တည်ဆောက်ရေးအမြင်

တစ်ပင်တည်းတွင် နှစ်မျိုးမြင်

စိန်ပန်းပင်အရွက်ချချိန်ကို မြင်သူတစ်ဦးက “အရုပ်ဆိုးလွန်းတဲ့အပင် ဘာမှသုံးမရဘူး…” ပြောပေလိမ့်မည်..။ ရှေ့နောက်ဆင်ခြင်သိရှိသောနောက်တစ်ဦးက “ခုတော့အရွက်ချတဲ့ရာသီမို့ ရိုးတံကျဲနေပေမယ့် တပေါင်းတန်ခူးရောက်ရင် စိန်းလန်းလာမယ်..မိုးဦးမှာတော့ အလှဆုံးပန်းတွေ ပွင်လာတော့မယ်” ဟု မှတ်ချက်ပြုပါလိမ့်မည်။ အကောင်းမြင်သူနှင့် အဆိုးမြင်သူများလောကမှာ ဒွန်တွဲလျက်ရှိနေပါသည်။ နှစ်မျိုးစလုံး လိုသည်။ အမှန်တကယ်လိုအပ်သည်မှာ ထိုကောင်းမှု၊ ဆိုးမှုအပေါ်တွင် လူ့အဖွဲ့အစည်းကို တိုးတက်ရာ၊ တိုးတက်ကြောင်း ရည်ရွယ်သည့် အပြုသဘောဆောင်သည့် ယထာဘူတအမြင် ဖြစ်ပါသည်။

အပြုသဘောနှင့် အပျက်သဘောဆောင်အဆုံးအမများ

ကျွန်ုပ်တို့ငယ်စဉ်က မိဘဘိုးဘွားများ၏ အပြုသဘောဖြင့် ကျွန်ုပ်တို့ရှေ့ရေးကို မျှော်တွေး၍ အပျက်သဘောဆောင် ဆုံးမမှုများကိုခံခဲ့ရသည်။ “ကဗျာရူးသလိုလို…စာရူးသလိုလို… ကာတွန်းရူးသလိုလိုမလုပ်ကြနဲ့ ၊ ထမင်းငတ်မယ့် အလုပ်တွေ… ”ဟု ဆုံးမခဲ့ကြသည်။ ဇာတ်ပွဲတွေ..အငြိမ့်ပွဲသွားကြည့်၍ အရပ်ထဲတွင် ပြန်လည်၍ ဆိုကြ၊ ပြောကြပြီဆိုလျှင် “ဖက်ခွက်စားအလုပ်တွေကို အဟုတ်မှတ်ပြီး အတုယူလာကြပြန်ပြီ…” ဟု ဆိုပြန်သည်။ အိမ်က အဒေါ်တွေ ၀တ္ထုဖတ်သည့်အခါများတွင် ပိုဆိုးသည်။ “ညည်းတို့တွေ အတုခိုးမှားပြီး အပျက်မဘ၀ ရောက်ချင်လို့လား” ဟု ပျစ်ပျစ်နစ်နစ် ကြိမ်းပြန်လေသည်။ အဒေါ်များ ၀တ္ထု၊ မဂ္ဂဇင်းစာအုပ်တွေ ခိုးဖတ်ကြသည်ကို ပြန်မြင်ယောင်မိသည်။ ရှေးမိဘ၊ ဘိုးဘွားတို့၏အဆုံးအမကို မကောင်းပြောခြင်း မဟုတ်ပါလေ။ ယင်း အဆုံးအမများကြောင့်ပင် မကောင်းမှုကို ရှောင်ရှားနိုင်ခဲ့ကြသည်မှာ မှန်သည်။ သို့သော် သူတို့ခေတ်က သူတို့အမြင် ဖြစ်သည်။ 

ဆိုလိုရင်းအရာရာတိုင်းကို အပျက်ဘက်မှ တွေး၍ မကောင်းသည့်အရာများအဖြစ် နိဂုံးချုပ်လိုက်ခြင်းကို ထောက်ပြခြင်းဖြစ်သည်။  ကမ္ဘာကျော်စာရေးဆရာဂျက်လန်ဒန်တို့၊ ဘားနပ်ရှောတို့ ၊ မော်ဒန်ပန်းချီကျော် ပီကာဆိုတို့ အနုပညာဖြင့် လူကုံထံများသူဌေးများဖြစ်လာပြီး အထက်တန်းလွှာအထိ ၀င်ဆန့်သည်ကို သူတို့မသိ။ သိစရာလည်း အကြောင်းမရှိ။ သူတို့မှာ ရိုးသားသော ရှေးလူကြီးများဖြစ်သည်။ သူတို့သိသည်ကား ထိုစဉ်က မြန်မာစာရေးဆရာ၊ ပန်ချီဆရာအများစုဆင်းရဲကြသည်ကို တစ်ဆင့်စကားဖြင့် သိကြသည်။

အနောက်နိုင်ငံများတွင် တီထွင်ဖန်တီးသူများမှာ မိမိတို့စွမ်းရည်အလျောက် အထက်တန်းလွှာအသိုင်းအ၀န်းတွင် နေရာရကြသည်။ သီချင်းတစ်ပုဒ်၊ ရုပ်ရှင်တစ်ကား၊ ကဗျာတစ်ပုဒ်၊ ၀တ္ထုတစ်ပုဒ်ဖြင့် ဘ၀က အကြီးအကျယ် ပြောင်းလဲသွားနိုင်သည်။ ယင်းတို့မှာ မိမိအရည်အချင်းအလျောက် ထူးချွန်ကြသည် မှန်သော်လည်း အပြုသဘောဆောင်သည့် အတွေးအခေါ်ရင့်သန်သော နိုင်ငံသားများရှိနေခြင်းက အမှန်တကယ် ယင်းတို့၏ဘ၀ကို ပြောင်းလဲစေခြင်း ဖြစ်သည်။ အနုပညာဖန်တီးမှု၊ စာပေဖန်တီးမှု၊ ယဉ်ကျေးမှုအနုသုခုမများကို အထင်သေးသည့် စိတ်က နိုင်ငံကို အောက်သို့ ဆွဲချနိုင်ပေသည်။

တကယ်ဆိုလျှင် ‘ဖန်တီးမှုအနုပညာသဘောသည် သိမ်မွေ့လေးနက်ပြီး ပါရမီရှိမှ ဖန်တီးနိုင်ကြောင်း ၊ အသိပညာ၊ အတတ်ပညာတို့၏ အမွန်ဖြစ်ကြောင်း’ အချက်အလက်ပေးနိုင်ရပေမည်။ ‘အနုပညာအလုပ်သည် ကောင်းသည်။ ထိုက်သင့်သည့် ပညာအရည်အချင်းရှိလျှင် ပိုကောင်းသည်..စဉ်းစားတွေးခေါ်တတ်မည်၊ သို့မှသာ ပိုကောင်းသော ဖန်တီးမှုတွေလုပ်နိုင်မည်၊ သို့သော် ယခုအခါ မိမိမှာကျောင်းသားဖြစ်၍ ကျောင်းစာကို အဓိကထား၍ အားသည့်အချိန်တွင် မိမိဝါသနာပါရာလုပ်နိုင်ကြောင်း’ အကြောင်းအကျိုးပြ၍ ရှင်းပြသင့်သည်။ ခွင့်ပြုသင့်သည်။ သို့သော် စေတနာအလျောက် ဂစ်တာတွေ ရိုက်ခွဲ..၊ ပန်းချီဆွဲစာအုပ်တွေ ဆုတ်ဖြဲလုပ်ခဲ့ကြသည်။

မင်းဘာလဲ ငါဘာလဲ

ကျွန်ုပ်တို့ ငယ်စဉ်မှ ယခုအထိ သူငယ်နာမစင်သေးသောအစွဲမှာ စာမေးပွဲအမှတ်ကိုကြည့်၍ လူတော်လူညံ့ သတ်မှတ်ခြင်းပင် ဖြစ်သည်။ အမှတ်အသင့်အတင့်ကောင်းသူများက သိပ္ပံတွဲရ၍ အမှတ်သိပ်မကောင်းသူများက ၀ိဇ္ဖာတွဲ ယူကြရသည်။ ၀ါသနာပါခြင်း၊ အသုံးဝင်ခြင်းတို့ထက် အမှတ်ဖြင့် သတ်မှတ်ထားသည့်အတိုင်း ပညာဆက်ကြရသည်။ ထိုအမှတ်ဖြင့် သတ်မှတ်သည့်ကိစ္စသည် မကောင်းဟု ဆိုလိုခြင်းမဟုတ်။ သို့သော် ၀ိဇ္ဖာသမားများကို အချို့က မသိမသာ အညံ့စာရင်းသွင်းကြလေသည်။

“ကျွန်မတို့ဌာနကို အမှတ်အနည်းဆုံးကလေးတွေပဲ ရောက်လာတော့ ကလေးတွေမှာ အငုံ့စိတ်တွေ ကိုယ်စီရှိနေကြတယ်..ဒါပေမဲ့ စိတ်ဓာတ်မြှင့်တင်ပြီး ကြိုးစားခိုင်းတော့ တချို့တွေ ထူးချွန်ကြပါတယ်.. ဒါပေမဲ့ သူတို့ ခမျာအလုပ်အကိုင်အခွင့်အလမ်းက သိပ်နည်းပါတယ်” ဟု မနုဿဗေဒပါမောက္ခတစ်ဦးက ဆိုသည်။

တကယ်တော့ ဆရာဝန်၊ အင်ဂျင်နီယာများကိုသာ လူရာသွင်းလိုသော..၊ အခြားဘာသာရပ်များကို လေးစားရန်ပျက်ကွက်နေသော မိဘနှင့် ဆရာအချို့တွင် တာဝန်ရှိနေပါသည်။ နိုင်ငံတော်ကလည်း အချိန်မီပြုပြင်ရန် လိုသည်။

သမိုင်းပါမောက္ခတစ်ဦးက ပြောဖူးသည်။ “အနောက်နိုင်ငံကြီးတွေမှာ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ပြည်ပကို ခရီးထွက်မယ်ဆိုရင် ပါမောက္ခသုံးယောက်ခေါ်သွားလေ့ရှိတယ်။ အဲဒီပါမောက္ခတွေက သမိုင်း၊ ဒဿနိကနဲ့ မနုဿဗေဒပါမောက္ခတွေ ဖြစ်ပါတယ်။ တကယ်တော့နိုင်ငံရေးကို တကယ်သိဖို့ဆိုရင် ဒီဘာသာရပ်သုံးခုရဲ့ ဆက်စပ်မှုကို နားလည်ထားရပါမယ်…”

မှန်ပါသည်။ မတူညီသော နိုင်ငံများ၏ ခေတ်ပြိုင်သမိုင်းကို နှိုင်းယှဉ်လေ့လာခြင်းသည် နိုင်ငံရေးသိပ္ပံ ဖြစ်သကဲ့သို့ မနုဿဗေဒကလည်း နက်နဲသော နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးအစဉ်အလာများကို ဖြည့်စွမ်းပေးနိုင်သည်။ ဒဿနိကဗေဒပညာရပ်ကလည်း နိုင်ငံတော်ကြီးကို မည်ကဲ့သို့သော သူများ အုပ်ချုပ်သင့်သည်၊ မည်သည့်စနစ်ဖြင့် အုပ်ချုပ်သင့်သည်၊ နိုင်ငံရေးအာဏာကို မည်သို့ ဖြန့်ကြက်ကျင့်သုံးသင့်သည်ကို သိစေသောပညာ ဖြစ်ပါသည်။ စိတ်ပညာကလည်း ဘယ်သူ့ကို ဘယ်လိုအုပ်ချုပ်ရမည်၊ လူမှန်နေရာမှန်ဖြစ်အောင် မည်သို့ ကိုယ်ရည်ကိုယ်သွေးရှိသူကို မည်သည့်နေရာတွင် ထားသင့်သည်ကို သင်ပေးပါသည်။  သို့သော် ဘာသာရပ်များ၏ အတိမ်အနက်၊ အခြေအမြစ်ကို မသိသော ကျောင်းသား အချင်းချင်းနှိမ့်ချပြောဆိုကြသည်မှာ စိတ်မကောင်းစရာပင်။

ယခုအခါ အချင်းချင်း၊ သူ့ပညာကိုယ့်ပညာ၊ ပြည်တွင်းဘွဲ့၊ ပြည်ပဘွဲစသည်ဖြင့် အမနာပပြောသူများသည် ပညာတတ်သည့်တိုင် တကယ်မပြည့်ဝကြဟု ထင်သည်။ အမေရိကန်ပထမဆုံးသမ္မတအီဘရာဟင်လင်ကွန်းသည် ကျောင်းမတက်နိုင်ရှာ၍ ကောက်ရိုးမီးဖို၍ ဥပဒေစာအုပ်ကို ဖတ်ခဲ့ရရှာသော၊ ခြံစည်းရိုးတိုင်ခုတ်ရောင်း၍ အသက်မွေးရရှာသော ဆင်းရဲသား၊ လက်လုပ်လက်စားဘ၀မှ တက်လာခြင်းဖြစ်သည်။ အလားတူသာဓကများ ကမ္ဘာပေါ်တွင် အများကြီးရှိသည်။ တကယ်စာဖတ်၊ တကယ်လေ့လာ၊ တကယ်သုတေသနလုပ်မှ တကယ်တတ်မည် ဖြစ်ပါသည်။

ကမ္ဘာတွင် မှတ်ဉာဏ်သုံး၍ အလွတ်ကျက်သည့်(Memorizing)ပညာရေးကို တတိယအဆင့်၊ ကြောင်းကျိုးဆင်ခြင်သုံးသပ်ခြင်း (Reasoning) ကို ဒုတိယအဆင့်၊ တီထွင်ဖန်တီးမှု ( Creativity) ကို ပထမတန်းစားအဆင့်ဟု သတ်မှတ်ထားကြသည်။ တကယ်တန်းတွင်လည်း တီထွင်ဖန်တီးမှု ရုပ်ရှင်ဂီတ၊ အနုပညာများ၊ မိုက္ကရိုချစ်ပ်နှင့် နာနိုနည်းပညာတီထွင်ဖန်တီးနိုင်သည့် နိုင်ငံများက ထိပ်တန်းတွင်ရှိနေသည်မှာ အများအသိပင်ဖြစ်သည်။ တကယ်ယှဉ်လိုလျှင် ကမ္ဘာကြီးနှင့် ယှဉ်စေချင်သည်။

လေးစားမှုနှင့် အပြုသဘော

တစ်ယောက်နှင့်တစ်ယောက်၊ အချို့အင်စတီကျူးရှင်းတစ်ခုနှင့် တစ်ခုလေးစားမှုပျက်ကွက်နေသည်ဟု မြင်သည်။ တကယ်တော့ တစ်ယောက်မမြင်သော အမြင်ကို အခြားတစ်ယောက်က မြင်နိုင်သည်။ ထိုအခါ ကာယကံရှင်၏ အကောင်း၊ အဆိုးစေတနာကြောင့် တစ်ဖက်မှာအကျိုးရှိနိုင်သလို အပြစ်လည်းဖြစ်သွားနိုင်သည်။

‘အကောင်းမြင်သူက လေယာဉ်တည်ထွင်သည်…မကောင်းမြင်သမားက လေထီးတီထွင်သည်’ ဟု ဆိုကြသည်။ တကယ်တော့ နှစ်ဦးစလုံးအပြုသဘောဆောင်အမြင်ရှိသူ၊ တည်ဆောက်ရေးအမြင်ရှိသူဟု ဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူသားတို့၏ ၀န်ဆောင်မှု၊ လူသားတို့လုံခြုံရေးကို ဖန်တီးပေးသူအတူတူပင် ဖြစ်သည်။ လူတိုင်းက မိမိကိုအကောင်းပြောလျှင် နှစ်သက်သော်လည်း အဆိုးဘက်ကပြောလာလျှင်တော့ နှစ်သက်မည်မဟုတ်။ သို့သော် ခံယူသူအနေဖြင့် အကောင်းဆုံးဖြစ်အောင် ပြောင်းလဲနိုင်လျှင် ပို၍ကောင်းပါသည်။

ပြောမနာဆိုမနာမောင်နှမကဲ့သို့ ရင်းနှီးသောဆရာမကြီးနှစ်ဦးအနက် တစ်ဦးက “ကျွန်မတို့ နည်းနည်းလွဲနေပြီ ထင်တယ်…. ကျွန်မတို့ မွေးထုတ်ထားတဲ့ နိုင်ငံတကာဆက်ဆံရေးကျောင်းထွက်ကလေးတွေ နိုင်ငံခြားရေးလို ဌာနမျိုးနဲ့ တခြားနိုင်ငံခြားနဲ့ ဆက်ဆံတဲ့ဌာနတွေမှာ အလုပ်ရတဲ့ အရေအတွက် နည်းနေသေးတယ်… ဘာသာရပ်တော်တာကို ရွေးသလား၊ အင်္ဂလိပ်စာတော်တာရွေးသလား မကွဲဘူးဆရာရေ..”

နောက်တစ်ယောက်ကလည်း “ကျွန်မတို့ မနုဿဗေဒဌာနမှာ ထူးချွန်တဲ့ ကလေးတွေ ရှိပါတယ် ခုအထိ အလုပ်ခေါ်ရင် သူတို့မပါဘူး…။တကယ်ဆို တိုင်းရင်းသားရေးရာဝန်ကြီးဌာနလို နေရာမျိုးမှာ လိုအပ်တယ်…။ ဖဒရယ်ပြည်ထောင်စုတည်ထောင်တဲ့ အချိန်မှာ တိုင်းရင်းသားညီအစ်ကိုတွေကြား ယဉ်ကျေးမှုအစဉ်အလာတွေ စနစ်တကျသင်ကြားတတ်မြောက်ထားတဲ့ ညှိနှိုင်းရေးသမားလေးတွေလိုတယ်…ထင်တယ်”။

သူတို့က ရယ်ရယ်မောမောပြောနေသော်လည်း စိတ်မကောင်းဖြစ်ရသည်။ လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက်ရော နိုင်ငံအတွက်ပါ ဖြစ်သည်။  အမှန်တွင် ဆရာမကြီးများမှာ နိုင်ငံတော်ကြီးအတွက် လူမှန်၊ နေရာမှန်ဖြစ်ရေးကို အပြုသဘောဆွေးနွေးကြခြင်းဖြစ်သည်။ ထိုသို့ အပြုသဘောအကြံပေးချက်များ နိုင်ငံတော်တွင် အများကြီးလိုအပ်သည်။ အကြောင်းရင်းမှန်ကို သိရှိလျှင် ပြုပြင်ရလွယ်ကူပါသည်။

သီအိုရီဆိုင်ရာအမြင်များ

ပညာရှင်များတွင်လည်း လူတစ်ဦးချင်းကို ကြည့်သောအခါ၌ ကိုယ်စီကိုယ်စီအထောက်အထားခိုင်ခိုင်လုံလုံဖြင့် သူတို့အမြင်ကို တည်ဆောက်ကြသည်။ အတွေးအခေါ်ပညာရှင်သောမတ်စ်ဟော့ဘ် (Thomas Hobbs) က “လူတွေဟာ အထိန်းအကွပ်မဲ့ရင်… အကြမ်းဖက်မှုတွေဖြစ်လာမယ်…။ ကြီးနိုင်၊ ငယ်ညှင်းအဆင့်/ဘ၀ (state of nature) ရောက်မှာပဲ။ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ ရန်သူဖြစ်လာမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းသင့်တယ်။ အားဖြည့်သင့်တယ်။ လုပ်ပိုင်ခွင့်အာဏာအပေါ်မှာ တာဝန်ကျေဖို့ အပြန်အလှန် ပဋိညာဉ်ပြုပြီး အချုပ်အခြာအာဏာကို စောင့်ရှောက်သင့်တယ်” ဟု ဆိုသည်။ ထိုအတွေးအခေါ်များက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကို တာဝန်ယူသည့် စစ်ရေးအင်စတီကျူးရှင်းများ ပေါ်ပေါက်လာသည်။ ‘လူတွေကိုစိတ်မချရ’ဟူသောအမြင်ကြောင့် တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်သည့် ရဲတပ်ဖွဲ့လို ဌာနတွေ ဖွဲ့စည်းလာရခြင်း ဖြစ်သည်။

ဂျွန်လော့ခ် (John Locke) နှင့် ရူးဆိုး(Rousseau) တို့ကျတော့ လူတွေကို အကောင်းဘက်က အတော်များများကြည့်သည်။ ဂျွန်လော့က “နိုင်ငံတော်ဆိုတာ မိသားစုလိုပဲ.. မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ ကိုယ်စီတာဝန်ယူပြီး စုဖွဲ့နေထိုင်ကြတယ်.. ဒါပေမဲ့ ဘုံရည်မှန်းချက်ကတော့ မိသားစုအတွက် ၊ နိုင်ငံတော်အတွက် ဖြစ်တယ်..” ဟု ဆိုပြန်သည်။

“လူတွေဟာ တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြီးနိုင်ငယ်ညှင်းဘ၀က အရပ်ဘက်လူ့အဖွဲ့အစည်း ဖြစ်လာတယ်။ လူတွေ မကောင်းရင် ပြုပြင်ပေးဖို့ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်..။ အပြန်အလှန် တာဝန်သိတဲ့ လူ့အဖွဲ့အစည်း၊ အကျိုးတူနေထိုင်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ တရားမျှတမှုကို ရင်မှာထားပြီး ကိုယ်ကျင့်တရားလည်း ကောင်းဖို့ လိုတယ်”  ဟု ရူးဆိုးက ဆိုခဲ့သည်။ မှန်ပေသည် ။ လူပီသဖို့ ကိုယ်ကျင့်တရားကောင်းနေရုံနှင့် မပြီး ။တစ်ဖက်သားအပေါ် မျှမျှတတစဉ်းစားပေးဖို့ လိုအပ်နေသည်။ သူတို့နှစ်ဦးလုံးက တရားဥပဒေစိုးမိုးရေးကို ဇောင်းပေးကြသည်။ တရားဥပဒေစိုးမိုရေးမရှိလျှင် လူ့အခွင့်အရေးနှင့် နိုင်ငံသားလွတ်လပ်ခွင့်မရှိဟု ယုံကြည်ကြသည်။

လော့ခ်နှင့် ရူးဆိုးတို့ ယုံကြည်သည့် အရပ်ဘက်အဖွဲ့အစည်းအယူအဆက နောင်တစ်ချိန်တွင် “နိုင်ငံသားအခွင့်အရေးနှင့် တာဝန်များ” ဟူ၍ နိုင်ငံတိုင်းလိုလို၏  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲသည်အထိ အရေးပါလာသည်။ ယင်းသည် ဒီမိုကရေစီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျောက် လိုအပ်သော ဆင်ခြင်တုံတရား၊ အသက်ရှင်ပိုင်ခွင့်၊ ဥစ္စာဓနပိုင်ဆိုင်ခွင့်များအတွက် ပညာရေး၊စီးပွားရေး၊ ကျန်းမာရေးအင်စတီကျူးရှင်းများ တည်ဆောက်ရသည်။  လူတစ်ယောက်ဟာ အခြားတစ်ယောက်၏ရန်သူဆိုသော ‘ဟော့ဘ်’ ၏ အမြင်အတွက် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကာကွယ်ရေးဆိုင်ရာ စစ်ရေးအဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေ ထည့်သွင်းဖွဲ့စည်းရသည်။ သူနေရာနှင့် သူ အရေးပါကြသည်ချည်းပင်။ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ရန် ပညာလည်းလိုအပ်သလို ဆင်ခြင်တုံတရားလည်း လိုအပ်သည်။ ဆင်ခြင်တုံတရားမရှိလျှင် ပညာသည် အချည်းအနှီးဖြစ်တတ်လေသည်။

ဤတွင် လူတွေကို အကောင်းဘက်က မြင်သူရော အဆိုးဘက်က ကြည့်သူရော အပြုသဘောတည်ဆောက်မှုကို တွေ့ရသည်။ ထို့ကြောင့် လူကောင်းတွေအတွက် တက္ကသိုလ်များ အပါအ၀င် အင်စတီကျူးရှင်းတွေ ရှိသကဲ့သို့၊ လူဆိုးတွေအတွက် ထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းတွေ ရှိနေခြင်ကြောင့် မည်သူမှားသည်ဟု မဆိုသာ။ အကောင်းတွေ များလာအောင် ကြံဆောင်ရုံသာရှိသည်။

အပြုသဘောဆောင်သည့် အဆုံးအမ ဖြစ်ရန်

လူဆိုသည်မှာ ပတ်ဝန်းကျင်တွင် လူရာဝင်ဆန့်အောင် အချို့နေရာတွင် ကျိုးနွံမှုလိုအပ်သလို အချို့နေရာတွင် ဆုးံဖြတ်နိုင်စွမ်းရည် လိုအပ်သည်။ နေရာတကာကျိုးနွံလွန်လျှင် ‘ဟုတ်ကဲ့ လူသားများ’ (yes men) များ ဖြစ်လာပြီး ဆုံးဖြတ်ချက်ချမှုများတွင် အရာမ၀င်ဖြစ်တတ်လေသည်။ လေ့လာမှုများအရ အာဏာရှင် ကိုယ်ရည်ကိုယ်သွေးရှိသော သူများမှာ ငယ်စဉ်က ကြမ်းကြမ်းတမ်းတမ်း ဆုံးမခံရသူများဖြစ်ကြောင်း တွေ့ရသည်။ ပညာရှင်အချို့က ကလေးဘ၀တွင် မိသားစု၏ ဆုံးဖြတ်မှုများ၌ ဆန္ဒသဘောထားပေးခွင့်ရှိသည်ကို မှတ်မိသူများမှာ အရွယ်ရောက်ချိန်တွင် နိုင်ငံရေးသတ္တိစိတ်ဖြင့် ကြီးကျယ်ခမ်းနားစွာ အရွယ်ရောက်လာကြောင်း တွေ့ရှိခဲ့ကြသည်။

နိုင်ငံတော်တည်ဆောက်ရေးတွင် စိတ်ဓာတ်ဖြင့် တည်ဆောက်ရသဖြင့် အပြုသဘောစိတ်ဓာတ်များက အရေးပါလှသည်။ တစ်ခါက လူငယ်တစ်ဦး၏ ရုပ်ရှင်ရုံတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် ပတ်သက်သော အယူအဆကို လူမှုကွန်ရက်တွင် တင်ပြသည်။ အလေးမပြုဘဲ နေသည်မှာ ယင်း၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟု ဆိုသည်။ တကယ်တော့ နိုင်ငံတော်ကို ကိုယ်စားပြုတရားဝင်သတ်မှတ်ထားသော ‘နိုင်ငံတော်အလံကို လေးစားခြင်းမှာ နိုင်ငံသားအခွင့်အရေး မဟုတ် နိုင်ငံသားတာဝန်ဖြစ်သည်’။ ဘောလုံးအားကစားခြင်းကို လေထိုးထားသည့် သားရေလုံးကို ဟိုဘက် သည်ဘက်ကန်နေသည်ဟု မြင်နိုင်သည်။ သို့သော် ယင်းသည် ကမ္ဘာ့ဖလားအဆင့်အထိ ကစားနေသော တန်ဖိုးမြင့်အားကစားဖြစ်သည်။ ထိုကြောင့် နိုင်ငံတော်အလံ၏ တန်ဖိုးကို နိုင်ငံသားတစ်ယောက်အနေနှင့် အဆုံအဖြတ်ပေးရန်ပင် မသင့်။ တစ်ဝက်တစ်ပျက်အသိက မသိတာထက်ပင် အန္တရာယ်ပိုများသည်။ တကယ်တော့ မိဘနှင့် ဆရာပူးပေါင်း၍ မူလတန်းအလယ်တန်းကျောင်းသားအရွယ်ကပင် သိရမည့်ကိစ္စများ ဖြစ်ပေသည်။ စိတ်ပညာရှင်များအလိုအရ အသက်သုံးနှစ်မှ ၁၃ နှစ်အရွယ်အထိ သင်ကြားရန်အသင့်တော်ဆုံးဟု ဆိုသည်။ ကလေးကို တည်ဆောက်ရေးအမြင့်ဖြင့် ပြုပြင်ကာ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ လူလားမြောက်သည့်အခါ ကလေးငယ်ဘ၀က သူတို့ ရရှိခဲ့သည့်အရာကို ကမ္ဘာကြီးကို ပြန်ပေးတတ်၍ ဖြစ်သည်။ သူတို့အတွက် အပြုသဘောအမြင်က ပိုအရေးကြီးသည်။

ကျန်တစ်ဝက်ကို ဖြည့်ကြမည်

အခြားဝေးဝေး မကြည့်ပါနှင့်..။ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ အာဆီယံဒေသတွင်း ဆယ်နိုင်ငံအဆင့်တွင် ဘယ်အဆင့်မှာ ရှိသနည်းဟု ဂူဂဲခေါက်ကြည့်လိုက်ပါ။ ကဏ္ဍတိုင်းတွင် နံပါတ် ၉ နှင့် ၁၀ နေရာကို လာအို၊ ကမ္ဘောဒီယားတို့နှင့် အပြိုင်လုနေရသည်ကို တွေ့လိမ့်မည်။ မိမိတို့ အင်စတီကျူးရှင်းများသည် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရသေးသည်။ သို့သော် အချို့က အချင်းချင်းလက်ညှိုးထို၍ မပြီးနိုင်သေး။

မကောင်းလည်းမြင် အပြုသဘောလည်းမရှိသူက မကောင်းသည်များပင်ပြောကာ ပါးစပ်တွင် လမ်းဆုံးလေ့ရှိသည်။ ပြုပြင်ပေးမည့်သူက အပြစ်ကို ပြ၍ ကောင်းရာကိုညွှန်သည်။

ဆရာအောင်ထွဋ် ၏ ‘ဘီကာတစ်ခွက်မှ ရေတစ်ဝက်အမြင်’ ကို သတိရသည်။ ဆရာက ‘ရေတစ်ဝက်တောင် ကျန်သေးတယ်’ဟူသော အမြင်ကို ထားခဲ့သည်။ တာဝန်သိသူက ကျန်ရေတစ်ဝက်ကို ထပ်ဖြည့်သော် ကောင်းလေစွ..။ တကယ်တော့ အားလုံးတွင် တာဝန်ရှိနေသည်။ သို့သော် ညီညွတ်သော တည်ဆောက်ရေးအမြင် လိုသည်။ အပြန်အလှန်မနာလို ၀န်တိုသည့် ဣဿာမစ္ဆရိယတရားတွေက လောကအလှကို ဖျက်ဆီးမည့်အရာများဖြစ်သည်ကို သတိချပ်ရန်ဖြစ်ပါသည်။ နိုင်ငံတော်ကြီးလည်း ပြုပြင်လို့ရပါသေးသည်ဟု အပြုသဘော မြင်ပါသည်။ အစိုးရနှင့် အစိုးရအင်စတီကျူးရှင်းများ၊ ပြည်သူများ၊  မီဒီယာများက တည်ဆောက်ရေးအမြင်ဖြင့် နိုင်ငံတော်ကြီးကို ထိန်းကျောင်းပြုပြင်ရန် ဆန္ဒပြုလိုက်ပါသည်။ သို့သော် အချင်းချင်း အပြန်အလှန်လေးစားဖို့တော့ လိုပါသည်။ အဘယ့်ကြောင့်ဆိုသော် အပြန်အလှန်လေးစားမှု (Mutual Respect) ကသာ အပြုသဘောအမြင်ကို ပေါက်ဖွားစေပါသည်။

ထင်အောင်အောင်

Ref: Social Contract

(၁၈၊ ၁၁၊ ၂၀၁၈)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *