နိုင်ငံသားပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး

‘သန့်ရှင်းကျန်းမာ၊ အာဟာရပြည့်စွာ ဖွံ့ဖြိုးတိုးတက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လိုက်လျောညီထွေ သဟဇာတမျှတသော ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ အလှမ်းမီရယူခံစားပိုင်ခွင့်သည် နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်ပြီး ထို့အတွက်ငှာ နိုင်ငံသားများက ပတ်ဝန်းကျင်ဆိုင်ရာ (က) သတင်းအချက်အလက်များ ရယူနိုင်ခွင့်၊ (ခ) လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းလှုပ်ရှားဆောင်ရွက် စောင့်ကြည့်ဝေဖန်နိုင်ခွင့်နှင့် (ဂ) ပူးပေါင်းပါဝင် ညှိနှိုင်းဆုံးဖြတ်နိုင်ခွင့်တို့ကို ချွင်းချက်မရှိ အားပေး၊ ကာကွယ်စောင့်ရှောက်ရမည်။’

နိုင်ငံသားများရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးအယူအဆတွေက ၁၉၈၀ ပြည့်နှစ်အလွန်တွေမှာ အလေးပေးလာကြတာဖြစ်ပြီး အခြေခံဥပဒေနဲ့ သက်ဆိုင်ရာဥပဒေတွေမှာ ထည့်သွင်းဖော်ပြတဲ့ နိုင်ငံတွေကတော့ တောင်အာဖရိက၊ မက္ကစီကို၊ အီကွေဒေါ၊ ပီရူး၊ ဟန်ဂေရီ၊ တောင်ကိုရီးယား ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။ အောက်ကတော့ တောင်အာဖရိက အခြေခံဥပဒေမှာပါတဲ့ အပိုဒ်ပါ။

Many countries, such as  South Africa, have developed  constitutional provisions that  guarantee the right to a healthy  environment. South Africa’s  Constitution stipulates as  follows:

“Everyone has the right (a) to an environment that is not harmful to their health or well being; and (b) to have the environment protected, for the benefit of present and future generations, through reasonable legislative and other measures that (i) prevent pollution and ecological degradation; (ii) promote conservation; and (iii) secure ecologically sustainable development and use of natural resources while promoting justifiable economic and social development.”

(လူတိုင်းဟာ ကျန်းမာချမ်းသာရေးအတွက် အန္တရာယ်မရှိသော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေးနှင့် ဥပဒေနဲ့အညီ (က) ပတ်ဝန်းကျင် ညစ်ညမ်းမှုများနဲ့ ဂေဟဝန်းကျင်ပျက်စီးပြုန်းတီးမှုများကို ကာကွယ်ခြင်း၊ (ခ) ပတ်ဝန်းကျင်ကိုပြုစုပျိုးထောင် စောင့်ရှောက်ခြင်းနှင့် (ဂ) ကျိုးကြောင်းမျှတတဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲရင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေတဲ့ သဘာဝဂေဟဝန်းကျင် လုံခြုံစိတ်ချတည်တံ့မှုရှိစေခြင်း အစရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး အခွင့်အရေးများကို ခံစားပိုင်ခွင့် ရှိသည်။)

စိတ်ဝင်စားစရာကောင်းတာက အီကွေဒေါရဲ့ အခြေခံဥပဒေပါ။ ဒီနေရာမှာ စကားစပ်လို့ပြောရရင် လူနဲ့ပတ်ဝန်းကျင်ဆိုင်ရာ ဆက်ဆံရေး အယူအဆနှစ်ရပ်ရှိပါတယ်။ ပထမအယူအဆက လူသာပဓာန အယူအဆဖြစ်ပြီး သဘာဝလောက (Nature) နဲ့ ပတ်ဝန်းကျင်မှာ (Environment) လူက အသိဉာဏ်အရှိဆုံး၊ အရေးကြီးဆုံး။ ဒါကြောင့်မို့ ပတ်ဝန်းကျင်ဆိုတာ လူအကျိုးစီးပွားအတွက် အသုံးချဖို့ဆိုတဲ့ ရှုထောင့်က ရှုမြင်ဆက်ဆံတာဖြစ်ပါတယ်။ Utility point of  view ပါ၊ ပတ်ဝန်းကျင်ထိန်းတယ်ဆိုတာကလည်း လူတွေ ပတ်ဝန်းကျင်သယံဇာတတွေ ရေရှည်အသုံးပြုနိုင်မှုအတွက် စဉ်းစားလုပ်ဆောင်တာပါ။ ဒါဟာ လစ်ဘရယ်ဒီမိုကရေစီတွေနဲ့ အမေရိကန်လွတ်လပ်ရေးစာတမ်းနဲ့ အခြေခံဥပဒေတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဂျွန်လော့ခ် ရဲ့ labor theory  of property အတွေးအခေါ်က မြစ်ဖျားခံပါတယ်။ ဒီအတွေးအခေါ်ကို လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသူက အမေရိကန်သစ်တောဌာနနဲ့ ယေးလ်တက္ကသိုလ် သစ်တောသိပ္ပံပညာရေးကို တည်ထောင်ခဲ့တဲ့ ဂစ်ဖော့ ပင်ချော့နဲ့ အမေရိကန်သမ္မတ သီအိုဒိုရူ့စဘယ့်ပါပဲ။ ဒီအယူအဆဟာ မြန်မာပြည်က ပတ်ဝန်းကျင်ဆိုင်ရာပညာရေးနဲ့ ပညာတတ်၊ Technocratic တွေအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။

ဒုတိယ အယူအဆကတော့ အတူယှဉ်တွဲမျှတစွာ ဆက်ဆံရေးအယူအဆပါ။ လူဟာ သဘာဝပတ်ဝန်းကျင်ထဲက အစိတ်အပိုင်းလေးတစ်ခုပါပဲ။ ဘာမှအခွင့်ထူးခံ သဘာဝပတ်ဝန်းကျင်ကို အသုံးချလောဘ ဇောတိုက် အသာစီးရဖို့ မစဉ်းစားပါနဲ့။ သဘာဝရဲ့ အတိုးအပွားနဲ့သာ မျှတစွာ သဘာဝဝန်းကျင်ကရယူပြီး သဟဇာတ ကျကျနေပါ။ ဒါကသာ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မယ်ဆိုတဲ့ အယူအဆပါ။ ဒီအတွေးအခေါ်က ဒီကနေ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူတွေနဲ့ Green Growth အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်နေသူတွေအကြား ခေတ်စားပါတယ်။

ဒီအယူအဆနှစ်ခုကို ယှဉ်ကြည့်ရင် အသုံးချရေးမူက အရေးအကြောင်းကြရင် လူအကျိုးစီးပွားကိုပဲ အသာပေးစဉ်းစားပြီး ပတ်ဝန်းကျင်ကို စီမံခန့်ခွဲမယ်လို့ပြောတာဖြစ်ပြီး အတူယှဉ်တွဲရေးမူက ပတ်ဝန်းကျင်နဲ့ လူတန်းတူမျှမျှတပဲ စဉ်းစားမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အီကွေဒေါရဲ့ အခြေခံဥပဒေဟာ ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူကို တန်းတူထားစဉ်းစားတဲ့အယူအဆကို ကျင့်သုံးဖို့ ပြဋ္ဌာန်းတဲ့ ဥပဒေပဋိဉာဉ် ကတိကဝတ်လို့ ပြောရမှာဖြစ်ပါတယ်။ သူ့ရဲ့ အခြေခံဥပဒေအဖွင့်မှာ ဒီလို နိဒါန်းချီပါတယ်။

“We women and men, the  sovereign people of Ecuador . . .  CELEBRATING nature, the  Pacha Mama (Mother Earth),  of which we are a part and  which is vital to our existence . . .  Hereby decide to build A new  form of public coexistence, in  diversity and in harmony with  nature, to achieve the good way of living, the sumak  kawsay.”

ဒါကတော့ နိုင်ငံတော်ဆိုတဲ့ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုရာမှာ မဖြစ်မနေပါဝင်ရမယ့် သတ်မှတ်နယ်မြေ အဝန်းအဝိုင်းထဲမှာ တည်ရှိတဲ့လူပုဂ္ဂိုလ်၊ အစိတ်အပိုင်းနဲ့ ၎င်းတို့ရဲ့ အဆက်အစပ်၊ ပတ်သက်ဆက်နွှယ်မှု၊ အချုပ်အခြာအာဏာဆင်းသက်မှု၊ ကိုင်တွယ်ကျင့်သုံးထိန်းကြောင်း ဆောင်ရွက်နိုင်မှု အစရှိတဲ့ ပြည်သူနဲ့ ပြည်သူ့ကိုယ်စားအုပ်ချုပ်မယ့် အစိုးရတို့အကြားတည်ရှိတဲ့ ကတိကဝတ်၊ လူမှုရေးပဋိဉာဉ် တို့ကို ဖော်ပြနိုင်ဖို့ အစပျိုးတာဖြစ်ပါတယ်။ နိုင်ငံတော်လို့ဆိုတဲ့အထဲမှာ သဘာဝလောကပတ်ဝန်းကျင်ပါ အပြန်အလှန် ဒွန်တွဲရပ်တည်နိုင်ရေးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် သတ်မှတ်တာလည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း အခြေခံဥပဒေပုဒ်မ ၁၀ မှာ သဘာဝပတ်ဝန်းကျင် Nature ကိုယ်တိုင်ကလည်း နိုင်ငံသားများနည်းတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး ခံစားခွင့်ရှိတယ်လို့ သတ်မှတ်ပါတယ်။

The next section of relevant  text is Article 10, ‘Rights.’ Article 10 states: ‘Persons,  communities, peoples, nations  and communities are bearers  of rights and shall enjoy the  rights guaranteed to them in  the Constitution and in  international instruments.  Nature shall be the subject of  those rights that the Constitution  recognizes for it.”9 Chapter Seven, ‘Rights of nature,’ via Articles 71–74, specifies the three rights that are recognized for nature: 1) ‘the right to integral respect for its existence;” 2) the right to “the maintenance and regeneration of its life cycles, structure, functions and evolutionary processes;” and 3) “the right to be restored.”10

ဆက်လက်ပြီး ပုဒ်မ ၇၁ ကနေ ၇၄ မှာ သဘာဝပတ်ဝန်းကျင် အမိမြေရဲ့ အခွင့်အရေးဆိုသည်မှာ (၁) သဘာဝဝန်းကျင် ဂုဏ်သိက္ခာရှိစွာ တည်တံ့ခိုင်မြဲနိုင်မှု၊ (၂) စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်မှု သဘာဝဖြစ်စဉ်အရ သူ့ရဲ့သက်တမ်း၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်တွေအရ ထိန်းသိမ်းလည်ပတ်စောင့်ရှောက်နိုင်ခွင့်နှင့် ဓမ္မတာမျိုးဆက်နိုင်ခွင့်၊ (၃) ပြန်လည်ပြုစုပျိုးထောင် ရှင်သန်နိုးခွင့်ဆိုပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ဒီအခွင့်အရေးသုံးရပ်ထဲက တစ်ခုခုကို ထိခိုက်အောင်လုပ်မိပါက တရားဥပဒေကြောင်းအရ အီကွေဒေါနိုင်ငံသားတစ်ဦးဦးက တရားလိုပြုလုပ်ပြီး အမိမြေကိုယ်စား တရားစွဲလို့ရပါတယ်။ အမှန်တကယ်လည်း တရားစွဲခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပြီး အမေရိကန်ကုမ္ပဏီ Chevron ကို ရေနံတွေယိုဖိတ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခဲ့မှုတွေအတွက် တရားစွဲခဲ့တဲ့ကိစ္စဟာ ထင်ရှားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီဖက်ဒရယ်တည်ထောင်ရေးအတွက် ပင်လုံဆွေးနွေးပွဲတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆွေးနွေးမှုအကြောင်းအရာ ငါးခုထဲမှာ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြေယာနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိဆွေးနွေးပြီး သဘောတူညီချက်တွေရှိသလို တစ်ဆို့နေတဲ့ ကိစ္စရပ်တွေလည်းရှိပါတယ်။ အဓိကက မြေနဲ့ သဘာဝသယံဇာတရဲ့ မူလဘူတပိုင်ဆိုင်သူဟာ ဘယ်သူလဲနဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့မြေယာအသုံးချမှု လုံခြုံရေးအသိအမှတ်ပြုရေးကိစ္စတွေ အဓိကပါပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတူတူပဲလို့ သဘောရတဲ့ အဓိပ္ပာယ်သတ်မှတ်မှုကို လက်မခံလိုတဲ့သူတွေက နိုင်ငံတော်က ပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို သဘောမတူသည့်အလျောက် အငြင်းပွားနေကြတာလည်း ဖြစ်ပါတယ်။ မြေနဲ့သယံဇာတတွေကို ဘယ်သူပိုင်တယ်ဆိုတာကွဲပြားမှ ဘယ်သူက ဆိုင်တယ်။ ဘာအခွင့်အရေးတွေ ရနိုင်တယ်။ ဘာတာဝန်တွေ ခွဲဝေထမ်းဆောင်ရမယ်။ ဒီအတွက် ဘယ်လို အကျိုးအမြတ်ခွဲကြမယ်။ အငြင်းပွားထိတ်တိုက်ရင်ဆိုင်မှုတွေဖြစ်ရင် ဘယ်လိုရှင်းကြမယ်ဆိုတာ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်၊ နိုင်ငံသား၊ တိုင်းရင်းနဲ့ သူတို့ရဲ့ ဆိုင်ရာအခွင့်အရေးတွေ အပြန်အလှန် ဆွေးနွေးတဲ့အခါ ထည့်သွင်းစဉ်းစားနိုင်ဖို့ နိုင်ငံသားပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးကို ဒီဆောင်းပါးမှာ ရေးသားတင်ပြလိုက်ရတာဖြစ်ပါတယ်။ မြေယာဆွေးနွေးပြီးရင်လည်း သဘာဝပတ်ဝန်းကျင်ကိစ္စရပ်တွေ ဆက်လက်ဆွေးနွေးဖို့ရှိတာမို့ ဒီဆောင်းပါးထဲက တင်ပြထားတဲ့ အချက်အချို့ဟာလည်း အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 

 

ဝင်းမျိုးသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *