အသိလွဲများကြောင့် စွန့်လိုက်ရသော အသက်များ

ဓာတ်ပုံ - မြင့်မိုးညို

ဓားခုတ်ရာ လက်ဝင်လျှိုခဲ့သူ ကိုမျိုးမင်းတစ်ယောက် သင်ခန်းစာရသွားခဲ့သည်။

လူရှင်းရာအဝေးပြေးလမ်း တစ်နေရာတွင် ယာဉ်တိုက်မှုကြောင့် လဲကျနေသူကို ကိုမျိုးမင်း ကယ်တင်ခဲ့သော်လည်း လူနာရှင်နှင့် ရဲတို့၏ သံသယများစွာကို ကိုမျိုးမင်းတစ်ယောက် အချိန်တော်တော်ကြာ ဖြေရှင်းခဲ့ရသည်။

“လူရှင်းတဲ့ အမြန်လမ်းလိုမျိုးမှာ ကျွန်တော့်ရှေ့က ကားက တိုက်သွားတာ။ အဲဒါကို ကျွန်တော်တွေ့တော့ ဆေးရုံ ပို့ပေးတယ်။ ဒါပေမဲ့ လူနာမိသားစုလည်းလာရော ကျွန်တော် တိုက်လိုက်တာဆိုတာမျိုး ဖြစ်ရော။ အချိန်တော်တော်ကြာ ရှင်းလိုက်ရတယ်”ဟု ကုမ္ပဏီဝန်ထမ်းကိုမျိုးမင်းက ဆိုသည်။

ထို့ကြောင့်ပင် သက်သေမရှိပါက မကူညီရဲသလို တာဝန်ရှိသည့် ရဲဝန်ထမ်းမရောက်လာလျှင် ယင်း၏ နောက်ဆက်တွဲပြဿနာများစွာကို ကြောက်ရွံ့လာကြရင်းဖြင့် လူသားပီသမှုများ ကင်းကွာလာကြရသည်။ ထိုအချက်မှာ ကူညီလိုသူကို ကန့်သတ်လိုက်သည့် အချက်တစ်ချက် ဖြစ်သည်။

လူမြင်ကွင်းတွင် လဲကျသူများကို ကူညီကယ်ဆယ်ရန်မှာလည်း ရဲမှတ်တမ်းယူရန် အရေးကြီးသည်ဆိုသော အသိလွဲကြောင့် အသက်ဆုံးရှုံးမှုဖြစ်စဉ်များက များစွာပင်။

ရဲမလာသရွေ့မထိရဆိုသည့် အရိုးစွဲနေသော အယူအဆအလွဲနှင့် ဥပဒေကို နားလည်ထားမှုမရှိခြင်းကြောင့် လူ့အသက်များကို အချိန်မီကယ်တင်ရန် ကန့်သတ်ချက်များဖြစ်နေသည်။

ရှုပ်ထွေးလှသော ကန့်သတ်ချက်များ

လမ်းပေါ်တွင် ရုတ်တရက်ဖြစ်ပေါ်နိုင်သည့် မတော်တဆမှုအခြေအနေများစွာ ရှိသည်။

ခိုက်ရန်ဖြစ်ပွားခြင်း၊ ကား၊ ဆိုင်ကယ်အက်ဆီးဒင့်၊ မတော်တဆလမ်း သွားလာရင်းဖြင့် မူးမေ့လဲကျသည့် ဖြစ်စဉ်များစသဖြင့် ရှိသည်။

နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများနှင့် ကိုရီးယားဇာတ်လမ်းတွဲများတွင် လူတစ်ယောက် ရုတ်တရက် လမ်းပေါ်လဲကျသွားလျှင် ရှေးဦးသူနာပြုစုနည်းဖြင့် တစ်ဦးဦးက ဝင်ရောက်ကူညီကယ်ဆယ်သည့် ဇာတ်ဝင်ခန်းများ ကြည့်ဖူးကြမည်။

သို့သော် မြန်မာပြည်တွင်မူ အကြောင်းအမျိုးမျိုးကြောင့် လဲကျနေသူတစ်ဦးဦးတွေ့လျှင် ဝိုင်းအုံကြည့်နေသည်မှအပ ထိုသူကို မထိရဲမတို့ရဲ မကူညီရဲ မကယ်ဆယ်ရဲကြ။

ယင်းသို့ဖြစ်ရခြင်းမှာ လဲကျသူကို  ကူညီလိုက်ရင်း စစ်ဆေးမေးမြန်းမှတ်တမ်းယူမည့် သက်ဆိုင်ရာ ရဲဝန်ထမ်းနှင့် ပြဿနာရှင်းရမည်လား၊ မိမိပါအမှုတွဲထဲပါဝင်နေမည်လားစသဖြင့် မေးခွန်းများစွာဖြင့် ရင်ဆိုင်ရနိုင်သဖြင့် မိမိရှေ့ဖြစ်နေသည့်  ဖြစ်ရပ်များကို ရပ်ကြည့်နေလိုက်ရသည့် အခြေအနေဖြစ်သည်။

ဘုရားပေါ်မှ ပြုတ်ကျသည့် ပြည်ပခရီးသွားဧည့်သည်တစ်ဦးကို ရန်ကုန်မြို့ရှိ နာမည်ကြီးပုဂ္ဂလိက ဆေးရုံကြီးတစ်ခုက ကုသမပေးနိုင်ကြောင်း ငြင်းပယ်လိုက်သည့်ဖြစ်ရပ်လည်း ဖြစ်ခဲ့ဖူးသည်။

“ဘုရားပေါ်က ပြုတ်ကျတော့ ပေါင်ကျိုးသွားလို့ ညောင်ဦးဆေးရုံမှာ ကုဖို့ အဆင်မပြေတာနဲ့ ရန်ကုန်ကို လာတယ်။ အဲဒီဆေးရုံမှာ ကုဖို့လုပ်ပေမယ့် သူတို့က လက်မခံဘူး။ မကုပေးနိုင်ဘူးပေါ့။ အဲဒါနဲ့ နောက်ဆေးရုံတစ်ခုကို သွားခဲ့ရတယ်”ဟု ပုဂံဒေသမှ ဧည့်လမ်းညွှန်ကိုမြင့်နိုင်က ပြောကြားသည်။

ထိုဖြစ်စဉ်များ လျော့နည်းသွားစေရန် ၂၀၁၄ ခုနှစ်တွင် ဒီဇင်ဘာလတွင် ‘ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာဥပဒေ’ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

သို့သော်ဖြစ်ရပ်များမှ အရေးပေါ်လူနာများကို ကယ်ဆယ်ရေးအခြေအနေများမှာ ယခင်ထက်စာလျှင် အနည်းငယ်သာ လျော့နည်းခဲ့သည်။ ယနေ့တိုင် လက်ခံကုသရန် ငြင်းဆိုသည့် ဆေးရုံဆေးခန်းများ ရှိနေဆဲပင်။

မသိသူများသော ဥပဒေ

“ဒီဥပဒေကို အရေးပေါ်လူနာတင် ယာဉ်မောင်းသူတွေကို ပညာပေးထားလို့ သိပေမယ့် ပြည်သူတွေက မသိဘူး။ ပြည်သူတွေသိဖို့ လိုသေးတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောကြားသည်။

အရေးပေါ်လူနာတင်ယာဉ်ဆိုင်ရာ ပရဟိတအဖွဲ့ပေါင်း ၁၄၀ ခန့်ကို ယင်းဥပဒေ နှင့် ပတ်သက်၍ ပညာပေးထားခြင်း ဖြစ်သည်။

ထိုသို့ ဆေးရုံဆေးခန်းများမှ ရဲမှုခင်းနှင့် သက်ဆိုင်သော လူနာများကို တာဝန်ယူမကုသခြင်းမှာ နောက်ဆက်တွဲ တရားရုံးအမှုရင်ဆိုင်ရသည့် အနေအထားများအထိ မပါဝင်လိုခြင်းကြောင့်လည်း ဖြစ်သည်။

ဆေးခန်းတွင် ပိုင်ရှင်မရှိသော လူနာတစ်ဦးဦး သေဆုံးသွားပါက တာဝန်ယူရမည့်သူမှာ ထိုဆေးခန်းမှ ဆရာဝန် ဖြစ်မည်။ ရဲမှ စစ်ဆေးလျှင် အစစ်ခံရမည်။ တရားရုံးသို့ ရောက်လျှင် သက်သေလိုက်ရမည်။ ထို့အတွက်ပင် တာဝန်ယူကုသရန်ငြင်းဆိုခြင်းများ ရှိလာသည်။

“တာဝန်ယူပြီးတော့ မလုပ်ပေးရဲဘူးဆိုတာက သေချာမှ မသိတာ။ ဘယ်လို ဖြစ်လာမှန်းမသိဘူး။ တရားရင်ဆိုင်ရတဲ့အခါ ဒုက္ခရောက်တာပေါ့။ ကျွန်တော်ကတော့ ရောက်လာရင် တတ်နိုင်သလောက် ကုပေးလိုက်တယ်။ ပြီးရင် အစိုးရဆေးရုံကို လွှဲတယ်။ ကျန်တာတော့ သူတို့ဘာသာ ရှင်းလို့ ပြောပြီး ကုပေးပါတယ်”ဟု အထွေထွေရောဂါကုဆရာဝန်ဒေါက်တာဝင်းဇော်သန်းက ပြောကြားသည်။

ဥပဒေထွက်ပြီးနောက်ပိုင်းတွင်လည်း အချို့သောပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှာ ရဲမှုခင်းဖြစ်ရပ်များ အတွက် လူနာကို လက်သင့်ခံကုသပေးခြင်းမရှိသည်မှာ ဆေးရုံ၊ ဆေးခန်း၁၀ ၀ တွင် ၃၀ ရာခိုင်းနှုန်းခန့် ရှိနေသေးကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ အဖွဲ့ဝင်၊ ဝိတိုရိယဆေးရုံမှ Medical Director ဒေါက်တာကျော်ဇင်ဝင်းက ပြောကြားသည်။

“ဥပဒေမထွက်ခင်ကတော့ ပုဂ္ဂလိကဆေးရုံ ၈၀ ရာခိုင်နှုန်းလောက်က လူနာတွေကို လက်မခံတာ များတယ်။ ဥပဒေထွက်ပြီးနောက်ပိုင်း တော်တော်လေးတော့ လျော့လာပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင်အရိုးစွဲနေသည့် ရဲနှင့် ဆရာဝန်အကြားတွင်ရှိသော ရဲက မှတ်တမ်းမယူရသေးသရွေ့ ဆရာဝန်က လူနာအသက်ကို ကယ်တင်၍မရဟူသော အသိကို ပြင်ဆင်ရမည်လော။

အရေးပေါ်အခြေအနေဖြစ်နေသည့် လူနာကိုကူညီရန်အတွက် ဥပဒေများလည်းရှိနေပြီး ကူညီနေခြင်းကို လာရောက်နှောင့်ယှက်သူ မည်သူမဆို ထောင်ဒဏ်ကျခံရမည့် ဥပဒေလည်း ရှိနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ဆေးရုံဆေးခန်းသို့ အချိန်မီပို့ဆောင်မှုကို နှောင့်နှေးကြန့်ကြာစေရန် တားဆီးနှောင့်ယှက်ခြင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်။

“ပြည်သူတွေအနေနဲ့က ဥပဒေတွေလည်း ရှိနေတာပဲ။ လူတစ်ယောက်အရေးပေါ်အခြေအနေဆိုရင် လူ့အသက်ကို အရင်ကယ်ရမယ်ဆိုတာကို လုပ်ကို လုပ်ရမယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူများအနေနှင့် မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရှိသူကို ကူညီလိုက်ပါက အမှုပတ်မည်ကို စိုးရိမ်နေခြင်းနှင့် တရားရုံးတွင် သက်သေထွက်ဆိုရမည်ကို ကြောက်ရွံ့နေခြင်းမှာ လွဲမှားနေသည့် အယူဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အမှန်တကယ်မှာ အရေးပေါ်လူနာ တစ်ဦးဦးတွေ့လျှင် ကူညီကယ်ဆယ်နိုင်ပြီး ထိခိုက်ဒဏ်ရာကို ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ ပုံဆွဲခြင်းနှင့် သက်သေအဖြစ်ထွက်ဆိုခြင်းများပြုလုပ်ကာ ကယ်ဆယ်နိုင်သည်။

ထိခိုက်ဒဏ်ရာရရှိထားသူ အရေးပေါ်လူနာတစ်ဦးဦးနှ့် ကြုံဆုံပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းနှင့်အတူ ကူညီကယ်ဆယ်မှုများဆောင်ရွက်နိုင်သည်။

ဥပဒေ၏ ပုဒ်မ ၆ အရ ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာ တွေ့ရှိကြောင်း အကြောင်းကြားပါက မိမိဆေးရုံ၊ ဆေးခန်းတွင် ကုသနိုင်ရန် စီစဉ်ထားရမည်။ ကုသပေးရမည် ဖြစ်သည်။

ဆေးရုံ သို့မဟုတ် ဆေးခန်းသည် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ဆေးရုံ/ဆေးခန်း၏ အဆင့်နှင့်အညီ အမြန်ဆုံးနှင့် အထိရောက်ဆုံးကုသမှုပေးခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာအဆင့်မြင့် ဆေးရုံသို့ စနစ်တကျလွှဲပြောင်းပေးရမည်ဟု ပါဝင်သည်။

“ဒါကို ဆေးရုံ၊ ဆေးခန်းပိုင်ရှင်တွေရော၊ သူနာပြုတွေရော ပြင်ပေးရမယ်။ ရဲကိုလည်း ပြင်ပေးရမှာ။ ရဲကိုလည်း Upgrade လုပ်စေချင်တယ်”ဟု ဒေါက်တာကျော်ဇင်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကုသရေးဦးစီးဌာနတို့ကလည်း အဆိုပါကိစ္စရပ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ဆောင်ရွက်ပေးသင့်ကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောကြားသည်။

အရေးပေါ်ဖြစ်နေသည့် လူနာကို အချိန်မီမကုသလိုက်ရခြင်းကြောင့် သေဆုံး သွားရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းကြောင်း ၎င်းက ပြောဆိုသည်။

“အချိန်မီကုသလို့ မရလိုက်လို့ သေဆုံးတာတွေက နှမြောဖို့ ကောင်းတယ်။ အလွန်ဝမ်းနည်းဖို့ ကောင်းတယ်။ တချို့က အသက်မသေဆုံးပေမယ့်လည်း တစ်ခုခုဆုံးရှုံးသွားတာမျိုးတွေ ရှိတာပေါ့”ဟု ၎င်းက ပြောကြားသည်။

လက်ရှိပြဋ္ဌာန်းထားသော ဥပဒေတွင် လူနာများအတွက်သာ ဇောင်းပေးထားပြီး ကုသရသူ ကျန်းမာရေးဝန်ထမ်းများအတွက် ကုသမှုကို ရဲရဲဝံ့ဝံ့ဖြစ်စေမည့် ဥပဒေပြဋ္ဌာန်းချက်လည်း ရှိသင့်ကြောင်း ဒေါက်တာကျော်ဇင်ဝင်းက အကြံပြုသည်။

အမေရိကတွင် လက်ကျိုးသူတစ်ဦးကို ဆရာဝန်က ဝင်ရောက်ကယ်ဆယ်ခြင်းကြောင့် လက်ကျိုးသူမှာ အသက်အန္တရာယ်မှ လွတ်ကင်းသွားသော်လည်း လက်မှာ လွဲချော်နေခြင်းကြောင့် ဆရာဝန်ကို ပြန်လည် တရားစွဲဆိုခြင်း ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ထို့နောက်ပိုင်းတွင် ဆရာဝန်၊ ဆရာမများမှာ လမ်းသွားလာရင်းဖြင့် မတော်တဆမှုများကို မကုသပေးရဲ ဖြစ်လာချိန်တွင် မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းတက်လာခဲ့သည်။

ထိုဖြစ်စဉ် နောက်ပိုင်းမှ အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်း ဥပဒေကို ပြန်လည်ရေးဆွဲခဲ့ရကြောင်း ဒေါက်တာကျော်ဇင်ဝင်းက ၎င်းသိထားသည်ကို ပြန်လည်မျှဝေသည်။

“ကုသပေးတဲ့ ဆရာဝန်အတွက်လည်း ထွက်ပေါက်ပေးထားရမှာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာလူမျိုးများသည် သူတစ်ပါးကို ကူညီလိုစိတ်၊ စာနာစိတ်ပိုရှိကြသည်။ သို့သော် ရဲနှင့် မဖြေရှင်းလိုသည်က  တစ်ကြောင်း၊ ရှေးဦးသူနာပြုစုနည်းကို မတတ်မြောက်ထားကြသည်က တစ်ကြောင်း သွားလာရင်းဖြင့် တစ်စုံတစ်ခုဖြစ်လျှင် ရပ်ကြည့်အဆင့်ဖြင့်သာ ရှိနေကြသည်။

လိုင်းကားပေါ်တွင် အတက်ရောဂါခံစားရကာ လဲကျသွားသူကို ကယ်ဆယ်ရန်ယာဉ်ပေါ်တွင် လူဦးရေ သုံးဆယ်နီးပါး ပါသော်လည်း တတ်သလောက်မှတ်သလောက်နှင့် ကုသပုံကို သိရှိသူမှာ တစ်ဦးခန့်သာပါသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားဖူးသည်။

“ကိုယ့်ရှေ့ထိုင်နေရင်းနဲ့ ဝုန်းဆို ကားအလယ်လျှောက် လမ်းပေါ်လဲကျ သွားတော့ ဘာဖြစ်တာလဲကြည့်တော့ အမျိုးသားတစ်ယောက် တက်နေတာ (အတက်ရောဂါခံစားနေရခြင်း)။ အဲဒါနဲ့ ကိုယ်ကြားဖူးသလောက် ခြေမချိုး လက်မချိုး လုပ်ပေးပေါ့။ ပြန်တော့ သတိရလာတယ်။ ရှေးဦးသူနာပြုစုနည်းလည်း မတတ်ပါဘူး။ ကြားဖူးသလောက်ပေါ့”ဟု အတက်ရောဂါခံစားရသူကို ကူညီကယ်ဆယ်ခဲ့သူဦးသူရက ပြောကြားသည်။

လဲကျနေသည့် လူနာခံစားနေရသည်ကို သက်သာသွားစေရန် နည်းလမ်းများကိုလည်း သိရှိသူနည်းပါးသလို ရှေးဦးသူနာပြုစုနည်း အတတ်ပညာအကြောင်းကို စိတ်ပါဝင်စားသူလည်း နည်းပါးလှသည်။

အစိုးရဆေးရုံများကို ဘာကြောင့် လွှဲရသလဲ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်မတော်တဆမှု ၁၄,၅၅၅ မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၂,၃၀၂ ဦးနှင့် သေဆုံးသူ ၄,၂၉၇ ဦး အထိရှိနေကြောင်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းပေါင်း ၂၀၀ ကျော်ရှိသည်။ ရန်ကုန်မြို့တွင် ၅၅ ခုကျော် ရှိသည်။

ရန်ကုန်တစ်မြို့လုံးတွင် ဖြစ်ပေါ်သည့် ရဲမှုခင်းနှင့်သက်ဆိုင်သည့် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံနှင့် အင်းစိန်ဆေးရုံများတို့ လူနာလွှဲပြောင်းခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။

ဥပဒေပုဒ်မ၆(င)တွင် ပြဋ္ဌာန်းချက်အရ ပုဂ္ဂလိကဆေးရုံ သို့မဟုတ် ဆေးခန်းဖြစ်ပါက မှုခင်းနှင့် သက်ဆိုင်သည့် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို လိုအပ်သောကုသမှုများ ဆောင်ရွက်ပြီးသည်နှင့် သက်ဆိုင်ရာ အစိုးရဆေးရုံ သို့မဟုတ် ဆေးမှတ်တမ်းအပြည့်အစုံဖြင့် အချိန်မီလွှဲပြောင်းပေးရမည်ဟု ပါဝင်သည်။

“ဒီဥပဒေအရ လွှဲပေးရတာပဲ။ ဆေးခန်းကို ရောက်လာတယ်ဆိုရင် ပထမဆုံးအသက်အန္တရာယ်မဖြစ်အောင် ကုသပြီးရင် အစိုးရဆေးရုံကို လွှဲစာနဲ့ လွှဲရတာပေါ့” ဟုသီရိစန္ဒာဆေးရုံမှ အုပ်ချုပ်မှု ဒါရိုက်တာဦးမိုးနိုင်မြင့်က ပြောကြားသည်။

ရဲမှုခင်းနှင့် သက်ဆိုင်သော မတော်တဆမှုများ အရေးပေါ်ဖြစ်စဉ်များတွင် အဓိကအရေးကြီးသည်မှာ တိကျမှန်ကန်သော ရဲဆေးစာ ဖြစ်သည်။

လူနာရောက်လာသည်နှင့် ကုသမှုကို ဦးစွာပြုလုပ်ကာ လူနာနှင့်အတူ ရဲအရာရှိ မပါလာပါက ရဲဆေးစာကို စောင့်ဆိုင်းရသည်။

“တရားရုံးမှာ တရားဝင်တင်ပြလို့ ရတဲ့ ရဲဆေးစာကို ပုဂ္ဂလိကဆေးရုံက ဆရာဝန်က ရေးခွင့်မရှိဘူး။ ဒဏ်ရာကြီးက ၉ လက်မ ရှိတယ်။ သူက ၁ လက်မပဲ ရေးထားရင် ဘာတတ်နိုင်မှာလဲ။ အစိုးရဝန်ထမ်း ဆရာဝန်တွေကျတော့ အဲဒါကို မခြွင်းမချန် ရေးရတယ်။ ရဲမှုခင်းအဖြစ် စာရင်းသွင်းဖို့အတွက် အစိုးရဆေးရုံတွေမှာ ကုရတာပေါ့”ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်လူနာဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက ရှင်းပြသည်။

မတော်တဆမှုများတွင် ရဲ၏  ဆေးစာအရေးကြီးသလို အရေးပေါ်လူနာကို ကုသနိုင်မှုပိုင်းတွင်လည်း အစိုးရဆေးရုံကိုသာ အားကိုးနေရသဖြင့် နေ့စဉ် လူနာပေါင်းများစွာကို ကုသပေးနေရသော အစိုးရဆေးရုံများသို့ ရောက်ရှိလာသော အရေးပေါ်လူနာများအတွက် အချိန်မီကုသပေးနိုင်မှုအပိုင်းတွင် မေးခွန်းများစွာ ရှိနေဆဲ ဖြစ်သည်။

ဥပဒေ၏ အားနည်းချက်များလော

အရေးပေါ်လူနာတစ်နေ့လျှင် တစ်ရာဦးခန့်ကို ကုသပေးရသည့် အစိုးရဆေးရုံများတွင် တန်းစီစောင့်စနစ်ဖြင့် သွားရသည်။ ခွဲခန်းနှင့် ခွဲမည့်လူနာအင်အားမမျှသည့်အခါ အချို့သော လူနာများ၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။

“အသက်အန္တရာယ်ကြီးတဲ့ သူကို ဦးစားပေးပြီး ခွဲစိတ်ပေးတာပေါ့။ အရင် ရောက်ရောက် မရောက်ရောက် ဦးစားပေးလူနာကို အရင်ဆုံးခွဲရတာပဲ။ ခွဲခန်းတွေကလည်း ငါးခန်းရှိမယ်။ ဒီနေ့ဆယ်ယောက်  လာတယ်။ နောက်နေ့သုံးယောက်ပဲ လာရင် ကျန်တဲ့ခွဲခန်းတွေက အပိုတွေ ဖြစ်တာပေါ့။ တွက်ချက်ပြီး လုပ်ကြရတာပေါ့” ဟု ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောကြားသည်။

ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်၍ ရဲအရေးပိုင်ကိစ္စ ဖြစ်သောကြောင့် အစိုးရဆေးရုံနှစ်ခုကို ပြောင်းခဲ့ရသူ လူနာမှာ ခွဲစိတ်ခန်းစောင့်ရင်း သွေးထွက်လွန်ကာ အသက်ဆုံးရှုံးခဲ့ရသည့်ဖြစ်ရပ်တစ်ခု ယခုလအတွင်း ဖြစ်ပေါ်ခဲ့သည်။

ည ၇ နာရီတွင် ကားအက်ဆီးဒင့်ဖြစ်သူမှာ ခွဲခန်းမအားခြင်းကြောင့် နောက်နေ့ နံနက် ၃ နာရီတွင်မှ ခွဲစိတ်ခန်း ဝင်ခဲ့ရသဖြင့် သွေးထွက်လွန်နေပြီဆိုသော စကားနှင့်ပင် အသက်ပေးလိုက်ရသည်။

အသက်ရှင်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိနေသူကို ကယ်တင်ရန်ကြာချိန် ရှစ်နာရီ ဆိုသည်မှာ သင့်လျော်သည့် အချိန်အတိုင်းအတာပင် ဖြစ်သည်။ အသက်ကို အချိန်မီကယ်တင်နိုင်ပါလျက် လွယ်လွယ်ကူကူဖြင့် အသက်တစ်ချောင်းဆုံးရှုံးခံခဲ့ရကြောင်းကို သေဆုံးသူအမျိုးသား၏ ဇနီးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီး ယင်းကို ဝေမျှသူများစွာရှိခဲ့သည်။

ထို့ကြောင့် အစိုးရဆေးရုံသို့သာ လွှဲပြောင်းရမည်ဆိုသော ဥပဒေ၏အားနည်းချက်များလောဟူ၍ မေးခွန်းထုတ်စရာပင်။

ကူညီကယ်ဆယ်သူကို အမှုပြန်ပတ်မည်ဆိုသော အသိအမှားများနှင့် ဥပဒေ၏ သက်ရောက်မှု အားနည်းခြင်း၊ ထိုဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိသည့် သက်ဆိုင်သူအသီးသီးကြားတွင် အချိန်မီကယ်တင်နိုင်သည့် အသက်များကို စတေးနေရခြင်း ဖြစ်သည်။

“ဒီ အသိလိုနေတာ။ အဲဒါကြောင့် ဒီဥပဒေကို ထပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပြီးတော့ အရေးပေါ်ဖြစ်တဲ့ လူနာကို ချက်ချင်းကူညီကယ်ဆယ်ရင် အပြစ်မရှိစေရဆိုတဲ့ဟာမျိုးပေါ့” ဟု ဒေါက်တာကျော်ဇင်ဝင်းက ပြောကြားသည်။

ကိုမျိုးမင်းကတော့ ဥပဒေ၏ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မသိတော့ဘဲ ထပ်မံ၍ ကယ်တင်ရမည့် လူနာတစ်ဦးဦးနှင့် ကြုံဆုံလာပါက ရှောင်ရှားရန်ပင် တွေးတောထားသည်။

“တစ်ခါထဲနဲ့ မှတ်သွားတာပဲ။ နောက်တစ်ခါဆိုရင်တော့ မကယ်ရဲတော့ဘူး။ ဘယ်လိုအခြေအနေဖြစ်ဖြစ်”ဟု ကိုမျိုးမင်းက ပြောကြားသည်။

မေသက်ဇင်၊ အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *