အမှတ်အသားသရုပ် (၇) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

ဤနည်းအတိုင်း စဉ်းစားပြောဆိုပြီးသကာလ ဆိုခရတ္တိက သူ ကျင်လည်ရသော စံတော်ဝင်ကမ္ဘာ၏ အစစ်အမှန်ကို ထင်ဟပ်ဖော်ထုတ် နိုင်ရန် ကြိုးစားသည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော ယဉ်ကျေးမှုအများစု၏ အစစ်အမှန်တရားမှာ ‘မင်းမျိုးစိုးနွယ် လူတန်းစား’ တစ်နည်း ‘အရစ္စတို ခရက်တစ်လူတန်းစား’ တစ်ရပ် ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ အဆိုပါ လူတန်းစားက သူတို့တွင် မြင့်မားသော ဂုဏ်အဆင့်အတန်းရှိသည်ဟု အခိုင်အမာဆိုကြသည်။ သူတို့ကိုယ်တိုင်နှင့် သူတို့ကို ဆက်ခံသူများမှာ ‘စစ်သည်တော်တွေ’ ဖြစ်ကြသည်။

‘လူကြီးလူကောင်း’ (Gentleman) ဆိုသော စကားလုံးအတွက် ဂရိဝေါဟာရမှာ Kaloskagathos ဟူ၍ဖြစ်သည်။ အဓိပ္ပာယ်မှာ ‘လှပပြီး ကောင်းမွန်သော’ ဟု အနက်ရသည်။ ‘အရစ္စကိုခရေစီ’ ဆိုသည်မှာ ဂရိဝေါဟာရ ‘အကောင်းဆုံး၏ အုပ်ချုပ်မှု’ ဆိုသည်မှ ဆင်း သက်လာခြင်းဖြစ်သည်။ ဆိုခဲ့ပါ စစ်သည်တော်များမှာ ကျင့်ဝတ်အရ ဈေးဆိုင်ပိုင်ရှင်များနှင့် အကြီးအကျယ်ကွာပါသည်။ သူတို့၏ အားသာချက်မှာ အများပြည်သူ ကောင်းရာကောင်းကြောင်းအတွက် မိမိအသက်ကို စွန့်လွှတ်ရဲခြင်းပင်ဖြစ်သည်။ ခေတ်သစ်စီးပွားရေးမိုဒယ်တစ်ရပ်ဖြစ်သော ‘ဆင်ခြင်တုံတရားဖြင့် အသုံးဝင်မှုကို အမြင့်ဆုံးရအောင် ဆောင်ရွက်ခြင်း’ ဆိုသည်ကို သူတို့က ရည်ရွယ်ချက်ရှိရှိ ပယ်ချသည်။ ဤသို့ပယ်ချသည့်အတွက် လူထု၏ အထင်ကြီးလေးစားမှုကို ပို၍ပင်ရသည်။ သူတို့အတွက် ‘အရေးအကြီးဆုံး အသုံးဝင်မှု’ တစ်နည်း ‘သူတို့အသက်’ ကို စွန့်လွှတ်ရန် ဝန်မလေးသောကြောင့်ဖြစ်ပါသည်။

ယနေ့အခါတွင်ကား အရစ္စတိုခရက်များကို ‘အပြစ်အနာအဆာကိုသာ မြင်တတ်သူ သံသယဝါဒီ၊ အဆိုးမြင်များ’ အဖြစ် ကြည့်မြင်လာကြသည်။ သူတို့နှင့် ပတ်သက်လျှင် (အကောင်းဆုံးအနေနှင့်) မိမိကိုယ်ကိုယ် အရေးပါသည်ဟုထင်နေသော ကပ်ပါးကောင်အဖြစ် မြင်ကြသည်။ (အဆိုးဆုံးအနေနှင့်) လူ့အဖွဲ့အစည်းရှိ ကျန်လူတန်းစားများအပေါ် အကြမ်းပတမ်း သရဲမရဲစီးနေသူအဖြစ် မြင်သည်။ သူတို့မှ ဆင်းသက်လာသော သားစဉ်မြေးဆက်များဆိုလျှင် ပို၍ပင်ဆိုးသေးသည်။ သူတို့တစ်တွေမှာ သူတို့မိသားစုများရရှိခဲ့သော အဆင့်အတန်းကို ကိုယ်တိုင်ရှာဖွေခဲ့သူများမဟုတ်။ မွေးဖွားခြင်းနှင့်အတူ ရှောင်တခင်ရလာခြင်းသာဖြစ်သည်။ သို့နှင့်တိုင် အရစ္စတိုခရက်တစ်လူ့အဖွဲ့အစည်းများတွင်မူ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် ယုံကြည်မှုတစ်ခုကိုမူ သိမှတ်လက်ခံရပါလိမ့်မည်။ ဆိုခဲ့ပါ အရစ္စတိုခရက်များအပေါ် လေးစားသမှုရှိခြင်း၊ ဂုဏ်ပြုလိုကြခြင်းဖြစ်ပါသည်။ အားလုံးတော့မဟုတ်။ သူတို့၏ဘ၀များကို စွန့်စားရသည့် လူတန်းစားများဖြစ်သည်။

အဆိုပါခံစားချက်မှာ ခေတ်သစ်ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းများရှိ နိုင်ငံသားများအထိပါ ပဲ့တင်ထပ်သလိုရှိနေပါသည်။ တိုင်းပြည်အတွက် အသက်စွန့်သွားသော တပ်မတော်သားများ၊ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ရဲဘော်များ တို့အပေါ် ထုံးစံအတိုင်း လေးစားမှုရှိခြင်းတို့ဖြစ်သည်။ ဤသို့သော ဂုဏ်သိက္ခာနှင့် လေးစားမှုတို့မှာ လူတိုင်းမှလာသည်တော့လည်း မဟုတ်။ အနိမ့်ဆုံးအားဖြင့် သူတို့၏ ကောင်းကျိုးချမ်းသာကို အမြင့်ဆုံးရအောင် ရည်ရွယ်လေ့ရှိကြသော ဘိဇနက်သမားများနှင့် အလုပ်သမားများမှလာသည်။ အရစ္စတိုခရက်များကိုယ်တိုင်ကမူ မိမိကိုယ်ကိုယ် အခြားသူများထက် သာလွန်သည်ဟု ထင်ကြသည်။ ‘မက်ဂလိုသိုင်းမီးယား’ သဘောဖြစ်ပါသည်။ အများထက်သာသည်ဟု အသိအမှတ်အပြုခံလိုသော ဆန္ဒပင်ဖြစ်သည်။ ဒီမိုကရေစီခေတ်မတိုင်ခင် ရှိခဲ့သော လူ့အဖွဲ့အစည်းများတွင်မူ လူမှုရေးရာထူးဂုဏ်သိမ်အဆင့်ဆင့်တွင် ရှိခဲ့ကြသည်။ ဤသို့ မွေးရာပါသာလွန်မြင့်မားမှုဆိုသော ယုံကြည်မှုကပင် ဆိုခဲ့ပါ လူမှုအစီအစဉ်ကို ထိန်းသိမ်းလိုသည့် အခြေခံအကြောင်းရင်း ဖြစ်ပါလိမ့်မည်။

မက်ဂလိုသိုင်းမီးယား၏ ပြဿနာမှာ လူတိုင်းက မိမိကို အထက်တန်းလွှာအဖြစ် အသိအမှတ်ပြုခံလိုမှုဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာ ပင် ပို၍များပြားသော လူများကိုမူ မိမိကိုယ်တိုင်က အောက်တန်းလွှာအဖြစ် ကြည့်မြင်ပြီး လူတစ်ယောက်အနေနှင့် ထိုက်သင့်သော အများ၏ အသိအမှတ်ပြုမှုကိုပင် ထိုသူအနေနှင့် မရတော့ခြင်းဖြစ်သည်။ ဆိုခရတ္တိနှင့် အက်ဒီမန်တုတို့က သိုင်မို့စ်ကို အခြေခံအားဖြင့် စောင့်ကြည့်မှု၊ လူတန်းစားနှင့် နှီးနွှယ်ဆက်စပ်ကြည့်ရာတွင် ‘လူသားတိုင်းအနေနှင့် စိတ်ဝိညာဉ်၏ အစိတ်အပိုင်းသုံးရပ်လုံးကို ပိုင်ဆိုင်ထားကြသည်’ ဟု စဉ်းစားခဲ့ကြဟန်ရှိသည်။ ‘စောင့်ကြပ်မှူး လူတန်းစား’ (တစ်နည်း- စစ်သည်တော်လူတန်းစား) မဟုတ်သော သာမန်လူမှာပင် သူ့ကိုယ်ပိုင် မာနရှိပါလိမ့်မည်။ သူကောင်းမျိုးတစ်ယောက်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်လျှင်သော်လည်းကောင်း၊ သူ့ကို မောင်းထုတ်လိုက်လျှင်သော်လည်းကောင်း သို့မဟုတ် လူမှုရေးအရ သူ့ထက်သာလွန်မြင့်မားသူများက သူ့သမီး သို့မဟုတ် သူ့မိန်းမကို လိင်ပျော်ပါးရန်အတွက် အတင်းအဓမ္မသိမ်းပိုက်ရာတွင်လည်းကောင်း အဆိုပါမာနမှာ ဒဏ်ရာ အနာတရဖြစ်ပါလိမ့်မည်။

လူမှုအုပ်စုတစ်ခုအနေနှင့် မိမိကိုယ်ကိုယ် အထက်တန်းလွှာအဖြစ် အမြဲပင်ကြည့်မြင်စေလိုပါလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က မလေးစား မရိုသေလုပ်လာလျှင် ‘မကျေမချမ်းမှု’ ဆိုသော အလွန်အားကောင်းသည့် ခံစားမှုတစ်ခုခု ပေါ်ထွက်လာပါလိမ့်မည်။ ထို့ထက် ကျွန်တော်တို့အနေနှင့် အခိုင်အမာအောင်မြင်မှုတစ်ခုခု ရရှိထားသော (အားကစားသမားတစ်ယောက်ဖြစ်စေ၊ ဂီတပညာရှင်တစ်ဦးဖြစ်စေ) လူများကို ချီးမြှောက်လိုသည်များ ရှိနိုင်ပါသည်။ ဤသို့သော လူမှုရေးအရ ဂုဏ်ပြုမှုအများစုမှာ အမှန်တကယ် အဆင့်အတန်းမြင့်မှုက လာသည်မဟုတ်။ လူမှုရေးသဘောတူညီချက်မှ လာခြင်းသာဖြစ်သည်။ ကျွန်တော်တို့အနေနှင့် အမှားလုပ်မိသည်ဟု သိမှတ်လက်ခံထားသော လူတစ်ယောက်ကို အလွယ်တကူ မကျေမချမ်းဖြစ်နိုင်ပါသည်။ ဤသည်မှာလည်း အဆင့်အတန်းနိမ့်မှု၊ မြင့်မှုနှင့် မဆိုင်ပါ။ လူမှုရေးသဘော တူညီမှုနှင့်သာ ဆိုင်ပါသည်။

မက်ဂလိုသိုင်းမီးယားလိုပင် တူညီသော တွန်းအားတစ်ခုမှာ ‘အိုက်ဆိုသိုင်းမီးယား’ ပင်ဖြစ်သည်။ ဘောဂဗေဒပညာရှင် ရောဘတ်ဖရန့်၏ အလိုအရ မက်ဂလိုသိုင်းမီးယားမှာ ‘အဆင့်နေရာ’ ကို ညွှန်းသည်။ ၎င်း၏သဘာဝအရ အခြားသူများနှင့် မျှဝေ၍မရပါ။ အကြောင်းမူ မက်ဂလိုသိုင်းမီးယားမှာ အခြားတစ်ယောက်နှင့် နှိုင်းယှဉ်သော မိမိ၏ အဆင့်နေရာကို ညွှန်းသောကြောင့်ဖြစ်သည်။ ခေတ်သစ်ဒီမိုကရေစီစနစ် စန်းထလာခြင်းမှာ မက်ဂလိုသိုင်းမီးယား၏ နေရာတွင် အိုက်ဆိုသိုင်းမီးယားနှင့် အစားထိုးလိုက်သော ဇာတ်လမ်းပင်ဖြစ်သည်။ လက်တစ်ဆုပ် စာမျှသော အီလစ်အနည်းငယ်ကိုသာ အသိအမှတ်ပြုသော လူ့အဖွဲ့ အစည်းနေရာတွင် လူတိုင်းလူတိုင်း မွေးရာပါအခွင့်အရေး တန်းတူညီမျှစွာရှိကြသည်ကို အသိအမှတ်ပြုသော လူ့အဖွဲ့အစည်းဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။

ဥရောပမှာဆိုလျှင် လူတန်းစားအလွှာအထပ်လိုက်ရှိနေသော လူ့အဖွဲ့အစည်းများတွင် သာမန်လူထု၏ ရပိုင်ခွင့်အခွင့်အရေးများကို စတင်အသိအမှတ်ပြုလာသည်။ မဟာအင်ပါယာကြီးများတွင် ငုတ်လျှိုးပျောက်ကွယ်နေရသော တိုင်းပြည်များမှာလည်း တူညီသော အဆင့်အတန်းနှင့် သီးခြားဖြစ်တည်မှုကို ရှာဖွေလာကြသည်။ အမေရိကန်နိုင်ငံရေးသမိုင်း၏ ကြီးကျယ်သော လှုပ်ရှားမှုသည်ကား ကျေးကျွန် စနစ်နှင့် ခွဲခြားဆက်ဆံမှုများကို ကျော်လွန်၍ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးတန်းတူညီမျှမှု စသော လူပုဂ္ဂိုလ်တစ်ဦးချင်းကို ဗဟိုပြုသည့် နိုင်ငံရေးစနစ်များ အပြန့်ကျယ်လာခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တူညီသောအခွင့်အရေးများကို သိမှတ်လက်ခံလာခြင်းဖြစ်ပါသည်။

သို့နှင့်တိုင် တကယ့်ဇာတ်လမ်းမှာ ယခုဖော်ပြခဲ့သည်ထက် ပို၍ ရှုပ်ထွေးပါသည်။ လူ့အဖွဲ့အစည်း၏ ဘေးဖယ်ထုတ်ခြင်းခံထားရသော လူမှုအုပ်စုများ၏ တူညီသောအသိအမှတ်ပြုခံလိုမှုကို ရှာဖွေခြင်းက ခေတ်ပြိုင်အမှတ်အသားသရုပ်နိုင်ငံရေးကို မွေးထုတ်လိုက်သလိုဖြစ်သွားခဲ့သည်။ သူတို့တစ်တွေ၏ တူညီသော အသိအမှတ်ပြုခံလိုမှုကို တောင်းဆိုချက်မှာ အလွယ်တကူပင် အဆိုပါအုပ်စု၏ သာလွန်မြင့်မားမှုကို အသိအမှတ်ပြုခံလိုမှုအတွက် တောင်းဆိုမှုအဖြစ် တစ်စစ ရွေ့သွားခဲ့သည်။ ဤသည်ပင် အမျိုးသားရေးဝါဒနှင့် အမျိုးသားအမှတ်အသားသရုပ် ဇာတ်လမ်း၏ ပိုမိုကြီးမားကျယ်ပြန့်သော အစိတ်အပိုင်းဖြစ်လာတော့သည်။ ယနေ့ အစွန်းရောက်ဘာသာရေးလှုပ်ရှားမှု၏ အခိုင်အမာပုံသဏ္ဌာန်လည်း ဖြစ်လာရတော့သည်။

အိုက်ဆိုသိုင်းမီးယားနှင့်ပတ်သက်သော နောက်ထပ်ပြဿနာတစ်ခုမှာ အချို့သော လူ့လှုပ်ရှားမှုများမှာ အခြားအရာများထက် လူအများ၏ အထင်ကြီးလေးစားမှုကို ရရှိနေခြင်းဖြစ်ပါသည်။ ဤအချက်ကို ငြင်းပယ်လိုက်လျှင် လူသား၏ ထူးချွန်နိုင်မှုကို ငြင်းပယ်ရာရောက်ပါလိမ့်မည်။ ကျွန်တော့်အနေနှင့် စန္ဒယားမတီးတတ်ပါ။ ဤနယ်ပယ်နှင့် ပတ်သက်လျှင် ဂလင်းဂွတ် သို့မဟုတ် အာသာရုဘင်စတိန်းတို့နှင့် အတူတူပင်ဖြစ်သည်ဟုလည်း ဟန်မဆောင်နိုင်ပါ။ ပထမဆုံး အန္တရာယ်အရိပ်အရောင်မြင်သည်နှင့် ထွက်ပြေးသွားသော၊ ထို့ထက် ပိုဆိုးသည်မှာ မိမိအသိုင်းအဝိုင်းကို သစ္စာဖောက်ပြီး အပြင်လူနှင့် ပေါင်းသွားသော အပြုအမူမျိုးထက် အများကောင်းကျိုးအတွက် မိမိအသက်ကို စွန့်လွှတ်သွားသော စစ်သား သို့မဟုတ် ရဲအရာရှိတစ်ယောက်ကို လူတွေက ပိုလေးစား ဂုဏ်ယူကြမည်သာဖြစ်ပါသည်။ လူတိုင်း၏တူညီသော အသိအမှတ်ပြုမှုကို လိုချင်ခြင်းသည် အမှန်စင်စစ် တစ်နည်းအားဖြင့် အမှန်တကယ် သာလွန်မြင့်မားသော လူတစ်ယောက်၏တန်ဖိုးကို အသိအမှတ်မပြုရာ၊ တစ်နည်း ငြင်းပယ်ရာ ရောက်နိုင်ပါသည်။

အိုက်ဆိုသိုင်းမီးယားက တောင်းဆိုသည်မှာ ဘ၀တူလူသား တစ်ရပ်လုံး၏ အခြေခံတူညီသည့်တန်ဖိုးကို အသိအမှတ်ပြုရေးဖြစ်သည်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများတွင်မူ ‘လူတိုင်းသည် တန်းတူညီမျှစွာ မွေးဖွားလာသည်’ ဆိုသော အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းပါ စာသားကို အခိုင်အမာဆိုခဲ့ကြသည်။ သို့တစေ သမိုင်းအရမူ ‘လူတိုင်း’ ဆိုသည်နှင့်ပတ်သက်၍ သဘောကွဲလွဲမှုအချို့ ရှိသလောက် ရှိပါသည်။ အဆိုပါ ကြေညာစာတမ်းလက်မှတ်ထိုးစဉ်ကဆိုလျှင် ‘လူတိုင်း’ ဆိုသည်တွင် ပိုင်ဆိုင်မှုမရှိသော လူဖြူများမပါဝင်ပါ။ လူမည်းကျေးကျွန်များ၊ ဒေသခံအမေရိကန်များ (Red Indians ) နှင့် အမျိုးသမီးများလည်း မပါကြပါ။ ထို့ထက် လူသားထုဆိုရာတွင် တစ်ယောက်နှင့်တစ်ယောက် အရည်အသွေးနှင့် စွမ်းဆောင်ရည် သိသိသာသာ ခြားနားကြသည်ကို သိသော်လည်း နိုင်ငံရေးရည်မှန်းချက်အတွက်မူ တန်းတူညီမျှသည်ဟု သိမှတ်လက်ခံဖို့ ဆန္ဒရှိခဲ့ကြပါသည်။ လွတ်လပ်ရေးကြေငြာစာတမ်းကိုယ်တိုင်ကမူ ဤကိစ္စနှင့်ပတ်သက်လျှင် ‘ကိုယ်တိုင် သက်သေပြပြီးဖြစ်သည်’ ဟု ဆိုခဲ့ပါသည်။ သို့အတွက် ‘တန်းတူညီမျှမှု’ ဆိုသည်နှင့်ပတ်သက်ပါက ကျွန်တော်တို့အတွက် လမ်းညွှန်မှုများများစားစားမရှိခဲ့ဟု ဆိုရပါလိမ့်မည်။

အမှန်စင်စစ် ‘သိုင်မို့စ်’ မှာ အသိအမှတ်ပြုခံလိုမှုကို ရှာဖွေသော စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပါသည်။ ‘သမ္မတနိုင်ငံ ကထာ’ တွင်မူ စစ်သည်တော်အနေနှင့် မိမိအသက်ကို စွန့်လွှတ်ဖို့ လိုလားသည့်အခြေခံပေါ်တွင် မိမိ၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုခံလိုသော လူတန်းစားမှာ အနည်းငယ်မျှသာရှိသည်။ သို့နှင့်တိုင် အသိအမှတ်ပြုခံလိုသည့်ဆန္ဒမှာ လူတိုင်း၏ စိတ်ဝိညာဉ်တွင် ရှိနေဟန်တူပါသည်။ ဈေးဆိုင်ပိုင်ရှင်ဖြစ်စေ၊ လက်မှုပညာသည်ပင်ဖြစ်စေ၊ ယုတ်စွအဆုံး လမ်းပေါ်မှ သူတောင်းစားပင်ဖြစ်စေ မိမိကို မရိုမသေ မလေးမစားလုပ်ခံရလျှင် စိတ်ထိခိုက်ခံစားရမည်သာဖြစ်သည်။ သို့တစေ ဘာကြောင့် သူတို့ကို လေးစားသင့်ကြောင်း ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေး၍ သူတို့၏ ဆိုခဲ့ပါခံစားမှုမှာ မပီပြင်လှသေးပါ။ ထို့ထက် သူတို့လူ့အဖွဲ့အစည်းကိုယ်တိုင်ကလည်း သူတို့ကို အရစ္စတိုခရက်တွေလောက် တန်ဖိုးမရှိဟု ဆိုထားလေရာ ‘လူ့အဖွဲ့အစည်း၏ စီရင်ချက်ကို ဘာ့ကြောင့် လက်မခံရသလဲ’ စောဒကတက်စရာဖြစ်နေပါသည်။ ဤ သည်မှာ လူ့သမိုင်း၏ ကာလတော်တော်များများအတွင်း လူသားထုတစ်ရပ်လုံး ရင်ဆိုင်နေရသည့် ကံကြမ္မာပင်ဖြစ်တော့သည်။

သိုင်မို့စ်မှာ အမြဲတမ်းရှိနေပြီး လူ့သဘာဝ၏ လောကလုံးသဘောဆောင်သော သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ယူဆထားချိန်မှာပင် ကျွန်တော်တို့ တစ်ဦးချင်းစီတွင် လေးစားဖို့ ထိုက်တန်သော ‘အတွင်းပိုင်းအတ္တ’ တစ်ခုရှိသည်ဆိုသော ယုံကြည်မှုလည်း ရှိနေသည်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းက အဆိုပါအတွင်းပိုင်းအတ္တကို သိမှတ်လက်ခံမှုမရှိလျှင် မှားယွင်းသည်ဟုလည်း ယူဆကြသည်။ဤသည်မှာ မကြာသေးခင်ကမှ ပေါ်ထွက်လာသော စဉ်းစားချက်ဖြစ်သည်။ အမှတ်အသားသရုပ်အကောက်အယူမှာ သိုင်မို့စ်တွင် အမြစ်တွယ်နေတတ်ပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းအတ္တတို့ ပေါင်းစည်းမိသော ခေတ်သစ်ရောက်တော့မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ပို၍ ရယ်ဒီကယ်ကျသော အမြင်အရ အတွင်းပိုင်းအတ္တက အပြင်ပိုင်းအတ္တထက် ပို၍တန်ဖိုးရှိသည်ဟု ဆိုသည်။ ဤသည်မှာ အတ္တ၏အရွေ့မှ ပေါ်ထွက်လာသော အယူအဆဖြစ်သည်။ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အပြောင်းအလဲများ၏ ဖိအားအောက်တွင် လျင်မြန်စွာ စတင်ပြောင်းလဲလာသော လူ့အဖွဲ့အစည်း၏ အစစ်အမှန်တရားလည်း ဖြစ်ပေသည်။ 

ဆက်လက်ဖော်ပြပါမည်။
ကျော်ဝင်း
(၇ နိုဝင်ဘာ ၂၀၁၈)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *