စွဲလမ်းခြင်းဝေဒနာ  

ဓာတ်ပုံ - မြတ်(ကလေး)

‘ကုရာနတ္ထိ ဆေးမရှိ’ ဟုကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုခန့်အတွင်းက မကြာခဏ သတိပေးလေ့ရှိသည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)နှင့် ပတ်သက်၍ သတိပေးသည့်စကားဖြစ်ပြီး ယခုလည်း ယင်းသို့ သတိပေးရတော့မည့် ရောဂါအမည်တစ်ခု ရှိသည်။ ယင်းကား ဆယ်လ်ဖီရောဂါ။

၂၀၁၂ ခုနှစ်တွင် ကျပ်တစ်ထောင့်ငါးရာတန်ဆင်းမ်ကတ်များ ရောင်းချခဲ့ပြီးသည့်အချိန်မှစ၍ လူတိုင်းနီးပါး၏လက်ထဲသို့ မိုဘိုင်းလ်ဖုန်းများ ရောက်လာခဲ့သည်။ မိုဘိုင်းလ်ဖုန်းများသည် သည်အတိုင်းမလာ၊ Facebook ဟု ခေါ်သည့် လူမှုကွန်ရက်တစ်ခုနှင့်အတူ ပါလာသည်။

Facebook ကိုသုံးစွဲသည့်အခါ ဆယ်ဦးတွင် ကိုးဦးခန့်က ဓာတ်ပုံတင်လေ့ရှိသည်။ ကင်မရာကြီးများဖြင့် ရိုက်ကူးသည့် ဓာတ်ပုံများသာမက မိုဘိုင်းလ်ဖြင့် အလွယ်တကူရိုက်ကူးသည့် ဓာတ်ပုံများကို ပို၍တင်လေ့ရှိသည်။ ထိုအခါ ရေပန်းစားလာသည့် စကားလုံးက Selfie ဟုခေါ်သည့် မိမိကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်ခြင်းပင်။

“နေ့တိုင်းလိုလိုရိုက်ဖြစ်တယ်” ဟု မန္တလေးမြို့တွင် နေထိုင်သည့် မဖြိုးအိနိုင်က ပြောသည်။

မိမိကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်ရသည်မှာ ပျော်စရာကောင်းသည်ဟု သူက ဆက်ပြောသည်။

“ ဓာတ်ပုံရိုက်တာကတော့ ဝါသနာပါတယ်ပြောရမှာပေါ့။ အရင်တုန်းကဆိုရင် ဆိုင်မှာ တကူးတက သွားရိုက်ကြရတာလေ။ အခုတော့ လက်ထဲဖုန်းတစ်လုံးရှိရင်ကို အဆင်ပြေနေတာပေါ့” ဟု သက်လတ်ပိုင်းအရွယ် ပုဂ္ဂလိကဝန်ထမ်း မမြတ်နိုးက ကိုင်ထားသည့် မိုဘိုင်းလ်ဖုန်းလေးကို မြှောက်ပြရင်း ဆိုသည်။

မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှုသည် မြို့ရော တောနယ်ပါ မကျန်အောင် ပျံ့နှံ့သွားပြီးနောက် တပြိုင်တည်းဆိုသလို Facebook ဗိုင်းရပ်စ်ကပါ လိုက်လံကူးစက်ပြီး ဆယ်လ်ဖီရောဂါက အမြစ်တွယ်ခဲ့လေသည်။ ကုရာနတ္ထိ ဆေးမရှိပြီလော။

အမေရိကန်စိတ်ရောဂါဆိုင်ရာအသင်း (American Psychiatric Association-APA)၏ ၂၀၁၄ ခုနှစ်အတွင်းက သတ်မှတ်ချက်အရ ဆယ်လ်ဖီရိုက်ကူးလေ့ရှိသူများသည် Selfitis ဟုခေါ်သည့် စိတ်ရောဂါဝေဒနာတစ်မျိုးကို ခံစားနေရသည်ဟု ဆိုခဲ့သည်။

ထိုရောဂါတွင် Borderline Selfitis ဟုခေါ်သည့် တစ်ရက်လျှင် ဆယ်လ်ဖီပုံသုံးပုံထက်မနည်း ရိုက်ကူးသော်လည်း လူမှုကွန်ရက်ပေါ် မျှဝေခြင်းမပြုသူ၊ Acute Selfitis ဟုခေါ်သည့် ဆယ်လ်ဖီပုံသုံးပုံထက်မနည်းရိုက်ကူးပြီး ယင်းပုံများအားလုံးကို လူမှုကွန်ရက်ပေါ် မျှဝေတတ်သူနှင့် Chronic Selfitis ဟုခေါ်သည့် အချိန်နှင့်အမျှ ဆယ်လ်ဖီပုံများရိုက်ကူးနေပြီး တစ်နေ့လျှင် ခြောက်ကြိမ်ထက်မနည်း လူမှုကွန်ရက်ပေါ် မျှဝေတတ်သူဟု အဆင့်သုံးဆင့်ခွဲခြားထားကြောင်း သိရသည်။

“ဒါကြီးကို စွဲလမ်းနေတယ်ဆိုတာက မကောင်းဘူးလေ။ တချို့တွေဆို နာရေးအိမ်တွေ ဘာတွေမှာတောင် ဆယ်လ်ဖီဆွဲတာမျိုးကျတော့ မဖြစ်သင့်တော့ဘူး”ဟု မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

စစ်တမ်းတိတိပပမရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ဆယ်လ်ဖီရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်ပြန်လည်မျှဝေသူမှာ များစွာရှိနေသည်။ Facebook သုံးစွဲသူ ၁၁ သန်းခန့် ရှိနေသည်ဟု စစ်တမ်းများတွင် ဆိုထားသဖြင့် နေ့စဉ်ဓာတ်ပုံပေါင်းအရေအတွက် သန်းနှင့်ချီ၍ လူမှုကွန်ရက်ပေါ်ရောက်နေမည် ဖြစ်သည်။

ယင်းအနက်ထက်ဝက်ကျော်မှာ ဆယ်လ်ဖီဟု ခေါ်သည့် မိမိကိုယ်ကိုယ် ပြန်လည်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်နေမည်မှာ မလွဲပေ။

“စိတ်ခံစားမှုကို ရင်ဖွင့်တာပေါ့။ စိတ်ထဲတစ်ခုခုဖြစ်ပြီဆိုရင် သက်သာဖို့အတွက် လုပ်တတ်ကြတယ်”ဟု မကွေးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန် ဒေါက်တာကြွယ်ကြွယ်က ပြောဆိုသည်။

မိမိရောက်ရှိနေသည့် နေရာ၏ အလှအပရှုခင်းများကို ပြောဆိုလို၍ဖြစ်စေ၊ မိမိစိတ်ထဲ တစ်စုံတစ်ခု ခံစားနေရသည်ကို သိရှိစေလို၍ဖြစ်စေ ဆယ်လ်ဖီပုံရိုက်ကာ တင်လေ့ရှိပြီး ယင်းကို စိတ်ရောဂါအနုစားဟုလည်း သတ်မှတ်ရန်ခက်ခဲသည်ဟု ၎င်းက ဆိုသည်။

ဆယ်လ်ဖီဓာတ်ပုံရိုက်ကူးမှုများကလည်း အမျိုးမျိုးအထွေထွေ ဆန်းပြားသည်။ သာမန်ရိုက်ကူးကြရာမှ လူအများသတိထားမိစေရန် ကြံစည်တွေးတော၍ ရိုက်ကူးမှုများလည်း ရှိလာသည်။

ဓာတ်ပုံ – မြတ်(ကလေး)

မီးလောင်နေစဉ် ရိုက်ကူးသူ၊ ရေအောက်တွင် ရိုက်ကူးသူ၊ ယာဉ်အစစ်ဆေးခံရချိန် ရိုက်ကူးသူ၊ သန့်စင်ခန်းဝင်နေချိန် ရိုက်ကူးသူ စသဖြင့် သူ့ထက် ငါ ဆန်းပြားအောင် ရိုက်ကူးကြပြီး လူမှုကွန်ရက်တွင် မျှဝေတတ်ကြသည်။

ရရှိလာသည့် Like (ကြိုက်နှစ်သက်မှု)၊ Comment (မှတ်ချက်ရေးသားမှု)၊ Share (ဝေမျှမှု)တို့အပေါ် သာယာနစ်မြောတတ်ကြသည်။

“ကိုယ့်စိတ်ထဲ တစ်ခုခုဖြစ်တဲ့အချိန်ဆို ပိုတင်ဖြစ်တယ်။ Like ပေးတာ၊ Comment ပေးတာတွေကြည့်ပြီး ကိုယ်ခံစားနေရတာ မေ့သွားတယ်”ဟု မဖြိုးအိနိုင်က ဆိုသည်။

ကမ္ဘာ့ထိပ်တန်းဆယ်လ်ဖီတစ်ခု ၂၀၁၇ ခုနှစ်အတွင်းက ပေါ်ထွက်ခဲ့သည်။ ဖိလစ်ပိုင်သမ္မတဒူတာတေး၏ ကိုယ်ရေးအရာရှိခရစ္စတိုဖာဘောင်း(Christopher Bong)ဆိုသူ၏ Facebook စာမျက်နှာတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တင်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ညီလာခံသို့ တက်လာသည့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ဆယ်လ်ဖီဓာတ်ပုံများရိုက်ကူးကာ ‘Selfies with World Leaders at ASEAN 2017’ ဟုရေးသား၍ တင်ခဲ့သည်။

ယင်းအထဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ပူတင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ စသူတို့အပါအဝင် ဓာတ်ပုံပေါင်း ၁၇ ပုံ တင်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ပင် ဆယ်လ်ဖီပုံများ တင်တတ်ကြသည်။ စားသောက်ဆိုင်ပိုင်ရှင်မှသည် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ထူးချွန်ထင်ရှားသူများနှင့် တွဲဖက်၍ ဆယ်လ်ဖီဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက်တွင် ပြန်လည်မျှဝေသည့် ဓလေ့က အသားကျနေပြီဖြစ်သည်။

YBS စီးအမှတ်တရ၊ မန္တလေးကျုံးဘေးရောက် အမှတ်တရ၊ ရိဒ်ရေကန်ရောက် အမှတ်တရ၊ အင်းလေးကန်ထဲမှာစသဖြင့် ဓာတ်ပုံနှင့် လိုက်ဖက်သည့် စာညွှန်းမျိုးစုံဖြင့် တင်တတ်ကြသည်။

သို့သော် မည်သည့်အရာမဆို တန်ဆေး လွန်ဘေးဆိုသည်ကား ရှိလေသည်။

နိုဝင်ဘာလကုန်ပိုင်းက မန္တလေးမြို့တွင် ဆယ်လ်ဖီဓာတ်ပုံရိုက်ကူးရင်း ပြုတ်ကျသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။ မူဆယ်မြို့တွင် နေထိုင်သူသည် မိသားစုနှင့်အတူ မန္တလေးသို့ ဘုရားဖူးလာရင်း မန္တလေးတောင်ထပ်သို့ စက်လှေကားဖြင့် တက်သည်။

လှေကားထိပ်အရောက်တွင် လက်ကိုင်ဖုန်းဖြင့် ဆယ်လ်ဖီပုံရိုက်ကူးရာမှ အရှိန်လွန်ပြီး အမြင့်ပေ ၅၀ ခန့်မှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၂ နယ်မြေရဲစခန်းမှ သိရသည်။

“ဓာတ်ပုံရိုက်ရင်း ပြုတ်ကျသေဆုံးတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ခုန်ချတာဆိုတာ ကောလာဟလပါ” ဟု အဆိုပါစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော်လည်း စက်လှေကားနှင့်အနီးတစ်ဝိုက်တွင် ရှိနေသူများကမူ စက်လှေကားထိပ်မှ ခုန်ချခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုကြသည်။ မည်သို့ဆိုစေ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးလေ့ရှိသူတို့အတွက် သတိပြုစရာသတင်းတစ်ခု ဖြစ်သည်။

ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း လူမှုကွန်ရက်သုံးစွဲသူများအကြား ပြုံးမိစေသည့် ဗီဒီယိုဖိုင်တစ်ခု ရှိသည်။

ဘုရားတစ်ဆူသို့ ရောက်ရှိနေသည့် သရုပ်ဆောင်ဖြူဖြူထွေးနှင့် ရဟန်းအချို့ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးနေကြသည်ကို ပြန်၍ ဗီဒီယိုရိုက်ကူးထားခြင်း ဖြစ်သည်။

ဓာတ်ပုံရိုက်ကူးကြသည့် ရဟန်းတော်တစ်ပါးမှာ သရုပ်ဆောင်ဖြူဖြူထွေးနှင့် အသက်အရွယ် မတိမ်းမယိမ်းရှိမည်ဖြစ်ပြီး လက်နှစ်ချောင်းပင် ထောင်လိုက်သေးသည်။ အချို့က ယင်း ဗီဒီယိုဖိုင်အပေါ် မနှစ်မြို့ဟန်ရှိသော်လည်း ကြည့်ရှုသူများကို ကြည်နူးစေသည်။

“ကိုယ်နှစ်သက်သဘောကျတဲ့သူမို့ တွေ့တုန်း ဓာတ်ပုံတွဲရိုက်တာလို့ မြင်ပါတယ်။ တချို့ကလည်း ဘုန်းကြီးတွေ မရိုက်သင့်ဘူးပေါ့။ ဒါပေမဲ့ အမှတ်တရအဖြစ် ရိုက်တာလို့ပဲ မြင်မိပါတယ်” ဟု မမြတ်နိုးက သူ့အမြင်ကို ပြောဆိုသည်။

ဆယ်လ်ဖီသည် စိတ်ရောဂါတစ်ခုဟု သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ စွဲလမ်းခြင်းဝေဒနာတစ်ရပ်ကို ပေးနေသည်ကိုတော့ မငြင်းသာပေ။

ကုရာနတ္ထိ ဆေးမရှိသည့်ရောဂါဟု မပြောဆိုနိုင်သော်လည်း မိုဘိုင်းလ်ဖုန်းကို စွဲလမ်းခြင်း၊ လူမှုကွန်ရက်ကို စွဲလမ်းခြင်း၊ ဓာတ်ပုံရိုက်ကူးမှုကို စွဲလမ်းခြင်းတို့က ဆေးသောက်၍ မပျောက်နိုင်သည့် ရောဂါများ ဖြစ်သည်။

“ဂိမ်းစွဲသလိုကို စွဲနေတာပေါ့။ နေရာတိုင်း ရိုက်ချင်နေကြတာ” ဟု မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဥပမာပေး၍ ပြောသည်။

အနီးတွင် ဓာတ်ပုံရိုက်ပေးမည့်သူမရှိ၍ ဖြစ်စေ၊ သူတစ်ပါးကို ရိုက်ကူးခိုင်းရန် အားနာ၍ဖြစ်စေ မိမိကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်နေတတ်ကြပြီး ယင်းသည် ကိုယ့်အားကိုယ်ကိုးသည်ဟု အကောင်းဘက်က တွေးမြင်ပေးရန်လည်း ရှိနေသည်။

အသက် ၂၂ နှစ်အရွယ်ရှိ မဖြိုးအိနိုင်ကမူ ဆယ်လ်ဖီပုံကို အမြဲလိုလိုရိုက်ကူးလေ့ရှိသော်လည်း မရိုက်ရမနေနိုင်သည့် သဘောတော့ မဟုတ်ဟု ဆိုသည်။

“အချိန်မရွေး ရိုက်ဖြစ်တယ်။ အဲဒီထဲကမှ လှတဲ့ပုံလေးတွေဆိုရင် Facebook ပေါ် တင်ဖြစ်တယ်။ အဲဒါက စိတ်ချမ်းသာစေတယ်” ဟု လူမှုကွန်ရက်ပေါ်ဓာတ်ပုံများ ဆက်လက်ဝေမျှမည့်အကြောင်းကို သူက ပြောပြလေသည်။

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *