မြစ်နှင့် ကမ်းပမာ ရုပ်ရှင်ဆင်ဆာ

ဓာတ်ပုံ - မိုးကျော်လွင်

နိုင်ငံရေးစနစ်နှင့် လျော်ညီစေရန် တင်းကျပ်ရာမှ ဖြေလျှော့ပေးခဲ့ပြီးနောက် တစ်ဖန်ပြန်တင်းကျပ်ခဲ့သည်။ ယခုပြန်လည်ဖြေလျှော့ပေးရန် တောင်းဆိုကြရပြန်သည်။

တင်းရာမှလျှော့၊ လျှော့ရာမှတင်း သံသရာလည်နေသည်က ရုပ်ရှင်ဆင်ဆာ။

စာရေးဆရာမ (ဒေါ်) ကြည်အေး၏ မီဝတ္တုကို ယင်းဝတ္တုနာမည်အတိုင်း အသက်သွင်းရိုက်ကူးထားသည့် ‘မီ’ရုပ်ရှင်မှ အစပြု၍ ရုပ်ရှင်ဆင်ဆာဂယက်လှိုင်းပြန်ထန်လာသည်။

ရုပ်ရှင်ထုတ်လုပ်သူက ကိုယ်တိုင် ဆင်ဆာ လုပ်လိုက်ခြင်းဖြစ်သော်လည်း အများပြည်သူက နားလည်မှုလွဲကာ ဆင်ဆာအဖွဲ့ကို ဝေဖန်ပြစ်တင်ကြခြင်း ဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကအတွက် ‘မီ’ ပြဿနာမှာ အသစ်ဖြစ်သော်လည်း ဆင်ဆာကိစ္စမှာ ပြဿနာအဟောင်း ဖြစ်သည်။

ဆင်ဆာကို ပယ်ဖျက်စေလိုသည်အထိ သဘောထားရှိသူ ရုပ်ရှင်လောကသားများရှိသလို လက်ရှိအခြေအနေအရ ဆင်ဆာမူဝါဒဖြေလျှော့ပေးရန်လိုလားသူ လောကသားများလည်း ရှိသည်။

“ဂီတဆိုရင် စာပေစိစစ်ရေး မရှိတော့ဘူး။ ကဗျာမှာလည်း လွတ်လပ်စွာ ဖန်တီးလို့ ရတယ်။ ရုပ်ရှင်မှာပဲ လွတ်လွပ်စွာ ဖန်တီးခွင့်မရှိဘူး ဖြစ်နေတာ။ အဲဒီတစ်ခု ကတော့ စိတ်မကောင်းဖြစ်မိတယ်”ဟု ဝါရင့်သရုပ်ဆောင်ခင်လှိုင်က ဆိုသည်။

အဓိကထောက်ပြသည်မှာ ဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်သော လွတ်လပ်စွာဖော်ထုတ်ပြသခွင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသောကြောင့် ဆင်ဆာမူဝါဒကို ဖြေလျှော့၊ပယ်ဖျက်စေလိုခြင်းဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံ ကြွေးကြော်ထားပေမယ့် တင်းကျပ်တဲ့ မူဝါဒတွေနဲ့ ဖြတ်တောက်မှုတွေ ရုပ်ရှင်မှာ ပြုလုပ်နေမယ်ဆိုရင် ဒါသည် ဒီမိုကရေစီစံချိန်စံနှုန်းအရ အလွန်နိမ့်ပါးတယ်လို့ ကမ္ဘာ့ပညာရှင်တွေ သတ်မှတ်ကြပါတယ်”ဟု ယခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ဆင်ဆာမူဝါဒများ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။

ဆင်ဆာမူဝါဒကို ၁၉၆၂ခုနှစ်  နောက်ပိုင်းမှ စတင်ခဲ့ပြီး ယင်းအချိန်မှစ၍ ရုပ်ရှင်လောကကို ဆင်ဆာဖြင့် ချုပ်ကိုင်ခဲ့သည်။

ရုပ်ရှင်ဆင်ဆာမူဝါဒ အတင်းကျပ်ဆုံးကာလမှာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ဖြစ်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် ရုပ်ရှင်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေအရ ဆင်ဆာမူဝါဒအချက် ၁၀ သတ်မှတ်ကာ ယင်းသတ်မှတ်ချက်နှင့်  မညီသည့် ရုပ်ရှင်၊ ဇာတ်ကားများကို ရိုက်ကူး၊ပြသခွင့် ပိတ်ပင်ခဲ့သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု စတင်သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဆင်ဆာမူဝါဒကို ဖြေလျှော့ပေးရန် ရုပ်ရှင်လောကသားများက တောင်းဆိုခဲ့ကြပြီး ဆင်ဆာမူဝါဒ ၁၀ ချက်မှ လေးချက်ကို ပယ်ဖျက်ပေးခဲ့သည်။

ဆင်ဆာအဖွဲ့အဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၂၀၁၄ ခုနှစ်နှစ်ကုန်အထိ ဆင်ဆာမူဝါဒကို ဖြေလျှော့ပေးခဲ့သော်လည်း ယဉ်ကျေးမှု၊ဘာသာတရားနှင့် ငြိစွန်းမှု၊ စကားအပြောအဆို ကြမ်းတမ်းမှု၊ လိင်လှုံ့ဆော်မှု စသည့်ပြကွက်များ ပိုမိုများပြားလာသည့်အတွက်၂၀၁၅ ခုနှစ်မှ စတင်ကာ ဆင်ဆာမူဝါဒကို ပြန်လည်တင်းကျပ်လိုက်သည်။

“ရုပ်ရှင်ကားတွေက အရင်ကထက် အရေအတွက် များပြားလာတာနဲ့အမျှ ဝေဖန်မှုတွေက ပိုများလာတယ်။ ပြည်သူတွေဘက်က ဝေဖန်တဲ့ အချက်တွေက မောင်နဲ့ အစ်မ၊ သားနဲ့ အမိ ကြည့်လို့မရတဲ့ ဇာတ်လမ်းတွေ၊ မြန်မာကားတွေကို  လက်ဖက်ရည်ဆိုင်မှာ ဖွင့်တဲ့အသံကိုပဲ နားထောင်တယ်။ ရုပ်မကြည့်ဘဲနဲ့တောင် စွဲမက်စရာမကောင်းဘူး”ဟု မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းနိုင်က ဆိုသည်။

ရုပ်ရှင်လောက၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကိုယ်တိုင်ဆင်ဆာ ထိန်းသိမ်းခြင်းဖြင့် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ် ရိုက်ကူးနိုင်မည်ဆိုပါက ဆင်ဆာအဖွဲ့အနေနှင့် ပြင်ဆင်တည်းဖြတ်ရန် ထောက်ညွှန်ဖော်ပြရမှုမှာ နည်းပါးသွားမည် ဖြစ်ကြောင်း ၎င်းက ဆင်ဆာမူဝါဒဆွေးနွေးပွဲတွင် အကြံပြုပြောကြားသည်။

သို့ရာတွင် ဆင်ဆာမူဝါဒတင်းကျပ်မှုကို ဖြေလျှော့ပေးခဲ့သည့် ကာလအတွင်း ရုပ်ရှင်လောကသားများအနေနှင့် ယင်းအချက်ကို အခွင့်အလမ်းတစ်ရပ်အဖြစ် အမှန်တကယ်ဆုပ်ကိုင်နိုင်ခြင်း ရှိ၊မရှိကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်နှစ်ကုန်အထိ ရုပ်ရှင်ရုံများတွင် ပြသခဲ့သော မြန်မာ့  ရုပ်ရှင်များ၏ အရည်အသွေးကို ကြည့်ပြီး အဖြေထုတ်လျှင် တစ်စွန်းတစ်စသိနိုင်မည် ဖြစ်သည်။

ထိုကာလက ထွက်ရှိခဲ့သည့် ရုပ်ရှင်အများစုမှာ ဟာသဇာတ်ကားများဖြစ်ပြီး ရုပ်ရှင်ကြည့်ပရိသတ်၏ ဝေဖန်မှုများစွာ  ခံခဲ့ကြရသည်။

အထူးသဖြင့် အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုရန်သင့်သော ဇာတ်ဝင်ခန်းများ၊ မိသားစုအတူကြည့်ရန် မသင့်သော ဇာတ်ဝင်ခန်းများ၊ လိင်ခွဲခြားနှိမ်ချမှု၊ လူမျိုးရေးခွဲခြားနှိမ်ချမှုဇာတ်ဝင်ခန်းများကို ရိုက်ကူးပြသခွင့်ပြုထားခြင်းကို ပြည်သူများက ဝေဖန်ကြခြင်းဖြစ်သည်။

“ကြည့်ဖူးခဲ့တဲ့ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုအများစုမှာ ဂေး(မိန်းမလျာ)ဆိုရင် အမြဲနန့်နန့်တက်၊ စပ်စလူး ဖြစ်ခိုင်းမယ်။ အသားမည်းသူဆိုရင် နွားနို့ပို့ကုလား လုပ်ခိုင်းပြီး ဟာသလိုလိုနဲ့ နှိမ့်ချရိုက်ပြမယ်။ မသန်စွမ်းတွေဆိုလည်း အမြဲလိုလို ရူးသလို ပေါသလို ဇာတ်ရုပ်လုပ်ခိုင်းမယ်။ ဒါတွေကို ဟာသအနေနဲ့ မြင်ပေးပါလို့ ပြောနေ၊ ရိုက်နေတဲ့သူတွေကမှ တကယ့်ဟာသ အစစ်ပဲ”ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ အဝေးသင်တက္ကသိုလ်ဒုတိယနှစ်ကျောင်းသား ကိုညီညီဇော်က မှတ်ချက်ပေးသည်။

သို့သော် ယမန်နှစ်က ရုံတင်ပြသခဲ့သော ‘ည’ရုပ်ရှင်မှ စတင်ခဲ့သည့် မြန်မာ့ ရုပ်ရှင်လောကပြောင်းလဲရေးလှိုင်းမှာ ‘ဥပါယ်တံမျဉ်’ရုပ်ရှင်တွင် ပိုမိုအားကြီးလာပြီး ယခုအခါအရည်အသွေးရှိသော ရုပ်ရှင်များကို ဖန်တီးထုတ်လုပ်လာကြပြီ ဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောက၏ ပြုပြင်ပြောင်းလဲမှုအရှိန်ရလာချိန်တွင် ဆင်ဆာမူဝါဒ ရှိသင့်၊မရှိသင့်နှင့် ဆင်ဆာခွင့်ပြုသင့်သည်ကို ခွင့်မပြု၊ ခွင့်မပြုသင့်သည်ကို ခွင့်ပြုနေသည်ဆိုသော ဝေဖန်ချက်များ ပေါ်ထွက်လာသည်။

ဆင်ဆာမူဝါဒမှ လွတ်ကင်းလာသည့် အဆိပ်အတောက်ဖြစ်စေသော ပေါကားများစွာရှိသလို တစ်ဖက်တွင် အနုပညာဖန်တီးမှုအရ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းအချို့ ဆင်ဆာငြိခဲ့ရသည်များလည်း ရှိသည်။

“ရုပ်ရှင်ကို ရုပ်မြင်သံကြားနဲ့ တန်းတူဆင်ဆာလုပ်နေပုံရတယ်။ အားလုံးကြည့်လို့ရအောင် ကလေးတွေကအစ လူကြီးတွေ အဆုံး ကြည့်ဖို့လုပ်တဲ့အချိန်မှာ ရုပ်ရှင်အတွက်ကျတော့ အဆင်မပြေလောက်ဘူး။ ရုပ်ရှင်ကျတော့  Entertainment ထက်အနုပညာကို ဖော်ပြတဲ့အရာ ပိုဖြစ်သွားတယ်။ မုဒြာဆိုရင် ဆင်ဆာပြဿနာ ရှိခဲ့ဖူးပါတယ်”ဟု သရုပ်ဆောင်ဇဏ်ခီက မှတ်ချက်ပေးသည်။

နောက်တစ်ချက်မှာ ဆင်ဆာအဖွဲ့နှင့် ရုပ်ရှင်လောကသားများအကြား ရှုမြင်ပုံနှင့် နားလည်မှုလွဲခြင်းဖြစ်သည်။

ယင်းမှာ ဇာတ်ကားတစ်ခုမရိုက်ကူးမီ ခွင့်ပြုချက်တင်ရမည်ဖြစ်သော်လည်း အချို့ဇာတ်ကားများကို ရိုက်ကူးပြီးစီးမှ ရုံတင်ပြသခွင့်ရရန် ဆင်ဆာအဖွဲ့သို့ တင်ပြလာခြင်းမျိုး ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် ဆင်ဆာအဖွဲ့က ထောက်ပြသည့် ပြင်ဆင်တည်းဖြတ်ရမည့်အချက်များကို ဖြတ်တောက်ရိုက်ကူးရန် အခက်အခဲများ ကြုံခဲ့ရသည်။

“အဓိကတော့ ဆင်ဆာတွေကို လျှော့ပေးစေချင်တာထက် ဇာတ်ကားတစ်ကားကို မရိုက်ခင်ကတည်းက ဆင်ဆာ  တင်ရတယ်။ အဲဒီလိုမျိုး ဆင်ဆာတင်ကတည်းက ထောက်ညွှန်ချက်တွေကို ပေးစေချင်တယ်။ ရိုက်ပြီးတော့မှ ထပ်ဖြတ်တာဆိုရင်တော့ အာရုံနောက်တာပေါ့”ဟု သရုပ်ဆောင်နေတိုးက ဆိုသည်။

သို့သော် တည်ဆဲဥပဒေအရ လက်ရှိအချိန်ထိ အသက်ဝင်နေသော ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လုပ်ကိုင်နေရသော ဆင်ဆာအဖွဲ့တွင်လည်း ကန့်သတ်ချက်များ ရှိနေသည်။

“ဇာတ်လမ်းခွင့်ပြုချက်လည်း မတင်ဘူး။ ရိုက်ကူးရေးခွင့်ပြုချက်လည်း မယူဘဲနဲ့ ရိုက်လာခဲ့တယ်။ မင်းသားဆီက ရိုက်ရက်ရလို့၊ ဒါရိုက်တာနဲ့ အဆင်ပြေလို့၊ အဲဒီလိုမျိုးတွေ ရိုက်လာတယ်။ ရိုက်ကူးရေးမကျခင် သူ့ဘာသာ ကြိုက်သလို ရိုက်လာခဲ့ပြီးတော့မှ ဆင်ဆာကို လာတင်တယ်။ ရိုက်ပြီး သွားတော့မှ ကျွန်မတို့က အကြံပေးတာကို သူတို့က ပြန်မပြင်နိုင်တော့ဘူး”ဟု ဆင်ဆာအဖွဲ့ဝင်ဒေါ်ဆွေဇင်ထိုက်က ရှင်းပြသည်။

ထို့ကြောင့်ပင် ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားတစ်ခုရိုက်ကူးပြီးစီးသွားသော်လည်း ရုံတင်ပြသခွင့် မရခဲ့ပေ။

“တင်တဲ့ဇာတ်လမ်းနဲ့ ခွင့်ပြုထားတဲ့ဇာတ်လမ်းက တခြားစီဖြစ်နေတယ်။ တော်တော်များများ ခွင့်ပြုပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းရှိတယ်။ စည်းကိုတော့ မကျော်ကြရင် ကောင်းမယ်။ ကျွန်မတို့လည်း စည်းမကျော်အောင် အမြဲနေတယ်။ ကျော်လာခဲ့ရင် ကျွန်မတို့ မခံဘူး”ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။

ဆင်ဆာမူဝါဒကို ရုပ်ရှင်လောကသားများ တောင်းဆိုသကဲ့သို့ ဖြေလျှော့ပေးရန် ခက်ခဲလျှင် တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးရန်နှင့် ဆွေးနွေးအဖြေရှာရန်လိုကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။

“ဒီစားပွဲမှာ ထိုင်ရင်၊ ဒီတာဝန်ကို ယူရင် ဖြတ်ကို ဖြတ်ရမယ်ဆိုတဲ့ Mindset ကြောင့်ပါ။ အဲဒီတော့ ကျွန်တော်တို့ ဆုံမှတ် တစ်ခုကို စဉ်းစားရမှာပါ။ ကျွန်တော်တို့တွေ တိုက်ခိုက်နေမယ်ဆိုရင် အဖြေပေါ်မှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

စိတ်ကူးကွန့်မြူးဖန်တီးလိုသည့် ရုပ်ရှင်လောကသားများနှင့် ယင်းတို့ကို သတ်မှတ်ထားသောစည်းကမ်းမှ ကျော်လွန်မသွားရန် ထိန်းသိမ်းရသော ဆင်ဆာအဖွဲ့ကြားတွင် လုပ်ငန်းသဘောအရ အပြန်အလှန်ဝေဖန်မှုမှာ အမြဲတစေရှိနေဦးမည် ဖြစ်သည်။

တစ်ဖက်တွင် စစ်အစိုးရခေတ်က ပြဋ္ဌာန်းထားသော ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လက်ရှိအချိန်ထိ ဆောင်ရွက်နေခြင်းမှာ ခေတ်နှင့် လျော်ညီမှုမရှိကြောင်း ထောက်ပြစရာ ဖြစ်သည်။

ယင်းအချက်ကို ဖြေရှင်းနိုင်မည့် အဓိကအချက်မှာ ရုပ်ရှင်ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရေးနှင့် အသက်အရွယ်အလိုက် ပြသခွင့်ပြုသည့်စနစ် (Rating System)  ပေါ်ထွက်လာရေးပင် ဖြစ်သည်။

“Rating System မလာခင် ရုပ်ရှင်ဥပဒေကို အတည်ပြုချက်ရဖို့ လိုတယ်။ ရုပ်ရှင်ဥပဒေ အတည်ပြုချက်ရရင် နည်းဥပဒေကို အတည်ပြုရမယ်။ အဲဒီ နည်းဥပဒေထဲမှာမှ Rating System ကို ဘယ်လိုလုပ်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်”ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။

ရုပ်ရှင်လောကသားများကလည်း  Rating စနစ်ကို ပြောင်းလဲနိုင်ရန် တောင်းဆိုကြသည်။

ရုပ်ရှင်ဥပဒေကြမ်းရေးဆွဲသည်မှာ သုံး၊ လေးနှစ်ကြာမြင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသလို Rating စနစ်ပြောင်းလဲရန်မှာလည်း အပြောလွယ်သလောက် လုပ်ရန် ခက်ခဲသည့် အခြေအနေပင်။

“ကျွန်တော်တို့ ပြောနေတဲ့ Rating System ဆိုတာ ပြောတာလွယ်ပါတယ်။ လုပ်ရတဲ့အခါမှာ တော်တော်ခက်ခဲတဲ့  အလုပ်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့က နောက်ဆုံး ဒီလမ်းကိုပဲ သွားရမှာလေ”ဟု ဒါရိုက်တာအာကာက ဆိုလေသည်။

ဆုအိနြေ္ဒ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *