အတိုင်ပင်ခံမေးခွန်း၊ အစိုးရအမြင်နှင့် အနာဂတ်မီဒီယာ

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အလွန် မိုးအုံ့နေသည့် တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာအချို့ကို ခြံအမှတ် (၅၄) သို့ ဖိတ်ခေါ်ခဲ့သည်။

ထိုပွဲသည် ၂၀၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင်ပါဝင်ခဲ့ကြသော မီဒီယာများကို ဂုဏ်ပြုညစာဖြင့် ဧည့်ခံပွဲ ဖြစ်သည်။ ဧည့်ခံပွဲကျင်းပချိန်၌ မိုးအုံ့နေသောကြောင့် မြန်မြန်စားသောက်ကြရန် သတင်းထောက်များကို အပြုံးစွက်၍ လိုက်လံပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားတွင် တွေ့မြင်ရသည်။

“ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ပြန့်သွားလို့လည်း ပြည်သူက ရွေးကောက်ပွဲအကြောင်း အများကြီး သိရတယ်။ ပြည်တွင်းမီဒီယာတာဝန်ကျေတယ်လို့ အဲဒီလို ပြောရမှာပဲ” ဟု ဧည့်ခံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒါ့ကြောင့်မို့လည်း ပြည်တွင်းမီဒီယာကဏ္ဍကို ကျွန်မတို့က ပိုအလေးထားတာပါ။ အခုထိဆိုရင်တော့ ပြည်တွင်းမီဒီယာက လုပ်ပုံကိုင်ပုံတွေကို ကျွန်မ သဘောကျတယ်”ဟု သူမက ဆက်ပြောသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက် တွင်လည်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဝင်များကို နေပြည်တော်တွင် ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့ပြန်သည်။

ခြောက်နှစ်ကျော်အတွင်း NLD ပါတီဥက္ကဋ္ဌအဖြစ်မှ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါညစာစားပွဲတွင် သတင်းမီဒီယာနှင့်ပတ်သက်၍ သူမသိလိုသည်များကို ယခုလိုစူးစမ်းခဲ့သည်။

“အခုကျတော့ Mainstream မီဒီယာရဲ့ဩဇာနဲ့ Social Media ရဲ့ ဩဇာက ပြိုင်နေတယ်လို့ ကျွန်မမြင်တယ်။ ပြိုင်နေတဲ့အခါကျတော့ ဘယ်သူကနိုင်နေလဲဆိုတာ ကျွန်မတို့ မသေချာဘူး။ နောင် ဘယ်သူနိုင်မလဲဆိုတာ ကျတော့လည်း ပြောရခက်တယ်”

“အရေးကြီးတာက Social Media ပဲဖြစ်ဖြစ်၊ Mainstream မီဒီ ယာပဲဖြစ်ဖြစ် ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြုလဲ ဆိုတာကတော့ နောက်ဆုံး ကျွန်မသိချင်တဲ့ အဖြေပါ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်မသိချင်တာပါ။ အခုခေတ်မှာ ကျွန်မတို့ ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြုနေလဲ။ မီဒီယာတွေဟာ ဘယ်လိုပုံစံနဲ့ အကျိုးပြုလဲ”

“ကျွန်မတို့အခု သတင်းမီဒီယာရဲ့ အဓိကတာဝန်ဟာ ဘယ်လိုမြင်လဲပေါ့။ အဓိကရည်ရွယ်ချက်ပေါ့။ တာဝန်လို့ ကျွန်မ သိပ်မပြောချင်ဘူး။ အဓိက ရည်ရွယ်ချက်ပေါ့။ ကဏ္ဍပေါ့။ သတင်းမီဒီယာရဲ့ ကဏ္ဍက ဘယ်လိုရှိလဲဆိုတာကို အဲဒါကို တကယ်မီဒီယာထဲမှာ လုပ်ကိုင်နေတဲ့သူ ပုဂ္ဂိုလ်များ၊ နိစ္စဓူဝ လုပ်ကိုင်နေတဲ့ပုဂ္ဂိုလ်များရဲ့ အမြင်ကို ကျွန်မသိချင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ မီဒီယာအပေါ်အမြင်

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာသိပုဂ္ဂိုလ်ဖြစ်သည်။ မီဒီယာအပေါ် သူမ၏ ရှုမြင်မှုသည် သူမ တစ်ဦးတည်းကို ကိုယ်စားပြုခြင်းမဟုတ်။ အစိုးရအဖွဲ့ကိုလည်း ကိုယ်စားပြုသေးသည်။ ထို့ကြောင့် မီဒီယာများအတွက် အရေးကြီးသည်။ အထူးသဖြင့် မြန်မာ့မီဒီယာများအတွက် ပို၍ အရေးကြီးသည်။ ထို့အတူ မြန်မာ့ဒီမိုကရေစီအတွက်လည်း အရေးကြီးသည်။

သတင်းမီဒီယာနှင့် ဒီမိုကရေစီ အစိုးရအကြား ကိုယ့်အလုပ်ကိုယ် ကောင်းစွာလုပ်ကိုင်နိုင်ရေး အထောက်အကူပြုသည့် ဆက်ဆံရေးမျိုးရှိမှသာ ဒီမိုကရေစီအုတ်မြစ်ကို ချမှတ်နိုင်မည်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် အရေးကြီးသည့် ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့အတွက် ဒိုင်လူကြီးများဖြစ်သော ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ စီမံခန့်ခွဲမှုများ (ဥပမာ သေဆုံးသူများ၏ အမည်များ မဲစာရင်းတွေပါဝင်မှု) ကို မီဒီယာများက ထောက်ပြနိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည်သူများမဲလာပေးရေးအတွက် ကောင်းစွာ တိုက်တွန်းနိုင်ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး သတင်းမီဒီယာသမားမျာကို ခြံအမှတ် ၅၄ တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ( ဓာတ်ပုံ – NLD ပါတီဝင်တစ်ဦး)

ဤအချက်များက မြန်မာ့နိုင်ငံရေးအပြောင်းအလဲနိဒါန်းတွင်ပါဝင်ခဲ့သော မီဒီယာများ၏ သိသာသော အခန်းကဏ္ဍပင်ဖြစ်သည်။  ယခုအခါတွင်မူ မီဒီယာအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှုမြင်ပုံမှာ ပြောင်းလဲခဲ့ပြီဟုဆိုသူများ ရှိလာပြီဖြစ်သည်။

အကြောင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်တွေ့ဆုံစဉ် Access to information လိုကြောင်း သတင်းစာဆရာများက တင်ပြကြရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “Access to information ရလည်း ရေးချင်ရာ ရေးနေကြတာပဲ မဟုတ်လား”ဟု အဓိပ္ပာယ်သက်ရောက်သည့် စကားကို ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့သို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က ပြန်လည်ပြောပြသည်။

“အတိုက်အခံဘ၀မှာတော့ မီဒီယာလွတ်လပ်ခွင့် ရှိသင့်တယ်လို့ပြောတာပေါ့လေ။ အစိုးရဖြစ်တဲ့အခါကျတော့ လွတ်လပ်ခွင့်ပေးရင် ဟိုနားက ဝေဖန်၊ ဒီနားက ဝေဖန်ဆိုတော့ အလုပ်လုပ်ရတာ အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆတဲ့ဟာမျိုး ဖြစ်နေတယ်”ဟု ဦးမြင့်ကျော်က ဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အာဏာမရမီ ပခုက္ကူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲတွင် Unity သတင်းထောက်များ ထောင် ၁၀ နှစ် ကျခံရသည့် ကိစ္စနှင့်ပတ်သက်၍ မီဒီယာလွတ်လပ်ခွင့်အကြောင်း ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ကျွန်မစိုးရိမ်တာ ဒီလိုပါ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လုပ်နေတယ်ဆိုပြီးတော့ ဒီသတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်တည်းလာတယ်ဆိုရင် ကျွန်မတို့စဉ်းစားစရာပဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ NLD သည် အာဏာမရမီအချိန် ကာလမှ ယနေ့အစိုးရဖြစ်သည့်အချိန်အထိ မီဒီယာများအပေါ် သဘောထားမပြောင်းလဲခဲ့ဘဲ လက်ဖော်ကိုင်ဖက်ဟုသာ ရှုမြင်ကြောင်း ပြောကြားသည်။

“ဘာလို့လဲဆိုတော့ သွားတဲ့ ပန်းတိုင်ချင်းတူတဲ့အတွက်ကြောင့် ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်ပါလို့ ပြောတာ။ ဒီမိုကရေစီပန်းတိုင်၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်မျိုး၊ ပြည်သူကို အမှောင်ထဲမှာ ထားတဲ့ ပြည်သူရဲ့အသိအမြင်ကို ချုပ်ချယ်ကန့်သတ်ထားတဲ့ဟာမျိုးကို ပပျောက်ဖို့ ဒီနေရာမှာ ရည်ရွယ်ချက်ချင်း တူတယ်လို့ ပြောခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

အချို့သော သုံးသပ်သူများကမူ ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံနှင့် အစိုးရ မတူညီသော တာဝန်နှင့် ရပ်တည်မှုများကြောင့် ထိုသို့အမြင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

NLD သည် အစိုးရဖြစ်လာပြီး သုံးနှစ်အတွင်းချဉ်းနင်းဝင်ရောက်စပြုလာချိန်တွင် မီဒီယာများ၏ ဝေဖန်ထောက်ပြမှုများမှာ ခပ်စိပ်စိပ်ဖြစ်ပေါ်လာခဲ့သည်။ ကနဦးတွင် ငြိမ်းချမ်းရေးအဓိက ဦးစားပေး ကြွေးကြော်မှုအပေါ် ရလဒ်များကို စောင့်ကြည့်ခဲ့ကြပြီးနောက် စီးပွားရေးကျဆင်းလာသည်ကိုလည်း ပစ်ပယ်မထားရန် မီဒီယာများက အစိုးရကို ထောက်ပြခဲ့ကြသည်။

NLD အစိုးရလက်ထက်အတွင်း ဖြစ်ပေါ်ခဲ့သည့်ကိစ္စများအနက် ရခိုင်အရေးမှာ အခြားသောအရေးများထက် အကြပ်ဆိုက်သော အရေးဖြစ်လာခဲ့သည်။ ရခိုင်အရေးတွင် မီဒီယာများနှင့် အစိုးရ၏ ရှုမြင်ချဉ်းကပ်ပုံမှာလည်း ကိုယ်တာဝန်ယူထားရာနေရာမှသာ ရပ်ကြည့်ခဲ့ကြသည်ဖြစ်ရာ ဘုံဆုံမှတ်တစ်ခုသို့ ရောက်မလာခဲ့ပေ။

“ဆိုလိုတာက သူ (အတိုင်ပင်ခံပုဂ္ဂိုလ်)က မီဒီယာတွေကို Access to information ပွင့်ပွင့်လင်းလင်း ပေးရင်ရော တကယ်မှန်မှန်ကန်ကန် ဘက်မျှမျှ ရေးပါ့မလားဆိုတဲ့ သံသယအမြင်က ရခိုင်အရေးနဲ့ပတ်သက်ပြီး မီဒီယာတွေအပေါ် နည်းနည်းတော့ အဆိုးမြင်တဲ့ သဘောရှိတယ်။ သံသယထားတယ်။ အဲဒီနေရာမှာတော့ အမြင်ချင်းကွဲတာတော့ သိရတယ်” ဟု ဦးမြင့်ကျော်က ဆိုသည်။

မြန်မာမီဒီယာများသည် အစိုးရထံမှ ပြည်သူများအတွက် သတင်းအချက်အလက်ရရှိရေးအပိုင်းတွင် အခက်အခဲများစွာကို ကြုံနေရဆဲပင်ဖြစ်သည်။ ပမာဆိုရင်လျှင် ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီးနောက်ပိုင်းတွင် မြန်မာမီဒီယာများနှင့် အတိုက်အခံဘ၀ကကဲ့သို့ တွေ့ဆုံခြင်းမျိုး မရှိခဲ့သေးပေ။ သို့သော်လည်း အသက် ၇၀ ကျော် ဒေါ်အောင်ဆန်းစုကြည်သည် အသက်အရွယ်နှင့်မမျှ မြန်မာ့ပြဿနာပေါင်းများစွာကို ဒိုင်ခံဖြေရှင်းနေရသည်ဖြစ်ရာ မအားလပ်မှုကြောင့်လည်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း အစိုးရအဖွဲ့အတွင်း သတင်းထုတ်ပြန်မှုမှာမူ အားနည်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမီဒီယာသမားများကဆိုသည်။ ထို့ကြောင့်ပင် မီဒီယာသမားများနှင့် ဒီမိုကရေစီအစိုးရအကြား ဆက်ဆံမှုရေးမှာ အတန်ငယ်သွေ့ခြောက်ခဲ့ရသည့်သဘော ဖြစ်သည်။

တစ်ဖက်တွင်လည်း ယင်းသို့ အမြင်ပြောင်းလဲခဲ့ခြင်း၏ အကြောင်းရင်းများလည်း ရှိ၏။ ကိစ္စတစ်ခုတွင် ဘက်နှစ်ဖက်မက ရှိနိုင်သည်ဖြစ်ရာ အခြားတစ်ဖက်က ဆင်ခြင်တွေးတောရမည့် အကြောင်းရင်းများလည်း ရှိပါသေးသည်။

“မီဒီယာအပေါ် ရှုမြင်ပုံ ပြောင်းသွားတယ်လို့ ဆိုရမယ်။ ဒါကလည်း ကျွန်တော်တို့ မီဒီယာတွေမှာလည်း အမှားလေးတွေ ရှိတာလည်းပါမယ်။ အစိုးရကိုဆော်မှ သတင်းဖြစ်တာလို့ တွေးနေသူတွေလည်း ရှိတာပဲလေ” ဟု ဆိုလာသူက Etrade Myanmar မှ စီးပွားရေးသတင်းထောက် ဆလိုင်းထွန်းထွန်း ဖြစ်သည်။

လတ်တလောတွင်ပင် ဂျာနယ်တစ်ခုက ရေးသားဖော်ပြခဲ့သော ဝန်ကြီးချုပ်လေးဦးနှင့် ဝန်ကြီးအချို့ အပြောင်းအလဲသတင်းကိစ္စအတွက် နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားစာပေးပို့ထားပြီး အဆိုပါဂျာနယ်ကလည်း ၎င်း၏ Facebook မှ တစ်ဆင့် ပြန်လည် တောင်းပန်လိုက်ရပြီ ဖြစ်သည်။

အစိုးရ စိတ်ခုလေသလော

ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံ ဘ၀ကမူ တည်ဆဲအစိုးရကို လူထုထောက်ခံမှုနှင့်အတူ ဖိအားပေးခဲ့ပြီး မီဒီယာများကလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်တွင် ရပ်ခဲ့ကြသည်။ စစ်အာဏာရှင်ကို တော်လှန်ခဲ့သည့် ခရီးကြမ်းတစ်လျှောက်တွင် မြန်မာမီဒီယာများသည် ဒီမိုကရေစီသရုပ်သကန်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အမြဲလိုပင် ရပ်တည်ခဲ့ကြသည်။

ထိုအခြေအနေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာရင်ပေါင်တန်းရပ်ခဲ့ကြသည့် အသွင်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုနှင့် စစ်အာဏာရှင် စနစ်ကို တွန်းလှန်လိုမှုသည် မြန်မာမီဒီယာများ သူမဘက်မှ ရပ်တည်ရန်အတွက် တွန်းအားများဖြစ်ခဲ့သည်။

ယခုအခါတွင် ထိုသို့မဟုတ်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့၏ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်သည်။ မီဒီယာသည် အစိုးရအပါအဝင် ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့၏ လုပ်ရပ်တို့ကို စောင့်ကြည့်ထိန်းကျောင်းရသည် ဖြစ်ရာ ယခင်ကဲ့သို့ တစ်တန်းတည်းရပ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မီဒီယာသည် အစိုးရနှင့်မျက်နှာချင်းဆိုင်ရပ်ကြသည်။

“တစ်ချိန်လုံးအကောင်းပဲ ရေးလာတယ်။ တစ်ချိန်လုံး အကောင်းပဲ ပြောလာတဲ့သူတွေက ဒီလိုမျိုးထောက်ပြ ရေးသားမှုတွေ ရှိလာတဲ့အခါမှာတော့…သူတို့အနေနဲ့ ဒီအခြေအနေကို ရင်ဆိုင်ရမယ်လို့ မျှော်လင့်မထားဘူး ထင်တယ်။ မျှော်လင့်မထားတဲ့ အချိန်မှာတော့ စိတ်ထဲမှာ စိတ်ခုသလားပေါ့”ဟု နိုင်ငံရေးဆောင်းပါးများရေးသားသူ ကိုသီဟသွေးက ဆိုသည်။

ဤသို့ အစိုးရကသာ စိတ်ခုသွားမည်ဆိုပါက မကြာမီကာလတွင် နေပြည်တော်၌ ကျင်းပမည့် Media Development Conference သို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရေးမှာလည်း မသေချာသည့် သဘောပင်။

NLD အစိုးရလက်ထက်၌ ရခိုင်အရေးတွင် ဖိအားများစွာ ရှိလာခဲ့သည်။ အထူးသဖြင့် ပြည်ပဖိအားဖြစ်သည်။ ရခိုင်အရေး ကုလသမဂ္ဂနှင့် အနောက် နိုင်ငံများ၏ ဆုံးဖြတ်ချက်များ၊ ထုတ်ပြန်ချက်များစွာကို မီဒီယာတို့က ဖော်ပြခဲ့ကြသည်။ အများစုမှာ အနုတ်လက္ခဏာဆောင်သော အရေးယူသည့်သတင်းများ၊ ပိတ်ဆို့သည့် သတင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် နိုင်ငံတကာဆုများ ရုပ်သိမ်းခံရသည့် သတင်းများ ဖြစ်သည်။

“အဓိကဖြစ်တဲ့ ပြဿနာက ဒေါ်ဆောင်ဆန်းစုကြည်တို့အနေနဲ့က ပထမဆုံးအစိုးရ ဖြစ်ဖူးတာဖြစ်နေတယ်။ မီဒီယာတွေအနေနဲ့ ဒီလိုမျိုးမျက်နှာချင်းဆိုင်ပြီးတော့ ဝေဖန်တာတွေကြောင့်လည်း သူတို့အနေနဲ့တော့ Shock  ရတယ် ထင်တယ်” ဟု ကိုသီဟသွေးက ၎င်း၏အမြင်ကို ဖွင့်ဟသည်။

ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သော ဘင်္ဂါလီများသတ်ဖြတ်ခံခဲ့ရသည့် သတင်းများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စီမံကိန်းများ၊ အစိုးရ အဖွဲ့၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ထောက်ပြသည့် သတင်းများသည် အစိုးရအတွက် မီဒီယာများအပေါ် မျက်စိစပါးမွှေးစူးစရာ ဖြစ်စေခဲ့ပြီလော။

“ပုဂ္ဂလိကမီဒီယာအများစုကတော့ ဘုန်းတော်ဖွဲ့တွေ ရေးပေးကြမှာမဟုတ်တော့ ပဋိပက္ခဆိုတာ အမြဲရှိနေမှာပါ။ ဘယ်အစိုးရတက်တက်” ဟု မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးဉာဏ်လင်းက ဆိုသည်။

ဦးဉာဏ်လင်းသည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု University of Kansas တွင် Journalism & Mass Communications ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ယူရန် ကျောင်းတက်နေသူလည်း ဖြစ်သည်။

Photo by MSCO

 ပျောက်ရှသွားသော ယုံကြည်မှုများ

ယုံကြည်မှုသည် မြန်မာနိုင်ငံတွင် ရှားပါးပစ္စည်းတစ်ခုဟု ဆိုနိုင်ပါသည်။ မြန်မာ့ငြိမ်းချမ်းရေးတွင်လည်း ယုံကြည်မှုပျောက်၍ နှစ် ၆၀ ကြာသည့်တိုင် ခရီးမပေါက်ဖြစ်ခဲ့ရသည်က အကောင်းဆုံးသာဓက ဖြစ်သည်။ တစ်ဦး၊ တစ်ယောက်တစ်ဖွဲ့အပေါ် ယုံကြည်မှုထားရန် လိုအပ်သကဲ့သို့ ယုံကြည်မှုနှင့် ထိုက်တန်အောင် နေထိုင်ရန်သည်လည်း အရေးကြီးသည်ပင်။

မြန်မာ့မီဒီယာလောကတွင် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ ဂျာနယ်များစွာပေါ်ထွက်လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ နောက်ပိုင်းတွင်လည်း နေ့စဉ်ထုတ် သတင်းစာများစွာ ပေါ်ထွက်လာခဲ့သည်။ မီဒီယာအချို့မှာ အများပြည်သူအတွက် မီဒီယာကျင့်ဝတ်ဖြင့် ရပ်တည်ခဲ့ကြသော်လည်း အချို့မှာ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရပ်တည်ခဲ့ကြခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများလည်း ပေါ်ထွက်ခဲ့သေးသည်။

“ပြည်တွင်းမီဒီယာအများစုက စစ်အုပ်စုပေါ့ ။ အဲဒီဘက်ကလူတွေ အများစုက ပိုင်ဆိုင်ထားတာ။ အဲဒီအတွက်ကြောင့် မီဒီယာပုံစံအတိုင်း ပြည့်ပြည့်စုံစုံ မရပ်တည်နိုင်ဘူး”ဟု မြောက်ဥက္ကလာပ မြို့နယ်နေ အသေးစားဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ကျော်က သူ့အမြင်ကို ဖွင့်ဟသည်။

သတင်းသမားများက မည်မျှအားထုတ်သည်ဖြစ်စေ အယ်ဒီတာများနှင့်တိုက်ပိုင်ရှင်များက သတင်းသမားများ၏ တင်ပြချက်များကို ချုပ်ကိုင်ထားခြင်းကြောင့် လွတ်လပ်စွာလှုပ်ရှားခွင့်မရဟု ကိုကျော်ကျော်က ဆိုသည်။

“ပြည်တွင်းမီဒီယာကို ချုပ်ကိုင်ထားတာတွေ ရှိတယ်လို့ မြင်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

ဤသို့နှင့်ပင် မီဒီယာရပ်ဝန်းတစ်ခုလုံးအပေါ် ပြည်သူများ၏ ယုံကြည်မှုလည်း ပါးလျလာခဲ့သည်။

ဘုရင့်နောင်ပွဲရုံမှ ဆန်လုပ်ငန်းရှင် ဦးထွန်းဝင်းကမူ မီဒီယာများသည် သတင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိမှုနည်းခြင်းနှင့် အစိုးရမလုပ်နိုင်သည့် ကိစ္စများအပေါ် ဖိအားပေးလွန်းခြင်းတို့ကြောင့် ယုံကြည်မှု ကျဆင်းလာရခြင်းဖြစ်ကြောင်း ဖွင့်ဟသည်။

“ပြည်သူက ယုံကြည်မှုတွေ နည်းလာပြီ။ အမှန်အတိုင်းပြောရင် အရင်ကဆို မီဒီယာသမားတွေကို အထင်ကြီးတယ်။ အခုက ပေါ်တင်ပြောတာ”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ကျင့်ဝတ်ပိုင်း အားနည်းသော မီဒီယာအချို့ကြောင့် မီဒီယာလောကကြီးတစ်ခုလုံး မလိုအပ်ဟူသော အမြင်မျိုးမှာမူ ဒီမိုကရေစီနိုင်ငံထူထောင်မည်ဟူသည့် အိပ်မက်နှင့်လည်း ဝေးကွာ လွန်းလှပေသည်။

မီဒီယာများကဲ့သို့ Institution များအပေါ် ပြည်သူ့ယုံကြည်မှုကျဆင်းသည်မှာလည်း မြန်မာနိုင်ငံတွင်သာ ကွက်၍ ဖြစ်ပေါ်နေသည်တော့မဟုတ်ပေ။

“မီဒီယာတွေအပေါ်မှာ ယုံကြည်မှုကျတယ်ဆိုတာကတည်း တစ်ကမ္ဘာလုံးမှာ Institution တွေအပေါ်မှာ ယုံကြည်မှုက ကျနေတာလေ။ မြန်မာပြည်မှာမှ မဟုတ်ဘူး”ဟု မြန်မာ့နိုင်ငံရေးသုတေသီ ဦးတင်မောင်သန်း(သင့်ဘ၀)က ဆိုသည်။

“မီဒီယာနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုချင်း ယှဉ်လိုက်မယ်ဆိုရင် လူထုရဲ့ယုံကြည်မှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် များလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့အကြောင်း ဝေဖန်ထောက်ပြမှုများတွင် မီဒီယာများသည် အစိုးရအဖွဲ့၏လုပ်ရပ်နှင့် ယုံကြည်မှုချင်းစီးချင်းထိုးနေရသည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားသည့် ပြည်သူ့ယုံကြည်မှုနှင့် စီးချင်းထိုးနေရသည့် သဘောပင်ဖြစ်လာသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပြိုင်ဘက်အခြားသောပါတီများက NLD ပါတီနှင့်ယှဉ်ပြိုင်ရခြင်းမဟုတ်ဘဲ  ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသော ပြည်သူ့မျှော်လင့်ချက်နှင့် ယှဉ်ပြိုင်ရ သကဲ့သို့ပင်ဖြစ်သည်။

ယခုအခါတွင် အစိုးရအဖွဲ့ဝင်အချို့၏လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသော ယုံကြည်မှုဖြင့် ဖုံးအုပ်လိုက်ပြီးနောက် မဖြစ်တန်ရာဟူသော အမြင်ဖြင့် မီဒီယာများအပေါ် ယုံကြည်မှု လျော့ကျလာခဲ့ခြင်းမျိုးလည်း ရှိလာခဲ့ပြီဖြစ်သည်။

နောက်တစ်ချက်မှာလည်း ခေတ်စားလာသော ဆိုရှယ်မီဒီယာဟု ညွှန်းဆိုကြသည့် Facebook ကြောင့်ပင် ဖြစ်သည်။ Facebook ကြောင့်ပင် ပြည်သူများက သတင်းများကို အချိန်တိုအတွင်း ပိုမိုသိရှိလာပြီး သတင်းအတုများမှာလည်း ဖောင်းပွလာခဲ့သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွင်ကား ပင်မမီဒီယာများနှင့် Facebook သည်ကား နှိုင်းယှဉ်ရန် အရာ မဟုတ်ပေ။

အဆိုပါ Facebook ပေါ်တွင်ပင် အစိုးရထောက်ခံသူနှင့် အစိုးရမကြိုက်သူများအကြား keyboard တိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိနေသေးသည်။ ခေတ်အခေါ် ပါတီတစ်ရပ်ရပ်ကိုထောက်ခံသည့် လော်ဘီများ၏ Facebook ပေါ် ရေးသားမှုများကလည်း မီဒီယာထက်ပင် ပိုမိုပျံ့နှံ့ လျက်ရှိသည်။

ကိုယ်ကြိုက်နှစ်သက်သည့် အစိုးရ၊ အဖွဲ့အစည်း၊ တာဝန်ရှိသူတစ်ဦးဦး၏လုပ်ရပ်ကို ထောက်ပြသည့် မီဒီယာများကို အုပ်စုဖွဲ့အပုပ်ချတိုက်ခိုက်၍ ပြည်သူအထင်လွဲရန် လုပ်ဆောင်ခြင်းများကလည်း ခေတ်စားလာခဲ့ပြီ ဖြစ်သည်။

သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တိကျမှုတွင်ကား လော်ဘီများသည် ပင်မမီဒီယာများနှင့် များစွာခြားနားလျက် ရှိသည်။

မီဒီယာများတွင်လုပ်ကိုင်ကြသော သတင်းထောက်များ၊ အယ်ဒီတာများသည်လည်း မှားနိုင်ပေသည်။ မြန်မာ့ မီဒီယာသည်လည်း မြန်မာ့နွေဦးဖြစ်စဉ် နောက်ပိုင်းမှသာ တဖြည်းဖြည်းပွင့်လင်းလာခဲ့ခြင်းဖြစ်ပြီး ကာလအားဖြင့် တိုတောင်းလျက်ရှိသည်။

မြန်မာမီဒီယာအပေါ်ထားသော ပြည်သူ့မျှော်လင့်ချက်မှာ ပကတိအခြေအနေနှင့်နှိုင်းယှဉ်ပါက မြင့်မားလွန်းပြန် သည်။

မြန်မာ့မီဒီယာတွင်လုပ်ကိုင်နေကြသည့် သတင်းထောက်များမှာ လူငယ်၊ လူလတ်ပိုင်းမျှသာဖြစ်ပြီး အနည်းငယ်သော အရေအတွက်မှအပ အများစုမှာ သတင်းအတတ်ပညာကိုပင် ကျောင်းများတွင် စနစ်တကျ သင်ကြားနိုင်ခဲ့ခြင်း မရှိ။ လုပ်သက်ရင့်သတင်းထောက်ကြီးများ၊ အယ်ဒီတာကြီးများက လုပ်ရင်းကိုင်ရင်း တွဲခေါ်သင်ယူပေးခဲ့ခြင်းသာ ဖြစ်သည်။ ယေဘုယျဆိုရလျှင် ခေတ်၏လိုအပ်ချက်၊ ဝါသနာအရသာ ဝင်ရောက် လုပ်ကိုင်နေကြရခြင်းဖြစ်သည်။

ထို့ကြောင့်ပင် အခမ်းအနားများနှင့် ပွဲများကဲ့သို့ သတင်းရယူရာနေရာများတွင် မီဒီယာများ၏ ဝတ်စားဆင်ယင်မှုနှင့် အပြောအဆိုအပြုအမူများကအစ သတိထားရန်လိုအပ်ပြီး မီဒီယာသမားတစ်ဦး၏ အပြောဆို၊ အပြုအမူသည် မီဒီယာလောကကြီးတစ်ခုလုံးကို ကိုယ်စားပြုနေကြောင်း လုပ်သက်ရင့် မီဒီယာသမားများက တပ်လှန့်နေကြခြင်း ဖြစ်သည်။

ထို့ပြင်လည်း မြန်မာ့မီဒီယာသည် အင်အားကြီးအုပ်စုများအကြား ရန်တိုက်ပေးသည့်သဘောမျိုးဖြင့် သတင်းများကို တင်ဆက်နေရသည့်အခြေအနေဟု နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက ဆိုသည်။

“အစိုးရပြောရင်လည်း ပြောချင်စရာဗျ။ ကျွန်တော်တို့ မီဒီယာလောကကြီးတစ်ခုလုံးရဲ့ Trend က နှစ်ဖက်ကို တိုက်ပေးတဲ့ အဆင့်ပဲရှိတယ်။ အုပ်စုကြီး နှစ်ခုမှာ နှစ်ဖက်ကိုတိုက်ပေးပြီး တစ်ဖက်က ပြန်ပြောတဲ့ စကားတွေကို ဖမ်းပြီး Head Line လုပ်နေရတယ်”ဟု မီဒီယာလောက အပေါ် သူ့အမြင်ကို ထုတ်ဖော်ပြောဆိုသည်။

ထို့ပြင်လည်း မီဒီယာများသည် ပြည်သူများကို အမှန်တကယ်အကျိုးပြုသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးသတင်းမျိုးနှင့် ပြည်သူများကို ပိုမိုရင့်ကျက်စေသော သတင်းများကို တင်ဆက်မှု အားနည်းလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ထိုမျှမက မီဒီယာတိုက်များသည်လည်း ဘဏ္ဍာရေးပိုင်းတွင် ရပ်တည်ရန်ရုန်းကန်နေရဆဲ ဖြစ်သည်။

ပုဂ္ဂလိကပိုင်မီဒီယာများသည် နိုင်ငံပိုင်မီဒီယာနှင့် မမျှတစွာ ယှဉ်ပြိုင်နေရသေးသည်။ အပတ်စဉ်ထုတ် ဂျာနယ်များ၊ သတင်းစာများ ရပ်နားသွားသည်ကို ကြည့်လျှင် ဤအချက်ကို ကောင်းစွာ တွေ့မြင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဤအချက်များထက် အရေးကြီးသည့်အချက်မှာမူ မြန်မာ့ မီဒီယာများ၏ ရင့်ကျက်မှုပင်ဖြစ်သည်။ အထူးသဖြင့် ရခိုင်အရေးကိစ္စတွင် ပြည်ပအခြေစိုက် မီဒီယာများနှင့် ပြည်တွင်းမီဒီယာများအကြားတွင်လည်း အမြင်မတူမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

နှစ်ပေါင်းများစွာ အဘက်ဘက်က ပျက်ယွင်းခဲ့ရသည့် ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအဖုံဖုံတွင် မြန်မာ့မီဒီယာလည်း ပါဝင်ခဲ့သည်။ ရှိသည့်အခြေ အနေမှ ပြန်လည်နာလန်ထခဲ့ရသည့် မြန်မာ့မီဒီယာအတွက် လိုအပ်ချက်များကား ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ဒီမိုကရေစီအစိုးရနှင့် ဒီမိုကရေစီ တမ်းတသည့် ပြည်သူများအကြား မီဒီယာများက ကျသည့် တာဝန်ကို ထမ်းဆောင်နေရမည်သာ။

အစိုးရ၏ မူဝါဒအရ အားပေးခြင်း၊ သတင်းမီဒီယာများအပေါ် ဒီမိုကရေစီလုပ်ဖော်ကိုင်ဖက်အဖြစ်ရှုမြင်ခြင်းနှင့် ဒီမိုကရေစီအစိုးရ၏ သတင်းလွတ်လပ်ခွင့်အပေါ် အလေးထားမှုများလိုအပ်သကဲ့သို့ မီဒီယာများက အလေးထားရမည့် ကိစ္စတစ်ခုကို နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက ယခုလို သတိပေးသည်။

“ကျွန်တော်တို့က လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားဘဲ အဲဒီပြဿနာတွေကြားထဲ ပိတ်လှောင်ထားပြီး ခွစားသလိုဖြစ်နေတယ်”

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *