတ်သက်ပြီး  အစိုးရက ပြင်ဦးလွင်မှာလုပ်နေတဲ့ သုတေသနလုပ်ငန်း တွေဆီကရော အထောက်အကူမရဘူးလား။

UNT – ရတာပေါ့။ ကျွန်တ်ာတို့ အစပိုင်းက ကာလတစ်ခုမှာတုန်းက ရခဲ့တယ်။ အဲဒီ ရခဲ့တဲ့ပေါ် မူတည်ပြီး ကျွန်တော်တို့ ပိုကောင်းတာတွေ တီထွင်သွားနိုင်ခဲ့တာပေါ့။ အခြေခံအားဖြင့်တော့ ကျွန်တော်တို့ ပျိုးလုပ်တဲ့ နည်းပညာတွေက အစိုးရရဲ့ကော်ဖီသုတေသနခြံ ပြင်ဦးလွင်ဆီက ရတာ။ နောက်ပိုင်းကျတော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ပျိုးခြံ၊ ကိုယ်ပိုင်သုတေသနတွေ ရှိလာပြီ။ နောက်ပြီး ကျွန်တော်တို့က World Coffee Research အသင်းဝင်ဖြစ်တယ်။ အဲဒီကနေလည်း တချို့သော နည်းပညာအထောက်အပံ့တွေ ရတယ်။ သတင်းအချက်အလက်တွေ ရတယ်။ အဲဒီကနေ ကျွန်တော်တို့ပျိုးခြံကို World Coffee Researc အတိုင်း လုပ်ခဲ့တာပေါ့။

The Voice Journal – နောက်တစ်ချက်ကတော့  ကုန်ပစ္စည်း အမှတ်တံဆိပ်မူပိုင်ခွင့်အတွက် ကမ္ဘော ဒီးယားမှာ သွားပြီး မှတ်ပုံတင်ရတယ်လို့ ပြောတယ်။   ဘာ့ကြောင့်လဲ။

UNT – အဓိကတော့ကမ္ဘောဒီးယားနိုင်ငံရဲ့Patent Office မှာသွားပြီး Register လုပ်လိုက်ပြီဆိုရင် တစ်ကမ္ဘာလုံးကို ရောက်သွားတယ်။ နောက် WIPO (World Intellectural Property Organization –  ကမ္ဘာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အဖွဲ့ )ရဲ့ Global Brand Database (https://www.wipo.int/branddb/en/) ထဲကို ရောက်သွားတယ်။ကိုယ့်နိုင်ငံထဲမှာ ဥပဒေတွေ ခိုင်မာလာပြီ၊ Patent Office လိုမျိုး၊ Trademark တွေကို Register လုပ်လို့ရပြီ ဆိုရင်တော့ ပြည်တွင်းမှာ ထားမှာပေါ့နော်။ ဒါပေမဲ့ ဒီလုပ်ငန်းက ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို  Register လုပ်ထားတဲ့အခါ ခိုင်မာဖို့လိုတယ်။ မခိုင်မာတဲ့နေရာမှာ လုပ်ထားလို့ရှိရင် တစ်ချိန်မှာများ ဒီကုန်အမှတ်တံဆိပ်ကို နိုင်ငံတကာကို ဖြန့်ဖို့ လုပ်တဲ့အခါကျ၊ ကိုယ်ကလည်း နိုင်ငံတကာကို ဖြန့်ဖို့ ရည်ရွယ်ထားတာဆိုတော့ နိုင်ငံတကာကို သွားတဲ့အခါ မခိုင်မာမှာ စိုးတာနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သွားပြီး ကုမ္ပဏီ ထောင်တယ်။ ကုန်အမှတ်တံဆိပ်ကို သွားပြီး မှတ်ပုံတင်ထားတယ်။ အခုကတော့ Genius ကုန်အမှတ်တံဆိပ်ကို WIPO ရဲ့ Global Brand Database  ထဲ သွားကြည့်မယ်ဆိုရင် ဒီ Brand ကရှိနေမယ်။

The Voice Journal – တစ်လောက ပြောထားတာရှိတယ်။ ဉာဏ်ကြီးရှင်ကော်ဖီကို brand အတုလုပ်ပြီး ပြည်ပပို့နေတာတွေ ရှိတယ်ဆိုပြီး။ ဒါဆို အရေးယူလို့မရဘူးလား။ အရေးယူဖို့ မကြိုးစားဘူးလား။

UNT – အဓိကတော့ Brand အတုတော့ မဟုတ်ဘူး။ကျွန်တော်တို့က Organic လက်မှတ်ရထားတယ်။  Organic လက်မှတ်ရထားတာက အောင်နေလင်းထွန်းကုမ္ပဏီနာမည်နဲ့ ရထားတာ။ US မှာရှိတဲ့  Website တစ်ခုပေါ်မှာ မြန်မာကော်ဖီကို Organic ကော်ဖီဆိုပြီး ရောင်းတယ်။ ရောင်းတဲ့အခါမျိုးမှာ ကျွန်တော်တို့ဆီက ဝယ်တာမျိုးလည်းမဟုတ်၊ ကျွန်တော်တို့နဲ့ ဆက်စပ်တာမျိုးလည်း မရှိဘဲ အဲဒီ လူတစ်ယောက်က ကျွန်တော်တို့ရဲ့ Certificate ကြီးကို သုံးထားတယ်။ သုံးထားတဲ့အတွက် တကယ်ဆိုရင်တော့ ကျွန်တော်တို့က အရေးယူလို့ရတယ်။ သူများနိုင်ငံတွေမှာဆိုရင်တော့ အမှတ်တံဆိပ်ကို ယူသုံးတာ၊ ကျွန်တော်တို့ရဲ့ Certificate ကို အတုအပလုပ်ပြီး သုံးထားတာ။ သို့သော်လည်း ပြဿနာက ဘာလဲဆိုရင် အဲဒီလိုသွားပြီး အရေးယူမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက တရားရုံးမှာ သွားပြီး အမှုဖွင့်လို့ မရဘူး။ အမှုဖွင့်ဖို့အတွက် အဆင်မပြေဘူး။ သူ့ဘက်ကလည်း သေချာတယ်။ တရားရုံးကို လာမှာ မဟုတ်ဘူး။ ကျွန်တော် ဘာလုပ်ရမလဲဆိုတော့ US ကိုသွားပြီး တရားရုံးမှာ အမှုဖွင့်ရမယ်။ ကျွန်တော်အနေနဲ့ အဲဒါကို မလုပ်တော့ဘူး။ အဓိကတော့ ကျွန်တော်တို့နိုင်ငံမှာ Trademark  နဲ့ပတ်သက်တဲ့ ဥပဒေ၊ Patent နဲ့ ပတ်သက်တဲ့ ဥပဒေ၊  Copy Right နဲ့ ပတ်သက်တဲ့ ဥပဒေ ဒါတွေ အကုန်မရှိသေးဘူး။ အဲဒါတွေကို လွှတ်တော်ကို တင်ထားတယ်လို့တော့ သိရတယ်။ ဆိုတော့ အဲဒါကို ခပ်မြန်မြန် ထွက်စေချင်တယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့က ဒီလုပ်ငန်းရဲ့ အခက်အခဲတွေကို တင်ပြလိုက်တဲ့ အနေအထားမျိုး ရှိတာပေါ့နော်။

The Voice Journal – Copy Right နဲ့  ဆက်စပ်ဥပဒေတွေ ထွက်ရှိဖို့ အစိုးရဆီက ဘာများကြားမိသေးလဲ။

UNT – ကျွန်တော်တော့ လုံးဝ မကြားမိသေးပါဘူး ။ ခုလောလောဆယ်တော့ လွှတ်တော်မှာ (အဆိုပါ  ဥပဒေများ) ရောက်နေတယ်လို့ပဲ သိရတယ်။ တခြား ကြားသိတာတော့ မရှိပါဘူး။       

The Voice Journal –  ကိုယ်တွေ့လည်း ကြုံရတာဆိုတော့ Copy Right မရှိတာမျိုးက လုပ်ငန်းတစ်ခုအတွက် ဘယ်လောက်နစ်နာနိုင်ခြေရှိလဲဗျ။

UNT – ကျွန်တော်တို့က သွားပြီး US မှာ သွားရောင်းတဲ့အခါ US ကဖောက်သည်က ပြောတာပေါ့။ ဒီပစ္စည်းက US ကို သွင်းပြီးသား ဖြစ်တယ်။ အဲဒါဘယ်လိုရှင်းကြမလဲဆိုတော့ ကျွန်တော်တို့မှာ ဖြေရှင်းချက်တွေ ထုတ်ရတယ်။ မဟုတ်ဘူးဆိုတဲ့ အကြောင်းလေးလည်း ပြောရတယ်။ အခုကတော့ (လုပ်ငန်း)သေးတော့ ပြဿနာ မရှိဘူး။ နစ်နာတာ အနည်းအကျဉ်းပဲ ရှိဦးမယ်။ ဒါ ကျွန်တော်က ကုန်ပစ္စည်းပဲ ရှိသေးတယ်။ ဥပမာ- ကျွန်တော်တို့ နိုင်ငံက ထွက်တဲ့သနပ်ခါးဆိုရင် ကျန်တဲ့ နိုင်ငံက ခိုးပြီးတော့ သုံးနေပြီ။ ကျွန်တော်တို့ နိုင်ငံက ထွက်တဲ့ ပုသိမ်ထီးတွေဆိုရင် တခြားနိုင်ငံတွေက ယူပြီးတော့ လုပ်နေပြီ။ ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ တခြားသော ကျွန်တော်တို့က Copy Right  လုပ်ထားသင့်တဲ့၊ Patent လုပ်ထားသင့်တဲ့ Trademark တွေ လုပ်ထားသင့်တဲ့ တော်တော်များများက တခြားနိုင်ငံက ယူသွားတယ်။ ယူသွားတော့ ဘာဖြစ်လဲဆို နိုင်ငံတကာကို သွားရင် ကျွန်တော်တို့က အဲလို IP တွေ ပါမသွားဘူးဆိုရင် အပွင့်လင်းဆုံးပြောရရင် ကျွန်တော်တို့ကုမ္ပဏီတွေကို သူတို့က Second Class ပဲ(သတ်မှတ်တယ်)။ First Class ထဲမှာ မထည့်ဘူး။ ဘာ့ကြောင့်ဆို ကျွန်တော်တို့မှာ အသိဉာဏ်ဆိုင်ရာမူပိုင်ခွင့်တွေ မရှိလို့။ တချို့က LDC (Least Development Country) စာရင်းက လွတ်ချင်တယ်။ လွတ်ချင်တယ်ဆိုရင် သူ့ရဲ့ Criteria တစ်ခုက ဘာလဲဆိုရင် အဲလို IP တွေ ရှိရမယ်။ ဒီက လူတွေတွေးပူတာက ဘာလဲဆိုရင် သူတို့တွေက သူများနိုင်ငံက IP ပစ္စည်းတွေကို ခိုးထားတော့ အဲဒီ Law ကြီးသာရှိလိုက်လို့ရှိရင် ကိုယ်ကရမှာ နည်းနည်းနဲ့ ကိုယ်က ခံရမှာများများဆိုပြီး တွေးတယ်။ ကျွန်တော်အနေနဲ့ အဲဒီလိုအတွေးက လက်တွေ့ကျလို့ မှန်နေတယ်ဆိုပေမယ့် ကျွန်တော်တို့ ဒီအတိုင်းပဲ မပြင်ဆင်တော့ဘဲ ခံနေရတော့မှာလား။ ကျွန်တော်တို့ စဉ်းစားရမှာ နှစ်ချက်ရှိတယ်။ တစ်ချက်က ကျွန်တော်တို့မှာ ကြားခံဖြတ်သန်းရမဲ့ကာလတစ်ခု Transition Period တစ်ခုဖြစ်ကိုဖြစ်ရတယ်။ အဲဒီကာလမှာတော့ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ဒုက္ခတွေ ခံရမယ်။ သူများက လာပြီး တရားစွဲရင်လည်း ခံရကောင်းခံရနိုင်တယ်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးက တော်ကြပြီး အချိန်တစ်ခုရောက်ရင် ရပ်သွားတာက ဘာဖြစ်လို့လဲဆိုရင်အဲဒီ IP မရှိလို့။ အဲဒီလိုမျိုး သူ တီထွင်တာကို လူတွေက ခိုးချမယ်ဆိုတဲ့ အတွေးကြီး ရှိနေတယ်။ ဥပမာ – ရုပ်ရှင်မှာပဲ ဖြစ်ဖြစ်၊ ဂီတမှာပဲ ဖြစ်ဖြစ်။ သူတို့ တွေရဲ့ အတွေးက ပထမဆုံးဘာလဲဆိုရင် အဲဒီလိုမျိုး ခိုးကူးတယ်ဆိုတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲပေါ့။ မဖြေရှင်းလည်း မဖြေရှင်းနိုင်ဘူး။ အပွင့်လင်းဆုံးပြောရင် တချို့ကိစ္စတွေမှာက ဥပဒေစိုးမိုးမှုဆိုတာလည်း အရေးတကြီးလိုအပ်တယ်။ တချို့ကိစ္စတွေက ရောင်းနေတာက လူမြင်ကွင်းမှာ ဆိုပေမယ့် ဖမ်းမိတဲ့အခါ ရောင်းသူကိုပဲ ဖမ်းမိတာ။ ထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေကို မဖမ်းမိဘူး။ ဒါမျိုးတွေ ဖြစ်နေတော့ တရားဥပဒေစိုးမိုးမှု သေချာမဖြစ်တဲ့အခါ IP Law တွေ ဘယ်လိုပဲထွက်လာပါစေ ကျွန်တော်တို့ အခက်အခဲကတော့ ရှိနေဦးမှာပဲ။ ဒီအခက်အခဲကို သိနေလျက်နဲ့ တကယ်ရှိနေလျက်နဲ့ ကျွန်တော်တို့က ရှောင်လွှဲလို့ ရမှာလား။ ရှောင်လွှဲပြန်ရင်လည်း တစ်ဖက်က ဘာဖြစ်မလဲဆိုရင် ကျွန်တော်တို့နိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံ မယ့်သူတွေက ငါတို့လုပ်ငန်းရဲ့ တကယ့်လျှို့ဝှက်ချက်တွေ၊ အသိဉာဏ်ပစ္စည်းတွေကို ခိုးကူးခဲ့ရင်ကာကွယ်မယ့် ဥပဒေ မရှိဘူး၊ ငါတို့မလာတော့ဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ ကျွန်တော်တို့က တစ်ခါတလေကျရင် လမ်းတွေ ကောင်းအောင်၊ တံတားတွေ ကောင်းအောင်၊ မီးတွေ ကောင်းအောင်လုပ်နေတယ် ဆိုပေမယ့် အဲဒါက Infrastructure တွေ။ နောက် တစ်ခု ကျွန်တော်တို့ အတိအကျလုပ်ရမှာက Legal Infrastructure တွေ။ တရားဥပဒေအရအကာအကွယ်ပေးမှုတွေ လိုတယ်။ အကာအကွယ်ပေးမှုဆိုတာ တစ်ဖက်တည်းလုပ်လို့မရဘူး။ ကျွန်တော်တို့  ဘက်ကလည်း ဒီနိုင်ငံက ထွက်ကုန်တွေကို ကာကွယ်ပေးဖို့ လိုသလို တခြားနိုင်ငံက လာပြီး ဒီမှာ လုပ်မယ့်သူတွေကိုလည်း အကာအကွယ်ပေးဖို့ လိုတယ်။ အဲလို အကာအကွယ်ပေးမှသာလျှင် ရင်းနှီးမြှုပ်နှံမှုတွေက လာမှာ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံထဲက တီထွန်ဆန်းသစ်ချင်တဲ့သူတွေ၊ တီထွင်ဆန်းသစ်ချင်တဲ့သူတွေ၊ နောက်တစ်ခုကကျ ဒီလိုလုပ်ငန်းတွေကို ကြိုးကြိုးစားစားနဲ့ စတင်လုပ်ချင်တဲ့သူတွေ အဲဒီလူတွေက အခုဘာဖြစ်နေလဲဆိုတော့ သူတို့ကို အသိအမှတ်ပြုခြင်း မခံစားရဘူးဆိုပြီးတော့ သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ထားလိုက်တယ်။ ဒါမှမဟုတ် တခြားနိုင်ငံမှာသွားပြီး အလုပ်လုပ်ကြတယ်။ ကျွန်တော်တို့ဆို လည်းကြည့်လေ။ နိုင်ငံခြားမှာ သွားပြီး ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်နေရတယ်။ တကယ်တမ်းကျ ကျွန်တော်တို့နိုင်ငံမှာ Legal Infrastructure မရှိလို့။

The Voice Journal – အခု Genius ထုတ်တဲ့  အောင်နေလင်းထွန်းကုမ္ပဏီပေါ့။ သူ့ရဲ့ပုံစံက Social Enterprise ပုံစံဖြစ်ပြီး ဒါကလုပ်ငန်းရှင်ရော၊  တောင်သူရောWin-Win အခြေအနေဖြစ်တယ်လို့ ပြောတယ်။ ဒီပုံစံမျိုးက ပြည်တွင်းမှာ အတွေ့အရနည်းသေးတယ်။ ဒီပုံစံကို နည်းနည်းရှင်းပြပေးပါ။

UNT – အဓိကတော့ကျွန်တော်တို့လုပ်ငန်းက  Social Enterprise ပုံစံနဲ့လုပ်တယ်။ Social Enterprise ဆိုတဲ့ အဓိပ္ပာယ်လေးပြောရရင်တော့သူက Organizaton တစ်ခု။ သူက ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ တွဲဖက်လုပ်ဆောင်နေသူတွေရဲ့ လူမှုဘ၀ပြဿနာတွေကို ကျွန်တော်တို့က ဖြေရှင်းပေးရင်းနဲ့ အကျိုးအမြတ်ယူတဲ့ အဖွဲ့အစည်းအနေနဲ့ လုပ်တာ။ အတိုချုံးပြောရရင်တော့ လူမှုအကျိုးပြုစီးပွားရေး အဖွဲ့အစည်းပေါ့။ လူမှုရေးပိုင်းကလည်း ထိရောက်အောင်လုပ်ရင်းနဲ့ ခုနပြောသလို အကျိုးအမြတ်လည်း ရအောင်လုပ်တယ်။ ကျွန်တော်တို့ အကျိုးအမြတ်တွေကို ရပြီ ဆိုတော့မှ နှစ်ကုန်တော့မှ ဘယ်လောက်လှူလိုက်လဲ ဆိုတာမျိုး မဟုတ်ဘူး။ လုပ်နေတဲ့သူတွေ ကိုယ်တိုင်၊ ပါဝင်နေတဲ့ သူတွေ ကိုယ်တိုင် ချက်ချင်းပဲ သူတို့ရဲ့ လူမှုရေးပြဿနာကို ပြေလည်စေတယ်။ နံပါတ် ၁ လူမှုရေးပြဿနာက ဘာလဲဆိုတော့ ဆင်းရဲမွဲတေမှုပေါ့။ ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ အဆိုးဆုံးပဲ။ နောက်တစ်ခုက အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု။ ဒါတွေကို ကျွန်တော်တို့ ပြေလည်အောင် လုပ်တယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ ထုတ်ကုန်ကို စားသုံးနေသူတွေအတွက် ကျန်းမာရေးအရ အဆိပ်အတောက် မဖြစ်စေရဘူး။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေရဘူး။ ဒီအချက်တွေ အပေါ်လုပ်တဲ့အလုပ်တွေကို ကျွန်တော်တို့က  Social Enterprise လို့ခေါ်တာ။

တချို့လူတွေကဆိုပါစို့ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် လုပ်မယ်။ ပြီးတော့မှ အလှူငွေထည့် လိုက်မယ်။ တချို့လူတွေက ဆိုပါစို့ သူတို့လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်မယ်။ ပြီးသွားတော့မှ ရေတွင်းလည်း သွားတူးလိုက်မယ်။ ကျွန်တော်တို့ လုပ်ငန်းကကျတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ တချို့ကကျတော့ CSR(Corporate Social Responsibility) လုပ်တာနဲ့ Social Enterprise ကို မှားကြတယ်။ အများအားဖြင့် Social Enterprise ဆိုတဲ့ Concept ကဘယ်ကလာလဲဆိုတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေပေါ့။ အဲဒီမှာကလုပ်ငန်းတစ်ခုကို လှူရုံနဲ့ အဲဒီအလှူငွေနဲ့ ဘယ်လိုမှ ရပ်တည်လို့ မရဘူး။ ဘဏ္ဍာရေးအရ တောင့်တင်းခိုင်မာဖို့ လိုတယ်။ ဥပမာအားဖြင့် မိဘမဲ့ကလေးတွေကို ကျွန်တော်တို့က အလှူငွေသွား ထည့်လိုက်မယ်။ အလှူငွေသွားထည့်လိုက်ရင် အဲဒီ အလှူငွေကုန်သွားရင် ဘယ်ကထပ်ရှာကြမလဲ။ အဲဒီအခါကျ ကျွန်တော်တို့က အဖွဲ့အစည်းတစ်ခုတည်ထောင်တယ်။ အဲဒီအဖွဲ့အစည်းက ခဏခဏအလှူငွေ မကောက်ဘဲ ပထမဆုံးတစ်ခါပဲ အလှူငွေကောက်တယ်။ အဲဒီရလာတဲ့ငွေကို ပိုတိုးပွားစည်ပင်လာအောင် လုပ်တယ်။ အဲလိုမျိုးကိုလည်း Social Enterprise လို့ခေါ်တယ်။ Social Enterprise က မြန်မာပြည် မှာ ၁၀၀ကျော်လောက် ရှိတယ်။ အများအားဖြင့် Microfinance ကုမ္ပဏီတွေက Social Enterprise တွေပဲ။ဘင်္ဂလားဒေ့ရှ်မှာဆိုလည်း Social Enterprise ရဲ့ဖခင်ကြီးမိုဟာမက်ယူနွတ် (Muhammad Yunus) ရှိတယ်။ Social Enterprise ဆိုရင် သူ့ကိုပြေးမြင်ကြတယ်။

The Voice Journal – ဘဏ္ဍာရေးပိုင်းကို ဘယ်လိုလည်ပတ်နေလဲ။ တစ်ခါတုန်းက Crowdfunding ခေါ်လို့ တရားမဝင်ဘူးဆိုပြီး ပြောနေကြတာရှိတယ်။ MIC ကလည်း ဒါမျိုးလုပ်လို့မရဘူးလို့ ပြောတယ်ဆိုတော့လေ။

UNT – အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ဆီကို  Investor တွေလာကြတယ်။ခုနပြောတဲ့ Crowdfunding ကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ကျွန်တော်တို့ ရပ်လိုက်တယ်။ ဆက်ပြီးတော့ မလုပ်ဖြစ်ဘူး။ နောက်ပြီး ကျွန်တော်တို့ လုပ်ငန်းရဲ့ အနေအထားကလည်း ပုံစံတစ်ခုပြောင်းလာတယ်။ တကယ့်ကို ကော်ဖီ ရောင်းတဲ့ ဆိုင်တွေနဲ့ စာချုပ်တွေရတယ်။ အဲဒီစာချုပ်တွေကို ဘဏ်တွေဆီ သွားပြပြီး Financing ပြန် တောင်းတယ်။ ကျွန်တော့်လုပ်ငန်းက ရောင်းနိုင်တဲ့ ပမာဏတစ်ခုရှိသွားပြီ၊ ဝယ်မယ့်သူကလည်း ပမာဏ တစ်ခုရှိသွားပြီဆိုတော့ အပွင့်လင်းဆုံးပြောရင် ကျွန်တော်တို့အတွက်က Crowdfunding ဆိုတာကြီးက မလိုတော့ဘူး။ အဓိကလိုတာက Financing ပဲ။ Financing ကတော့ ဘဏ်တွေ ရှိမယ်။ Financing  ကုမ္ပဏီတွေ ရှိမယ်။ အဲဒီကုမ္ပဏီတွေကို ကျွန်တော်တို့ ဆက်သွယ်တယ်။ အဲဒီကနေ ယူတယ်။ ရှေ့ပိုင်းတုန်းက တော့ KBZ ဘဏ်ကနေ JICA two stop loanတွေရတယ်။ CGI(Credit Guarantee Insurance) Loan တွေ ရတယ်။ နောက်ကျ ware house receipt loan တွေရတယ်။ အဲဒီဟာတွေကို လှည့်ပြီး ကျွန်တော်တို့ လုပ်ငန်းကို ကြီးအောင်လုပ်တာပေါ့။ အခုကတော့ loan ထက် Financing ကိုပိုပြီးတော့ စိတ်ဝင်စားလာတယ်။ Financing ကဘာလို့ရလဲဆိုရင် ကျွန်တော်တို့က Export ရှိတာကိုး။ Export ရှိတဲ့အတွက် Export Financing  တွေရတယ်။ အခုဆိုပိုကောင်းလာတာက နိုင်ငံခြားဘဏ်တွေကပါ Export Financing ကို ပိုပြီး စိတ်ဝင်စားလာကြတယ်။အဲလိုမျိုးဆိုတော့ ကျွန်တော်တို့အနေနဲ့က Export Financing တွေရဖို့ မျှော်လင့်နေတာပေါ့နော်။

The Voice Journal – အစိုးရအနေနဲ့ကရော ဒီလိုမျိုးလုပ်ငန်းတွေနဲ့ Start Up လုပ်ငန်းတွေအပေါ်  ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးတာတွေရှိလား။

UNT – အကြမ်းဖျင်းအားဖြင့်က အစိုးရလုပ်ငန်းစဉ်တွေကို ကြည့်ရင် နည်းပညာပေးဖို့နဲ့ သတင်းအချက်အလက်ပေးဖို့ပဲ အဓိကအားဖြင့် သူတို့မှာ Capacity ရှိတယ်။ ဒီလိုမျိုးကြီး Financing ထောက်ပံ့ဖို့က အင်း …။ ခုနကပြောတဲ့ ဈေးကွက်နဲ့ ချိတ်ဆက်ဖို့တို့၊ နောက် တောင်သူတွေကို ပညာပေးတဲ့ Extension Services တို့ အဲဒါမျိုးတွေကတော့ ခုချိန်ထိအားနည်းနေတုန်းပဲ။

The Voice Journal – နောက်ဆုံးအနေနဲ့ မြန်မာ့ကော်ဖီရဲ့ အနာဂတ်အလားအလာက ဘယ်လိုရှိလဲခင်ဗျ။

UNT – ကျွန်တော်တို့ အိပ်မက်ကဘာလဲဆိုရင် ကျွန်တော်တို့နိုင်ငံဟာ တစ်ချိန်တုန်းက ဆန်အိုးကြီး ဖြစ်ခဲ့သလိုပဲ ကျွန်တော်တို့ကော်ဖီဆိုတာနဲ့ မြန်မာက ကော်ဖီလားဆိုပြီး မေးရအောင် လုပ်နိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ ဘာ့ကြောင့်လဲဆိုရင် အရှေ့တောင်အာရှမှာ ကျွန်တော်တို့ မြန်မာကော်ဖီစိုက်ပျိုးဖို့ အကောင်းဆုံး အခြေအနေရှိတယ်။ နံပါတ်တစ် အင်ဒိုနီးရှားမှာလို မီးတောင်တွေ မရှိဘူး။ တောင်တွေ ခပ်မြင့်မြင့်ရှိတယ်။ အလုပ်သမားအင်အား ရှိတယ်။ မြေတွေက တကယ့်ကို ကောင်းသေးတယ်။ နောက်ဆုံးက ကျွန်တော်တို့  ဘေးနားက နိုင်ငံတွေက တကယ့်ကို လူဦးရေများတယ်။ အာဆီယံရှိတယ်။ အာဆီယံမှာလည်း ကော်ဖီစိုက်ပျိုးလို့ရတဲ့ နိုင်ငံက အတော့်ကိုနည်းတယ်။ အဲဒီအခြေအနေတွေ အကုန်လုံးက အခွင့်အရေးတွေ ပေးနေတာ။ အဲဒီအခွင့်အရေးက မူဝါဒတွေ၊ ညီညွတ်မှုတွေနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေသာရှိရင် ဖြစ်တယ်။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *