ပါပီလေးတို့အတွက် နေရာသစ်

‘ဝုတ်ဝုတ်၊ ဝေါင်းဝေါင်း’ အသံများဖြင့် နပန်းလုံးနေသည့် ခွေးနှစ်ကောင်ကြောင့် အနီးအနားမှ ခွေးများကပါ ဝိုင်းလာသည်။ အော်ရင်း ကိုက်ရင်းအရှိန်ဖြင့် လိမ့်နေသည့်နောက် ခွေးအုပ်ကြီးက လိုက်ပါသွားသည်။

“ဟေး၊ နင်နော်။ သွား အခုအိပ်” ဟု ဂေဟာတာဝန်ရှိသူတစ်ဦးက ရန်ဖြစ်သည့်ခွေးတစ်ကောင်ကို ဖယ်ထုတ်ပြီး ခြောက်လှန့်လိုက်မှ ငြိမ်ကျသွားတော့သည်။

ရန်ဖြစ်သည့် ခွေးအနီး ဝိုင်းအုံနေသည့်ခွေးများရှိသလို ချောင်တွင် ဇိမ်ကျကျအိပ်နေသည့် ခွေးတို့ကလည်း ရှိသည်။ သူတို့အတွက် ယင်းဖြစ်ရပ်က မထူးခြားသည့်သဘော။

ယင်းမှာ စစ်ကိုင်းမြို့ ဝါးချက်ဆေးရုံနှင့် တစ်မိုင်ခန့်အကွာ အာလောင်ရွာအနီးတွင် ဖွင့်လှစ်ထားသည့် Royal Heart (တော်ဝင်နှလုံးသား) ခွေးဂေဟာ၏ မြင်ကွင်းဖြစ်သည်။

စစ်ကိုင်းမြို့ မင်းဝံတောင်ခြေတွင် ဖွင့်လှစ်ထားသည့် ဂေဟာဖြစ်သော်လည်း မန္တလေးမြို့တော်မှ ခွေးများဖြစ်ပြီး အကောင်ရေ ၆၀၀ ဝန်းကျင်ရှိနေပြီဟု ဂေဟာတည်ထောင်သူ မစောသဲဦးက ပြောသည်။

“ဒဏ်ရာရရှိတဲ့ အကောင်တွေကို ပြုစုစောင့်ရှောက်ပေးနေတာများတယ်။ ကားတိုက်ခံရတာ၊ ရထားတိုက်ခံရတာတို့၊ အရိုက်နှက်ခံရတာတို့၊ အနာဖြစ်တာတို့ကြောင့် ရောက်လာကြတာ” ဟု ၎င်းက ဆိုသည်။

ပိုင်ရှင်မဲ့၊ ခွေးလေခွေးလွင့်၊ ဒဏ်ရာရ၊ စည်ပင်က အဆိပ်ချရှင်းရမည့်ခွေး စသည်ဖြင့် ခွေးအမျိုးအစားများစွာကို မစောသဲဦး စောင့်ရှောက်ပေးနေသည်မှာ သုံးနှစ်ဝန်းကျင်ရှိပြီဖြစ်သည်။

မန္တလေးမြို့ ၅၄ လမ်း၊ ရေတံခွန်တောင်အနီးနှင့် ပလိပ်ဘက်တို့တွင် ဖွင့်လှစ်ခဲ့ပြီး စတုတ္ထမြောက်ဂေဟာနေရာအဖြစ် အာလောင်ရွာအနီး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“အရင်ဖွင့်ခဲ့တဲ့ နေရာတွေက ရပ်ကွက်တွေနဲ့ အဆင်မပြေတာတွေရှိတယ်။ ကိုယ်လိုချင်တဲ့ အကျယ်အဝန်း မရတာလည်း ရှိတယ်။ ဒါကြောင့် ဒီဘက်ကို ရောက်လာတာ” ဟု မစောသဲဦးက ရှင်းပြသည်။

တစ်ကောင်၊ နှစ်ကောင်၊ ဆယ်ကောင်လည်းမက ရာနှင့်ချီသော ခွေးများကို ထိန်းသိမ်းရသည်မှာ လွယ်ကူသည်တော့မဟုတ်။ ရောက်လာသည့် ခွေးတို့မှာလည်း ကျန်းမာသန်စွမ်းသည့် အကောင်မျိုးက ရှားသည်။ ပိုင်ရှင်က မလိုချင်တော့၍ စွန့်ပစ်သည့်အကောင်မှလွဲ၍ ကျန်အကောင်တို့က တစ်နည်းနည်းဖြင့် ချူချာသည်ချည်းပင်။

မည်သည့်ပုံစံဖြင့် ရောက်လာရသည်ဖြစ်စေ Royal Heart ခွေးဂေဟာမှ ဝန်ထမ်းတို့က ကျန်းမာသက်ရှည်ရန် ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်။

“ကျွန်တော်အပါအဝင် ဝန်ထမ်းခုနစ်ယောက်ရှိတယ်။ ညဘက်အိပ်ပေးတာ သုံးယောက်ရှိတယ်။ ခွေးတွေက လိမ္မာပါတယ်။ ရောက်ခါစမှာ အရင်နေရာကို လွမ်းတာမျိုးရှိပေမယ့် အသားကျတဲ့ အချိန်မှာတော့ကျန်တဲ့ ခွေးတွေနဲ့ရောရောနှောနှောပါပဲ” ဟု ဂေဟာမန်နေဂျာ ကိုစည်သူက ပြောပြသည်။

ဂေဟာသို့ ရောက်လာသည့် ခွေးများ၏ ကျန်းမာရေးအတွက် တိရ စ္ဆာန်အထူးကုဆရာဝန်များနှင့် စစ်ဆေးခြင်း၊ အနာဒဏ်ရာများကို ပျောက်ကင်းအောင် ကုသပေးခြင်းတို့အပြင် အစားအသောက်အတွက်ကိုလည်း ဂရုစိုက်ပေးရသည်။ အချင်းချင်းခိုက်ရန်မဖြစ်အောင်လည်း ကြည့်ပေးရသည်။

ယင်းအပြင် မျိုးဆက်ပွားခြင်း မပြုနိုင်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ကာ သင်းသတ်ပေးရသည်။

အကောင်ရေ ၆၀၀ ခန့်ရှိသည့် ခွေးဂေဟာတွင် တစ်နေ့တာအတွက် ကျပ်နှစ်သိန်းခန့် ကုန်ကျသည်။ တစ်နပ်လျှင် ကျပ်တစ်သိန်း ကုန်ကျသည့်သဘော ဖြစ်သည်။

ကြက်သား သို့မဟုတ် ငါး၊ ရွှေဖရုံ သီး၊ ခွေးစာ၊ ထမင်း စသည်တို့ကို ရောနှော၍ ကျွေးမွေးရသည်။

“အလှူရှင်မရှိရင်တော့ ငါးနဲ့ ကျွေးရတယ်။ အလှူရှင်ရှိရင်တော့ ကြက်သားပေါ့။ အလှူရှင်က ပုံမှန်ရှိတာတော့ မဟုတ်ဘူး” ဟု ကိုစည်သူက ရှင်းပြသည်။

ထို့ကြောင့် တစ်လလျှင် ကျပ်သိန်း ၇၀ ဝန်းကျင်အထိ ကုန်ကျပြီး စေတနာရှင်များ၊ တိရစ္ဆာန်ချစ်သူတို့၏ ထောက်ပံ့လှူဒါန်းမှုဖြင့် ရပ်တည်နေရကြောင်း ယင်းဂေဟာမှ သိရသည်။

ခေတ်အဆက်ဆက် ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့်များကို အဆိပ်ပါသည့် အသားတုံးများ ချကျွေးကာ ရှင်းလင်းသည့် ဓလေ့က ရှိခဲ့သည်။

သို့သော် ယင်းအသားတုံးများကို ခွေးလေခွေးလွင့်များသာမက အိမ်မွေးခွေးများကပါ စားမိသဖြင့် အိမ်မွေးခွေးများပါ သေဆုံးရခြင်းများ ဖြစ်ခဲ့သည်။

ခွေးလေခွေးလွင့်များကို ထိန်းသိမ်း ရန်မှာ အဆိပ်ချကျွေးခြင်းထက် မည်သို့ထိန်းသိမ်းရမည်ဆိုသည်က ပို၍ အရေးကြီးသည်။ အဆိပ်ချသတ်ဖြတ်ခြင်းသည် မှန်ကန်သည့် ဖြေရှင်းနည်းမဟုတ်ပေ။

မန္တလေးတွင်လည်း ခွေးလေခွေးလွင့်ပြဿနာရှိသည်။ ရပ်ကွက်က တိုင်တန်း၍ဖြစ်စေ၊ ဈေးကတိုင်တန်း၍ ဖြစ်စေ စည်ပင်က ဖြေရှင်းပေးရလေ့ရှိသည်။ ယခင်ကတော့ မန္တလေးတောင် အရှေ့ဘက်တွင် ခွေးဂေဟာတစ်ခုကို စည်ပင်က တည်ထောင်ခဲ့ဖူးသော်လည်း ကာလရွေ့သော် လူနေသည့် လိုင်းခန်းများအဖြစ် အသွင်ပြောင်းခဲ့ပြီဖြစ်သည်။

ခွေးလေခွေးလွင့်များကို မည်သို့ပင် ရှင်းလင်းစေကာမူ ခွေးလေခွေးလွင့် ပြဿနာက ချုပ်ငြိမ်းမသွားပါ။ အဆိပ်တုံးမမိသည့်အကောင်များက အချင်းချင်း မျိုးဆက်ပွားကာ ပို၍ များပြားလာသည်။

လူတစ်ဦး ခွေးကိုက်ခံရလျှင် ဆေးရုံသို့သွားပြီး ခွေးရူးပြန်ကာကွယ်ဆေးကို အခမဲ့ ထိုးနိုင်သည်။ မည်သည့်အခကြေးငွေမှပေးရန်မလိုအပ်ပေ။ အစိုးရက တစ်နှစ်လျှင် ခွေးရူးပြန်ကာကွယ်ဆေးအတွက် ကျပ်ဘီလီယံချီ၍ အသုံးပြုလျက်ရှိနေပြီး လူတစ်ဦးအတွက် နိုင်ငံတော်က ကျပ်ခြောက်သောင်းမှ တစ်သိန်းအထိ အကုန်ကျခံပြီး ဆေးကုသပေးနေခြင်း ဖြစ်သည်။

သို့သော်လည်း ထုတ်ပြန်ချက်များအရ ၂၀၁၅ ခုနှစ်အတွင်းက ကမ္ဘာပေါ်တွင် ခွေးကိုက်ခံရမှုအများဆုံး အဆင့် ၂ တွင် မြန်မာနိုင်ငံ ပါဝင်သည်။ အလားတူ ခွေးရူးပြန်ရောဂါဖြစ်ပွားမှု အများဆုံးအဆင့် ၂ တွင်လည်း မြန်မာနိုင်ငံ တည်ရှိနေသေးသည်။

ယင်းပြဿနာသည် ခွေးလေခွေးလွင့်များပြားခြင်းနှင့် ဆက်စပ်နေပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ပျော်ဘွယ်မြို့နယ်အတွင်း အသက်လေးနှစ်အရွယ် မိန်းကလေးငယ်ကို ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့် ခြောက်ကောင်က ဝိုင်းကိုက်သဖြင့် အသက်သေဆုံးခဲ့ရသည်။

မန္တလေးဆေးရုံကြီးသို့လည်း ခွေးကိုက်ခံရမှုကြောင့် နေ့စဉ်နီးပါး လူနာများ ရောက်ရှိလာသော်လည်း သေဆုံးခြင်းမျိုးမရှိဟု ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးတာဝန်ခံ ဦးမင်းလွင်က ပြောသည်။

“ခွေးကိုက်ခံရတယ်ဆိုပေမယ့် ခွေးရူးကိုက်ခံရမှ အန္တရာယ်ကကြီးတာလေ။ သာမန်ခွေးကိုက်ခံရရင်တော့ ကာကွယ်ဆေးထိုးတာတွေ လုပ်ပေးရင် သက်သာပါတယ်” ဟု ၎င်းကပြောသည်။

ဆေးရုံကြီးဝင်းအတွင်းတွင်လည်း ခွေးလေခွေးလွင့်များရှိပြီး လူနာစောင့်များက ကျွေးမွေးခြင်းများရှိနေကြောင်း၊ သို့သော် အဆိုပါခွေးများက ကိုက်ခဲခြင်း၊ ခိုက်ရန်ပြုခြင်း နည်းပါးကြောင်း ဦးမင်းလွင် က ဆက်လက်ပြောဆိုသည်။

ယခုမူ မန္တလေးရှိ ပိုင်ရှင်မဲ့ပါပီလေးတို့အတွက် နေရာအသစ်ကို မြို့တော်စည်ပင်က အကောင်အထည်ဖော်ပေးနေပြီဖြစ်သည်။

မန္တလေးမြို့နှင့် နာရီဝက်ခန့်သွား ရောက်ရသည့် မတ္တရာမြို့နယ် ၀သုန္ဒရကျေးရွာတွင် စည်ပင်ပိုင်မြေငါးဧကကို ခွေးဂေဟာအတွက် အသုံးပြုမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

“မြို့ပေါ်က ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေကြောင့် ခွေးကိုက်ခံရတာတွေ၊ ဆိုင်ကယ်နဲ့ တိုက်မိလို့ ဒဏ်ရာရတာတွေ၊ ခွေးရူးပြန်ရောဂါဖြစ်ပွားတာနဲ့ ကာကွယ်ဆေးထိုးရတဲ့ ဒုက္ခတွေ အမြဲလိုလို ကြားသိနေရလို့ပါ” ဟု မြို့တော်ဝန်က ဆိုသည်။

ယခင်က ခွေးဂေဟာရှိခဲ့သော်လည်း ခွေးချစ်သူများကသာ ရေရှည်တွင် ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်၍ ဆက်လက်မလုပ်ဆောင်နိုင်တော့ဘဲ အမှိုက်လွှဲပြောင်းဇုန်အဖြစ် ပြောင်းလဲခဲ့ရသည်ဟု ၎င်းကပြောသည်။

ထို့ကြောင့် Royal Heart ခွေးဂေဟာကိုတည်ထောင်သူ မစောသဲဦးနှင့် ချိတ်ဆက်ကာ ခွေးကောင်ရေ ၁၀၀၀ ခန့် အထိ ထားရှိနိုင်မည့် ဂေဟာအသစ်ကို လုပ်ဆောင်မည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယင်းဂေဟာ ပြီးစီးလျှင် Royal Heart မှ ခွေးများကိုလည်း ရွှေ့ပြောင်းနိုင်မည်ဖြစ်ပြီး မန္တလေးမြို့ပေါ်မှ ခွေးလေခွေးလွင့်များ ပျောက်ကင်းနိုင်မည်ဖြစ်ကာ ခွေးရူးပြန်ရောဂါကိုလည်း ကာကွယ်ပေးနိုင်မည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်လောင်းပြောဆိုသည်။

လက်ရှိတွင် ဂေဟာအသစ်တည် ဆောက်မည့်နေရာကို စတင်ပြုပြင်နေပြီဖြစ်ပြီး မိမိတို့၏ လက်ရှိနေရာထက် ပိုမိုသာလွန်သည့် အခြေအနေဖြစ်ရန် လိုအပ်ပြီး ယင်းမှသာ ခွေးများအတွက် အဆင်ပြေမည်ဟု ယင်းဂေဟာကို တည်ဆောက်ရန် ပုံကြမ်းထုတ်ပေးထားသူလည်းဖြစ်သည့် မစောသဲဦးက ပြောသည်။

ဂေဟာပြီးစီးလျှင် ရေ၊ မီး စသည်တို့အတွက် စည်ပင်က ထောက်ပံ့ပေးမည်ဖြစ်ပြီး အစားအသောက်အတွက်မူ မစောသဲဦးနှင့် စေတနာရှင်များမှ တာဝန်ယူရမည်ဖြစ်သည်။ စည်ပင်မှ တာဝန်ယူမည် မဟုတ်ပေ။

“ဂေဟာအသစ်မှာ အခုလက်ရှိ စောင့်ရှောက်ထားတဲ့ ခွေးတွေကိုလည်း ထားနိုင်မယ်၊ မန္တလေးက ခွေးလေခွေးလွင့်တွေကိုလည်း ထပ်ပြီး ထည့်ထားနိုင်မယ်ဆိုရင် သူတို့အတွက် ကောင်းမွန်တာပေါ့။ ခွေးကိုက်ခံရမယ့် အန္တရာယ်လည်း လျော့နည်းသွားသလို ခွေးလေးတွေ အတွက် ပြည့်စုံကောင်းမွန်တဲ့ နေရာအသစ်မှာ လုံခြုံစိတ်ချစွာ နေနိုင်သွားတာပေါ့” ဟု ခွေးချစ်သူ မစောသဲဦးက ပြောလေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *